နို့တိုက်မေမေတို့ဖျားတဲ့အခါ???

ရင်သွေးငယ်ကလေးများကို နေ့စဉ်မပြတ်စောင့်ရှောက်နေရသောနို့တိုက်မိခင်တို့ဖျားနာတဲ့အခါမှာ ကလေးကိုကူးမှာစသဖြင့် အစိုးရိမ်လွန်ကဲကာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်တတ်ကြပါတယ်။ ဒါကြောင့်နို့တိုက်မိခင်တို့ ပူပန်မလွန်ရအောင် မေမေတို့ဖျားနာတဲ့အခါဘာတွေဆောင်ရ၊ရှောင်ရမလဲဆိုတာလေးတွေကိုပြောပြပေးချင်ပါတယ်။

နို့တိုက်မေမေတို့ဖျားတဲ့အခါ ဘာတွေလုပ်ကြမလဲ???

၁။မိခင်နို့ကိုဆက်တိုက်ပါ။ မိခင်ဖျားနာနေသော်လည်း မိခင်နို့မှာပါတဲ့အာဟာရနဲ့ ပဋိပစ္စည်းတွေဟာ ကလေးငယ်တွေရဲ့ ကိုယ်ခံစွမ်းအားကိုမြင့်တက်စေပါတယ်။ ဒါကြောင့် မေမေတို့ဖျားနေသော်လည်း နို့ချိုကိုဆက်လက်တိုက်ကျွေးပေးပါ။ အကယ်၍မိမိမှာနို့မတိုက်နိုင်အောင်ဖျားနာနေပါက နို့ကိုနို့ဘူးထဲသို့ညှစ်၍တိုက်ပေးနိုင်ပါတယ်။

၂။မေမေတို့နှာချေ ချောင်းဆိုးလျှင်လက်ကိုင်ပဝါသုံးပါ၊လက်ကိုမကြာခနဆေးပေးပါ။ ကလေးအသုံးအဆောင်ပစ္စည်းများ(နို့ဘူး၊ရေခွက် စသည်)တို့ကို နေ့စဉ်ဆေးကြောပါ။ မိခင်တို့အသုံးပြုသောလက်ကိုင်ပဝါ၊အဝတ်အစားများကို သေချာစွာလျှော်ဖွတ်ပါ။

၃။အိမ်မှာရှိသောစားပွဲ၊ကုလားထိုင်၊ပန်းကန်ခွက်ယောက်များတွင် မိမိနှာချေ၊ချောင်းဆိုးတဲ့အခါ ရောဂါပိုးမွှားများကပ်တင်နေနိုင်သောကြောင့် နေ့စဉ်ဆေးကြောသန့်စင်ပေးဖို့လိုပါတယ်။

၄။အဖျားကျဆေး၊ပိုးသတ်ဆေးအချို့ဟာ ကလေးငယ်အတွက်ရော၊နို့တိုက်မိခင်အတွက်ပါ အဆင်မပြေတာ၊မသင့်တော်တာတွေရှိတာကြောင့် ဆရာဝန်နှင့်ပြသပြီးမှသောက်သင့်ပါတယ်။

၅။ကိုက်ခဲဖျားနာဆေးများအနေနဲ့ Biogesic လို ပါရာစီတမောဟာတော့ ကိုယ်ဝန်ဆောင်ချိန်မှာရော၊နို့တိုက်ချိန်မှာပါ အလုံခြုံစိတ်အချရဆုံးဖြစ်ပါတယ်။ ညွှန်ကြားချက်အတိုင်း သောက်သုံးပေးနိုင်ပါတယ်။ ထိုမှမသက်သာပါက နီးစပ်ရာဆရာဝန်နှင့်ပြသပြီးကုသမှုခံယူသင့်ပါတယ်။

၆။ရေများများသောက်ပါ။ ရေများများသောက်ခြင်းဟာ ဖျားနာခြင်းကြောင့်ဆုံးရှုံးသွားတဲ့အရည်ဓါတ်ကိုပြန်လည်ဖြည့်တင်းပေးပြီး လူကိုအမြန်ပြန်လည်ကျန်းမာစေပါတယ်။

၇။အစားအစာကိုဝင်အောင်စားပေးပါ။ အာဟာရပြည့်ဝသောအစားအစာများကို ဖျားနာနေချိန်မှာဝင်အောင်စားပေးသင့်ပါတယ်။ အစားအသစာများကို ပူပူနွေးနွေး၊အစာကြေလွယ်အောင်စီမံချက်ပြုတ်စားသောက်ပေးပါ။

၈။အိပ်ရေးဝဝအိပ်ပေးပါ။ အိပ်ရေးဝဝအိပ်ခြင်းက လူကိုလန်းဆန်းအားပြည့်စေပြီး အဖျားကြာရှည်ခြင်းကိုလျော့နည်းစေနိုင်ပါတယ်။ဒီလောက်ဆို နို့တိုက်မေမေတို့ ဖျားနာတဲ့အခါဘာတွေဆောင်ရ၊ရှောင်ရမလဲဆိုတာ မိခင်တို့သိရှိကြပြီထင်ပါတယ်။

မေမေရော ကလေးတို့ပါ ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။

dr.ye’lwin mm