Body Mass Index ဆိုတာ ဘာလဲ?

ကျန်းမာရေးဝန်ထမ်းတွေ၊ ကျန်းမာရေးဗဟုသုတ ကြွယ်ဝသူတွေနဲ့ ကိုယ်အလေးချိန်လျှော့ချဖို့ ကြိုးစားနေသူတွေကတော့ BMI ဆိုတာကို ရင်းနှီးပြီးသား ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် မသိသေးတဲ့သူတွေအတွက် BMI အကြောင်းကို ပြောပြချင်ပါတယ်။

BMI ဆိုတာ Body Mass Index ရဲ့ အတိုကောက်ဖြစ်ပါတယ်။ Quetelet’s Index လို့လဲ ခေါ်ပါတယ်။ သူ့ရဲ့ ယူနစ်ကတော့ kg/m2 ဖြစ်ပါတယ်။ ကိုယ်အလေးချိန် (ကီလိုဂရမ်) ကို အရပ် (မီတာ) နှစ်ထပ်နဲ့ အချိုးချထားတာပါ။ မိမိရဲ့ အရပ်အမောင်းအတွက် မိမိရဲ့ ကိုယ်အလေးချိန်ဟာ ပိန်နေလား၊ ပုံမှန်လား၊ ၀နေလား၊ အ၀လွန်နေလားဆိုတာကို ခွဲခြားပေးတဲ့ အတိုင်းအတာတစ်ခု ဖြစ်ပါတယ်။

“BMI ဘယ်လိုတွက်မလဲ”

ပထမဆုံး ကိုယ်အလေးချိန်နဲ့ အရပ်ကို သိရပါမယ်။ ကိုယ်အလေးချိန်က ‘ပေါင်’ ဖြစ်နေရင် ယေဘုယျအားဖြင့် ‘2.2’ နဲ့ ‘စား’ ရင် ‘ကီလိုဂရမ်’ ရပါတယ်။ အလားတူပဲ အရပ်က ‘ပေ’ ဖြစ်နေရင် ‘လက်မ’ ပြောင်းပြီး ‘0.025’ နဲ့ ‘မြှောက်’ ရင် ‘မီတာ’ ရပါတယ်။ ပိုပြီးတိကျချင်တယ်ဆိုရင်တော့ မိုဘိုင်းဖုန်းတွေမှာ ‘unit converter’ application တွေကို သုံးပြီး ယူနစ်ပြောင်းနိုင်ပါတယ်။ ပြီးရင်တော့ သင်္ချာနည်းအတိုင်းတွက်လိုက်ရုံပါပဲ။

ဥပမာ…..အရပ် 5 ပေ 2 လက်မ၊ ပေါင် 100 ရှိတဲ့လူတစ်ယောက်ရဲ့ BMI ကို အောက်ပါအတိုင်း တွက်ချက်နိုင်ပါတယ်။

ကိုယ်အလေးချိန် (Body weight) = 100 ပေါင် (lb) ÷ 2.2 = 45.45 ကီလိုဂရမ် (kg)
အရပ် (Height) = 5 ပေ 2 လက်မ = 62 လက်မ x 0.025 = 1.55 မီတာ (m)
BMI = Body weight (kg) ÷ Height2 (m2) = 45.45 ÷ (1.55 x 1.55) = 18.9 kg/m2

သင်္ချာတွက်ရမှာ ပျင်းတဲ့သူတွေအတွက် အောက်ပါ link မှာ BMI ကို အလွယ်တကူ တွက်ချက်နိုင်ပါတယ်။

due date and bmi

”BMI ကို ဘယ်လို ခွဲခြားထားသလဲ”

မိမိရဲ့ BMI ကို သိပြီဆိုရင်တော့ အောက်ပါအတိုင်း ခွဲခြားကြည့်နိုင်ပါတယ်။

BMI <18.5 ပိန် 18.5-24.9 ပုံမှန် 25-29.9 ၀ 30-34.5 အ၀လွန် (အဆင့် 1) 35-39.9 အ၀လွန် (အဆင့် 2) ≥ 40 အ၀လွန် (အဆင့် 3) သို့မဟုတ် အလွန်အမင်းအ၀လွန် (မှတ်ချက်။ ။ အထက်ပါ ဖော်ပြချက်သည် အသက် 18 နှစ်အောက် ကလေးများအတွက် အကျုံးမ၀င်ပါ။) မိမိရဲ့ BMI က ပုံမှန်ဖြစ်နေရင် အဲ့ဒီ့အတိုင်း ဆက်ထိန်းထားဖို့ လိုအပ်ပြီး ပိန်တဲ့အထဲမှာ ပါနေရင်တော့ မှန်ကန်ပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေ စားပေးဖို့ လိုအပ်ပါတယ်။ ၀တဲ့သူတွေနဲ့ အ၀လွန်နေတဲ့သူတွေကတော့ တတ်ကျွမ်းတဲ့ပညာရှင်တွေနဲ့ တိုင်ပင်ခြင်း၊ အစားအစာကို မှန်ကန်စွာ စားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်းများ ပြုလုပ်ကြဖို့ အကြံပေးလိုပါတယ်။ BMI ပုံမှန်အောက် လျော့နည်းနေသူတွေဟာ ကိုယ်ခံအားနည်းခြင်း၊ မကြာခဏဖျားခြင်း၊ ရောဂါပိုးဝင်လွယ်ခြင်း၊ အားနည်းခြင်းတို့ကို ခံစားရတတ်ပါတယ်။ BMI ပုံမှန်ထက် များနေသူတွေကတော့ အ၀လွန်ခြင်းနဲ့ ဆက်စပ်ရောဂါတွေဖြစ်တဲ့ သွေးတိုးရောဂါ၊ နှလုံးရောဂါနဲ့ ဆီးချိုရောဂါတွေ ဖြစ်နိုင်ခြေများပြီး ဖြစ်ပြီးလူနာတွေမှာလဲ ရောဂါအခြေအနေကို ပိုမိုဆိုးရွားစေပါတယ်။ “BMI ၏ အားသာချက်နှင့် အားနည်းချက်များ”

BMI ဟာ တိုင်းတာရလွယ်ကူပြီး ငွေကုန်ကြေးကျသက်သာတဲ့အပြင် တိကျမှုပေးနိုင်တာကြောင့် ကမ္ဘာတစ်လွှားမှာ အသုံးများတဲ့ အတိုင်းအတာတစ်ခုဖြစ်ပါတယ်။

ဒါပေမယ့် BMI များနေခြင်းဟာ အလေးချိန်များနေခြင်းကိုသာ ဖော်ပြတာဖြစ်ပြီး အဲ့ဒီ့အလေးချိန်ဟာ ကြွက်သားကြောင့်၊ အဆီကြောင့်၊ ရေကြောင့်ဟု ခွဲခြားဖော်ပြနိုင်ခြင်း မရှိတဲ့အတွက် ကြွက်သားဖွံ့ဖြိုးတဲ့သူတွေနဲ့ ရေဖျင်းစွဲ (ဖော) နေတဲ့သူတွေမှာတော့ မှားယွင်းနိုင်ပါတယ်။

Dr Honey Su Naing

M.B.,B.S (Mandalay)

M.Sc Nutrition & Dietetic (UK)