ဘယ်ဆရာဝန်နဲ့ ပြရပါ့။

ယနေ့ခေတ် ပေါများလာတဲ့ ဆေးရုံတွေနဲ့အတူ ဆရာဝန်တွေကလည်း အမျိုးမျိုးသောနယ်ပယ်တွေ ခွဲခြားလေ့လာ လာကြတော့ ဝေဒနာ တစ်ခုဖြစ်ပြီဆို ဘယ်ဆရာနဲ့ ပြရမလဲက စဉ်းစားစရာတစ်ခု ဖြစ်လာတော့တာပေါ့။ စနစ်တစ်ခု အတည်တကျမရှိတဲ့ခေတ်မို့ ဘယ်လူနာက ဘယ်ဆရာနဲ့ ပြသင့်တယ်ဆိုတဲ့ လမ်းညွှန်မှုတွေမရှိ။ မောတဲ့လူနာတစ်ယောက်က ကိုယ့်ကိုယ်ကို နှလုံးရောဂါဖြစ်သည်ထင်ရင် နှလုံးအထူးကုဆီ သွားလိုက်တယ်၊ အဆုတ်ထင်ရင် ရင်ခေါင်းအထူးကုဆီသွားကြတယ်။ အဲ့တော့ လူနာကို ပြန်လွဲပေးရတော့ လူနာကော ဆရာဝန်ပါ ပင်ပန်းတကာ့ ပင်ပန်း၊ မလိုလားအပ်တဲ့ ဝန်ပိုတွေပိ၊ ဆက်ဆံရေးတွေ မကောင်းဖြစ်ကြရတော့တာပေါ့။

မှားတော့ကော ဘာဖြစ်တုန်း။ အဲ့ဆရာဝန်က မကုတတ်လို့လား။

ဒီလိုတော့ ဘယ်ဟုတ်မလဲ။ သီခြားအထူးကုဖြစ်ဖို့ ဆိုတာကလည်း နယ်ပယ်အသီးသီးကို လေ့လာပြီးမှ တစ်ဆင့်တက်လေ့လာထားရတာလေ။ အချို့ရောဂါတွေကို ပြန်မလွဲပေးဘဲ ကုနိုင်တာပေါ့။ သို့ပေမယ့် လူနာတွေ ပုံထပ်၊ မိမိနယ်ပယ်နဲ့ သက်ဆိုင်ပြီး အရေးပေါ်တဲ့ လူနာတွေကို ကောင်းကောင်းမကြည့်ရတော့ဘူးလေ။

ဒါ့အပြင် မသိရင် အထွေထွေနဲ့ပြ ဆိုတဲ့ စကားတွေလည်း ကြာဖူးမှာပေါ့။ မှန်သင့်သလောက်မှန်ပါတယ်။ အထွေထွေအထူးကု ဆရာဝန်ဆိုတာ ရောဂါစုံကို နည်းနည်းစီအကုန်လေ့လာထားတာဆိုတော့လေ။ အထူးကုလို့ပြောတည်းက ရိုးရိုးအထွေထွေဆရာဝန်နဲ့ မကုသနိုင်အောင် ရောဂါကြီးမှ ရောက်သင့်တာပါ။ ပိုက်ဆံရှိလို့၊ ပိုကောင်းမယ်ထင်လို့နဲ့တော့ အထူးကုဆီ မသွားသင့်ဘူးပေါ့။ အထွေထွေရောဂါကု ဆရာဝန်တွေနဲ့ အရင်ဆုံးပြသသင့်ပါတယ်။

