မိန်းမကိုယ် အဖြူဆင်းခြင်း

အမျိုးသမီးတွေဟာ မကြာခဏဆိုသလို အဖြူဆင်းတဲ့ ပြဿနာရှိတတ်ကြပါတယ်။ အဖြူဆင်းတဲ့ အချိန်တိုင်းလည်း ရောဂါတစ်ခုခုဖြစ်နေမှာ စိုးရိမ်တတ်ကြပါတယ်။ ဒါကြောင့် အဖြူဆင်းတတ်တဲ့ အကြောင်းတွေ၊ ဘယ်အချိန်ဆိုရင် ဆရာဝန်နှင့် ပြသသင့်တယ်ဆိုတာကို သိထားသင့်ပါတယ်။

အဖြူဆင်းတယ်ဆိုတာ ဘာလဲ။

  • အမျိုးသမီးတွေမှာ ကလေးမွေးဖွားဖို့လိုအပ်တဲ့ သားဥအိမ်၊ သားဥပြွန်၊ သားအိမ်၊ သားမွေးလမ်းကြောင်း ပါပါတယ်။ ထိုသားမွေးလမ်းကြောင်းဟာ အိမ်ထောင်ပြုသားမွေးတဲ့အရွယ်မှာ မဟော်မုန်း အီစတိုဂျင်ရဲ့ အလုပ်လုပ်မှုအောက်မှာ ရှိနေပါတယ်။ ထိုအချိန်မှာ အက်ဆစ်ဓာတ် PH ၃.၅-၄.၅ မှာ ရှိနေပြီး လက်တိုဘတ်စလက်လို့ခေါ်တဲ့ အကျိုးပြုပိုးမွှားတွေ နေထိုင်ပါတယ်။ သားဥကြွေချိန်တွေမှာ သားအိမ်ခေါင်းကနေ အချွဲတွေ ပိုထုတ်ပြီး ထိုအချွဲတွေ၊ သားမွေးလမ်းကြောင်းက ဆဲလ်အသေလေးတွေ၊ အကျိုးပြုပိုးမွှားတွေ နဲ့ အရည် ပေါင်းပြီး မိန်းမကိုယ်ကဆင်းလာတာကို အဖြူဆင်းတယ်လို့ခေါ်ကြပါတယ်။
  • တစ်ခါတစ်ရံ သွေးဆုံးပြီး အမျိုးသမီးကြီးတွေမှာ သားအိမ်နဲ့ သားမွေးလမ်းကြောင်းတို့ ကျုံ့လာခြင်းကြောင့်လည်း အဖြူဆင်းတတ်ပါတယ်။
  • အများအားဖြင့် သားဥကြွေချိန်နဲ့ ရာသီသွေးမပေါ်ခင် ၂ရက် ၃ရက် အလိုလောက်မှာ အဖြူဆင်းလေ့ရှိပါတယ်။ ဒါတွေက ပုံမှန် အဖြူဆင်းခြင်းလို့ခေါ်ပါတယ်။

အဖြူဆင်းခြင်းကို အကြမ်းအားဖြင့် ၂မျိုး ခွဲနိုင်ပါတယ်။

၁။ ပုံမှန် အဖြူဆင်းခြင်း- အဖြူဆင်းတဲ့ ပမာဏနည်းတယ်၊ ယားယံခြင်း၊ နာကျင်ခြင်း မရှိဘူး၊ အနံအသက် မရှိဘူးဆို ဒါဟာပုံမှန်ပါဘဲ။ စိတ်ပူစရာမလိုပါ။

၂။ ပုံမမှန် အဖြူဆင်းခြင်း –

  • ပမာဏများမယ် (အတွင်းခံစိုမယ်၊ ပေါင်ထိစီးကျလာမယ်)။
  • ယားမယ်၊ နာမယ်။ ဆီးသွားရင် နာမယ်။
  • ပျစ်ချွဲချွဲ အဖတ်အဖတ်တွေဖြစ်ပြီး စိမ်းဖန်ဖန် အဝါရောင်ရှိမယ်။
  • အနံဆိုးမယ် ဆိုရင် တော့ ပုံမမှန်အဖြူဆင်းခြင်းလို့ခေါ်ပါတယ်။

ပုံမမှန် အဖြူဆင်းခြင်း ဖြစ်ရတဲ့ အကြောင်းတွေကတော့

  • မိန်းမကိုယ်ပိုးဝင်ခြင်း- (မှိုစွဲခြင်း၊ လိင်မှတစ်ဆင့် ကူးစက်သော ပိုးဝင်ခြင်း စသည်)
  • အသက်ကြီးသူများတွင် သားအိမ်ခေါင်းကင်ဆာစသည်တို့ကြောင့် ဖြစ်နိုင်ပါတယ်။

ထို့ကြောင့် ပုံမမှန်အဖြူဆင်းတယ်လို့ သံသယရှိရင် နီးစပ်ရာ ဆရာဝန်နှင့် တိုင်ပင်၍ ကုသမှုခံယူသင့်ပါသည်။

ရီချို(ဆေး ၁)