ဆီးချိုသမားများ ရွေးချယ်စားပါ၊ ကောင်းဆိုးနှစ်ဖြာ(၁)

ဆီးချိုရောဂါ ရှိပြီလို့ အပြောခံလိုက်ရတာနဲ့ အနည်းနဲ့အများ စိတ်ဓာတ်ကျရတယ်ဆိုတာ ပြောစရာမလိုပါဘူး။ စားချင်တာမစားရ၊ ဆေးကို လည်း သေသည်အထိ စွဲသောက်ရမယ် ဆိုတဲ့အသိတွေက ဒုက္ခပေးတယ်လေ။

ဒါပေမယ့် ဆီးချိုသမားများ စိတ်ဓာတ်မကျ ကြပါနဲ့ဦး။ စားချင်တာအားလုံးမစားရတော့မှာ မဟုတ်ပါဘူး။ အစာမျိုးစုံကို သတိမထား ဂရုမစိုက်ဘဲ စားသောက်နေထိုင်တဲ့ပုံစံကနေ ကျန်းမာညီညွတ်တဲ့ အစားအသောက်ပုံစံ ရွေးချယ်စားသောက်ရုံလောက်ပါပဲ။

၁။ ကစီဓာတ်

ကစီဓာတ်လျော့စားရမယ်ဆိုပေမယ့် ကစီဓာတ်က ခန္ဓာကိုယ်အတွက် နေ့စဉ် လိုအပ်တဲ့အာဟာရဖြစ်တဲ့အတွက် သေချာရွေးချယ်စားရပါမယ်။

ရွေးချယ်သင့်တာက

  • ဆန်လုံးညို၊ oat ဂျုံနှင့် ပြုလုပ်ထားသောအစာများ၊ ကောက်နှံထွက်အစာများ
  • ကန်စွန်းဥ
  • သကြားမပါ သို့ အနည်းငယ်သာ ပါဝင်သော ဂျုံဖြင့်ပြုလုပ်ထားသောအစားအစာများ ဖြစ်ပြီး

ရှောင်သင့်တာကတော့

  • ဆန်၊ ဖွေးဖွေးဖြူအောင် ဖွပ်ထားသောဆန်နှင့် ဂျုံနုများ
  • သကြားများစွာထည့်၍ ပြုလုပ်ထားသော မနက်စာ cereal ခေါ် ဂျုံဖြင့်ပြုလုပ်ထားသောအစားအစာများ
  • ပေါင်မုန့်ဖြူ
  • အာလူးချောင်းကြော်များ တို့ဖြစ်ကြပါတယ်။

၂။ အသားဓာတ်

အသားဓာတ်အတွက်က ရွေးချယ်စရာတွေ အများကြီးပါ။

အဲဒီထဲကမှ

  • အပင်ထွက် အသားဓာတ်ရစေတဲ့ ပဲအမျိုးမျိုး၊ အစေ့အဆံအမျိုးမျိုး နှင့် တို့ဖူး
  • ငါးနှင့် ပင်လယ်စာများ
  • ကြက်သားနှင့် အခြားအသားများ ( အဆီမပါသော ရင်အုံသားကို ပိုစားသင့်ပါတယ်၊)
  • ဥအမျိုးမျိုးနှင့် အဆီလျော့ထားသော နို့ထွက်ပစ္စည်းများကို စားသုံးသင့်ပါတယ်။

ရှောင်ကြဉ်သင့်သော အသားများ

  • ကြက်အရေခွံ၊ ဝက်အခေါက်၊ နံရိုးသားများ၊ သုံးထပ်သားတွေကို ရှောင်ပါ။
  • ကြော်ထားသောအသားများ၊ ငါး၊ တို့ဖူးများ
  • ဝက်ပေါင်ခြောက်
  • ဒိန်ခဲ

၃။ ဘယ်ဆီအမျိုးအစားသုံးရမှာလဲ။

  • သဘာဝဟင်းသီးဟင်းရွက်မှရသော အဆီများ (မြေပဲ၊ ထောပတ်သီး၊ အစေ့များ)
  • အိုမီဂါ ၃ ဖက်တီးအက်ဆစ်ပါဝင်တဲ့ တူနာ၊ ဆယ်လ်မွန်ငါးများ
  • သံလွင်ဆီ၊ စပျစ်စေ့မှရသော အဆီများ

၎။ နို့ထွက်ပစ္စည်းများ

  • အဆီထုတ်ထားသော သို့ ၁ ရာခိုင်နှုန်းအထိ လျော့ထားသောနို့၊ အဆီနည်းသော ဒိန်ချဉ်၊ ဒိန်ခဲ၊ ခရင်များကို ဆီးချိုသမား ပိုစားသောက်သင့်ပါတယ်။
  • ပုံမှန် နွားနို့၊ ဒိန်ခဲ၊ ဒိန်ချဉ်၊ ရေခဲမုန့်တွေကိုတော့ ရှောင်ကြဉ်ရမှာပေါ့။

ဟင်းသီးဟင်းရွက်တွေဟာ ဆီးချိုသမားတွေအတွက် အကောင်းဆုံးဆိုပေမယ့် မစားတတ်ရင် လည်း ဆီးချိုပိုတက်တတ်ပါတယ်။ အပိုင်း ၂ မှာ ဆက်လက်ဆွေးနွေးပါမယ်။

ရီချို(ဆေး ၁)