ဒါဆို ဘယ်လိုမျိုးပြသရင် ကောင်းမလဲ။

အကောင်းဆုံးကတော့ နီးစပ်ရာ ကျန်းမာရေးဆေးပေးခန်း၊ ဆေးခန်းမှာရှိတဲ့ ဆရာဝန်နဲ့ အရင်ပြတာပေါ့။ သူက ရောဂါအငယ်စားတွေဆို ကုသပေးမယ်။ ရောဂါကြီးရင် လိုအပ်တဲ့ အထူးကုဆရာဝန်တွေဆီ လွဲပေးမယ်။ ဆေးရုံကြီးမှာရှိတဲ့ အထူးကုပြင်ပလူနာတွေဆီကိုပေါ့။ အဲ့လို အဆင့်ဆင့်သွားမှ အထူးကု ဆေးရုံတွေမှာ လူများလွန်းလို့စောင့်ရတဲ့ ပြဿနာတွေ၊ ဆက်ဆံရေးဆိုင်ရာ ပြဿနာတွေ အထိုက်အလျောက်လျော့နည်းသွားမှာပေါ့။

ဒါဆို ကျွန်တော့လူနာက အသည်းအသန်ရောဂါဖြစ်နေရင်ကော။ ဒီလိုအဆင့်ဆင့် သွားနေရင် သေသွားမှာပေါ့။

အမှန်ပဲပေါ့။ အဲ့လို အရေးပေါ်လူနာတွေအတွက် ဆေးရုံတိုင်းမှာ အရေးပေါ်ပြင်ပလူနာဌာနဆိုတာ ရှိတယ်လေ။ အသက်ရူပုံမမှန်တဲ့လူတွေ၊ သွေးလန့်နေတဲ့လူတွေ၊ သတိလစ်နေတဲ့လူတွေ၊ သွေးထွက်လွန်နေတဲ့လူတွေ၊ ပြင်းထန်စွာနာကျင်၊ ဒဏ်ရာရနေသူတွေအတွက် ချက်ချင်းကုသမှု ပေးတဲ့နေရာပေါ့။ အရေးပေါ်ဆိုတဲ့အတိုင်း တကယ့် အရေးပေါ်လူနာကိုပဲ လက်ခံကုသပေးတာပါ။ အရေးပေါ်မဟုတ်ဘူးလို့ သတ်မှတ်ရင် ပြင်ပလူနာဌာနကို ပြန်လွဲမှာ ဖြစ်တယ်။ ဒီအချိန်မှာ လူနာနဲ့ လူနာစောင့်တွေ ဆရာဝန်ပြောစကားလိုက်နာဖို့ လိုပါတယ်။ လူနာရောက်လာတာကို ကြည့်ပေးလိုက်ရင်ပြီးရောလို့ မပြောပါနဲ့။ သူတစ်ပါးဆုံးဖြတ်ချက်နဲ့ ဝတ္တရားကို နားလည်ပေးပါ။ သင်ကိုယ်တိုင် သူတစ်ပါး ဝတ္တရားနှောင့်ယှက်သူမဖြစ်ပါစေနဲ့။

ဒါ့အပြင် မြန်မာနိုင်ငံသားများ သိထားသင့်တာကတော့ မိမိလူနာကို ချက်ချင်းကြည့်ပေးရမယ်၊ အရင်ရောက်သူ အရင်ကြည့်ပေးရမယ်ဆိုတဲ့ တစ်ကိုယ်ကောင်းစိတ်တွေ မမွေးပါနဲ့။ နိုင်ငံတကာ လူနာကြည့်ချိန် သတ်မှတ်ထားတာကတော့ အရေးပေါ်လူနာဖြစ်လျှင် နာရီဝက်အတွင်း ကြည့်ပေးရတယ်။ ပြင်ပလူနာဌာနက လူနာဆိုလျှင် အရေးပေါ်လူနာရှိလျှင် ၂နာရီထိ စောင့်ပေးရတတ်ပါတယ်။

မကြာမီ အချိန်ပြောင်းလဲမှုတွေထဲမှာ ဒီစနစ်လည်း ကောင်းမွန်စွာ ပေါ်ပေါက်ရပ်တည်နိုင်ပါစေဟု ဆုတောင်းရင်း

ရီချို(ဆေး ၁)