ငါးချဉ်၏ ကောင်းကျိုးဆိုးကျိုးများး
ငါးချဉ်ဟာ မြန်မာ့ဟင်းလျာ တစ်မျိုးဖြစ်ပါတယ်။ ရှေးအစဉ်အဆက်ကတည်းက နှစ်သက်စွာ စားသုံးခဲ့ကြပါတယ်။ တစ်နိုင်တစ်ပိုင် အိမ်မှာလုပ်ကြတာရှိသလို တကယ့် နိုင်ငံကြော်တံဆိပ်တွေလည်း ရှိပါတယ်။ ငါးချဉ်၊ ငါးဖယ်ချဉ်၊ ပုဇွန်ချဉ်၊ ငါးကလေးချဉ် စသဖြင့် အမျိုးအစား မျိုးစုံရှိပါတယ်။ သူဟာနဲ့သူတော့ အရသာရှိကြတာချည်းပါပဲ။ ဒီတိုင်း အစိမ်းသုပ်စားလို့ရသလို၊ ကြော်စားချက်စား နည်းမျိုးစုံ လုပ်စားလို့ရပါတယ်။ တော်တော်များများ နှစ်သက်ကြတဲ့ ငါးချဉ်မှာ ကျန်းမာရေး အရ ကောင်းကျိုးဆိုးကျိုးတွေ ဘာတွေရှိသလဲဆိုတာလေး မျှဝေချင်ပါတယ်။
ကောင်းတဲ့ အချက်ကတော့ ငါးနဲ့ပြုလုပ်ထားတာ ဖြစ်တဲ့ အတွက် ဗီတာမင် D နဲ့Omega 3 ကြွယ်ဝပါတယ်။ နှလုံးရောဂါနဲ့ကင်ဆာ အချို့ကိုတောင် ကာကွယ်နိုင်တယ်လို့ပြောကြပါတယ်။ ငါးများများ စားခြင်းက ကျန်းမာရေးနဲ့အလွန်သင့်တော်တယ်ဆိုတာ လူတိုင်းသိပြီးသားဖြစ်ပါတယ်။ ငါးဟာ အသားဓာတ် ပရိုတိန်းကြွယ်ဝတာကြောင့် လုံလောက်တဲ့ အသားဓာတ်ကို ရှရှိစေပါတယ်။ ငါးမှာ ပါဝင်တဲ့ အဆီဟာ မပြည့်ဝဆီဖြစ်တာကြောင့် သွေးတွင်း မကောင်းတဲ့ အဆီ Triglyceride များခြင်းကို လျော့ကျစေပါတယ်။ နှလုံးကျန်းမာရေး အတွက် ကောင်းမွန်ပါတယ်။ ဗီတာမင် D နဲ့ပရိုတိန်းဓာတ်ဟာ အရိုးအဆစ်ကြီးထွားဖို့အားပေးပါတယ်။ ကိုယ်ခံအားကို ကောင်းစေပါတယ်။
ငါးချဉ် တရုတ်ပန်းကန်လုံး တစ်လုံးခန့်မှာ ကယ်လိုရီ ၇၀ ခန့်ပါဝင်ပြီး၊ အသားဓာတ် ၆-၇ဂရမ်၊ Vitamin A, Vitamin D, B3, Omega 3, Selenium, B12 တို့ပါဝင်ပါတယ်။ ချင့်ချိန်စားမယ်ဆိုရင် ကောင်းကျိုးတွေ ရနိုင်ပါတယ်။ ဆိုးကျိုး အနေနဲ့ပြောရရင်တော့ ငါးချဉ်ဟာ ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ အစားအစာ ဖြစ်တာကြောင့် လတ်လတ်ဆတ်ဆတ် ငါးထက်တော့ ပိုမကောင်းပါဘူး။ သဘာဝအတိုင်း လတ်ဆတ်တဲ့ အစားအစာတွေကသာ အကောင်းဆုံး ဖြစ်ပါတယ်။ ကြာရှည်ခံအောင် လုပ်ရတဲ့ အတွက် ဆားတွေ များများ ထည့်ရပါတယ်။ သွေးတိုးရှိတဲ့သူတွေ မသင့်တော်ပါဘူး။ ဆားများများ စားခြင်းမှာ ဆိုးကျိုးတွေ အများကြီး ရှိပါတယ်။ သွေးတိုးရဲ့နောက်ဆက်တွဲ နှလုံးရောဂါ၊ လေဖြတ်တာတွေ ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်ကတော့ ကြာရှည်ခံစေတဲ့ Nitrate တွေ ပါဝင်တာကြောင့် ဓာတ်မတည့်တာတွေ ဖြစ်တတ်ပါတယ်။ အရေပြား ယားယံတာ၊ အင်ပြင်ထတာ၊ အသက်ရှုကျပ်တာတွေ ဖြစ်တတ်ပါတယ်။ ကလေးတွေကို မကျွေးသင့်ပါဘူး။ ဓာတ်မတည့်ရောဂါ အခံရှိသူတွေလည်း မစားသင့်ပါဘူး။ စိတ်ရောဂါ အတွက် ဆေးဝါးဖြစ်တဲ့ MAOI သောက်နေရတဲ့ သူတွေလည်း ရှောင်သင့်ပါတယ်။ Tyramine ပါဝင်တာကြောင့် ဆေး နဲ့reaction ဖြစ်တတ်ပါတယ်။ ဆိုးဆေးတွေကလည်း ကျန်းမာရေး အရ လုံးဝမသင့်တော်ပါဘူး။ ဆိုးဆေးပါတဲ့ ငါးချဉ်တွေဆို ရှောင်ပါ။
အနှစ်ချုပ်ရရင်တော့ လတ်ဆတ်တဲ့ အသားငါး တွေကို ပိုပြီး ရွေးချယ်စားသုံးသင့်ပါတယ်။ ငါးချဉ်ကြိုက်တတ်တဲ့ သူတွေကတော့ မိမိကျန်းမာရေးနဲ့သင့်မသင့်ချင့်ချိန်ပြီး စားကြဖို့အကြံပြုလိုပါတယ်။ စားမယ်ဆိုရင်လည်း သန့်တဲ့ ငါးချဉ်၊ ဆိုးဆေးတွေ မပါတဲ့ ငါးချဉ်၊ ဆားနည်းတဲ့ ငါးချဉ်၊ အချိုမှုန့်မပါတဲ့ အမျိုးအစားကို သာ ရွေးချယ်စားသုံးကြဖို့အကြံပြုလိုပါတယ်။ ကလေးတွေနဲ့ဓာတ်မတည့်တဲ့ သူတွေအတွက်ကတော့ ရွေးချယ်သင့်တဲ့ အစားအစာ တစ်ခုမဟုတ်ပါဘူး။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။