ကောင်းကျိုးပြု ဘက်တီးရီးယားများ နှင့် အစာမျှဉ်များ

Prebiotics နဲ့ probiotics ဆိုတာတွေဟာ ယနေ့ခေတ် အစာအာဟာရပိုင်းဆိုင်ရာ နယ်ပယ်တွေမှာ လူပြောများတဲ့ခေါင်းစဉ်တွေပဲ ဖြစ်ပါတယ် ။ အတူတူ ခပ်ဆင်ဆင်လို့ထင်ရသော်လည်း တကယ်တမ်း လေ့လာကြည့်လျှင် နှစ်မျိုးစလုံးဟာ မတူညီတဲ့ နေရာကနေ ကျန်းမာရေးကို ထောက်ပံ့ပေးနေတယ်ဆိုတာ တွေ့ရပါလိမ့်မယ် ။ ဒီတော့ ဘာတွေဘယ်လိုကွဲပြားသလဲ ဆိုတာ ဒီအောက်မှာ ရှင်းပြ ပေးသွားမှာပါ ။

Prebiotics နဲ့ probiotics ဆိုတာ ဘာတွေလဲ ?

* Probiotics ( ကောင်းကျိုးပြု ဘက်တီးရီးယားများ ) – ဒီအုပ်စုထဲ ပါတာတွေကတာ့ ဘက်တီးရီယား အကောင်လိုက်တွေဖြစ်ပြီး အစားအစာတွေ ဆေးတွေ ဖြည့်စွက်စာတွေ ကနေ ရရှိနိုင်တယ် ။
* Prebiotics ( အစာမျှဉ်များ ) – ဒီအုပ်စုထဲ ပါတာတွေကတော့ အစာအိမ် အူလမ်းကြောင်းက မချေဖျက်နိုင်တဲ့ အစာမျှဉ်တွေ ဖြစ်ပြီး အပေါ်က ပြောတဲ့ ကောင်းကျိုးပြု ဘက်တီးရီးယားအကောင်တွေက စားသုံးပါတယ် ။

ဘာလို့ အူထဲရှိတဲ့ ဘက်တီးရီးယားတွေက ကောင်းကျိုးရှိတာလဲ ?

ကျနော်တို့ အူထဲရှိတဲ့ ဘက်တီးရီးယားတွေဟာ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေ မှိုတွေကနေ ကာကွယ်ပေးပါတယ် ။ ဒါ့အပြင် အူမကြီးအမြှေးပါနံရံကို ကာကွယ်ရန် ဆဲလ်တွေရဲ့အနားသားကိုဖုံးအုပ်တဲ့ နေရာမှာ အရေးပါတဲ့ အဓိက အာဟာရဖြစ်တဲ့ ( short chain fatty acid ) အက်ဆစ်ကို ထုတ်လုပ်ပေးပါတယ် ။ ဒီလိုကာကွယ်ပေးထားတာကြောင့် အန္တရာယ်ရှိတဲ့ အရာတွေ ပိုးတွေက မကပ်ညိနိုင် အန္တရာယ်မပေးနိုင်တာပါ ။

ဒီလိုအကျိုးရှိတဲ့ ဘက်တီးရီးယားတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးနိုင်ပါတယ် ။ ဘက်တီးရီးယားနဲ့မှိုတွေပါတဲ့ အစားအစာတွေ စားမိတာ ၊ ပိုးသတ်ဆေးတွေ အချိန်ကြာကြာ သောက်ရတာ ၊ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးတွေ စားမိတာ ၊ အစားအစာ လုံလုံလောက်လောက်မစားရတဲ့အခါ ၊ အစာအိမ်လမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တဲ့အခါ ပျက်စီးဆုံးရှုံးသွားလေ့ရှိပါတယ် ။

ဒီလိုဖြစ်လာတဲ့အခါတွေမှာ ဒီအကျိုးပြုဘက်တီးရီးယားတွေကို ပြန်လည်ဖြည့်တင်းဖို့လိုအပ်ပါတယ် ။ ဒီအတွက် Prebiotics တွေ Probiotics တွေလိုအပ်လာတာပါ ။

(၁) Probiotics ( အကျိုးပြုဘက်တီးရီးယားများ )

Probiotics တွေကို အစားအစာတွေအနေနဲ့ ဥပမာ ဒိန်ချဉ်လို အချဉ်ဖောက်ထားတဲ့ အရာတွေက ရနိုင်ပါတယ် ။

ကွာလတီကောင်းကောင်းနဲ့ ဒိန်ချဉ်တစ်ခွက်ဟာ သင့်အစာချေစနစ်အတွက် အများကြီး အထောက်အပံ့ပေးပါတယ် ။

တခြားအစားအစာတွေအနေနဲ့ ကင်မ်ချီ ၊ ချဉ်ဖတ်တွေ ၊ မီဆိုဟင်းရည်တွေ ၊ အချဉ်ဖောက်ထားတဲ့အစားအစာတွေမှာတွေ့ရပါတယ် ။ အဓိက အပူပေးအချဉ်ဖောက်မထားရန်လိုအပ်ပါတယ် ။ ဘာကြောင့်လဲဆိုတော့ အပူပေးခြင်းက ဘက်တီးရီးယားတွေကိုသေစေလို့ပဲ ဖြစ်ပါတယ် ။

Probiotics တွေကို ဈေးကွက်ထဲမှာ ဆေးအနေနဲ့ ဖြည့်စွက်စာတွေအနေနဲ့ ရရှိနိုင်ပါတယ် ။ ဘက်တီးရီးယား ပါဝင်သော ဆေးတောင့်ပုံစံ အရည်ပုံစံ အစရှိသဖြင့် လာပါတယ် ။ ဒါပေမယ့် လူတစ်ဦးနဲ့တစ်ဦး ရှိရမယ့် ဘက်တီးရီးယားပုံစံခြင်း မတူတဲ့အတွက် ထိရောက်သင့်သလောက် ထိရောက်မှုမရှိပါဘူး ။

(၂)Prebiotics ( အစာမျှင်များ )

ဒီအစာမျှဉ်တွေဟာ အပေါ်က အကျိုးပြု ဘက်တီးရီးယားတွေအတွက် အစာအာဟာရလိုဖြစ်ပြီး တိုးပွားစေပါတယ် ။ ဒီအစာမျှင်တွေကို အစာအိမ်က မချေဖက်နိုင်ဘဲ ကိုယ်ထဲက အကျိုးပြု ဘက်တီးရီးယားတွေကို တိုးပွားစေပါတယ် ။ ဒါ့အပြင် သူက ဘယ်လို အမျိုးအစားဘက်တီးရီးယားမျိုးကို မဆို ပွားများစေတဲ့အတွက် အပေါ်ကလို ရွေးချယ်နေစရာမလိုပါဘူး ။ ဒါကြောင့် ဒီလိုအစာမျှင်တွေ စားပေးခြင်းက ပိုပြီး အကျိုးများစေပါတယ် ။

ဘယ်လိုအစားအစာတွေမယ် အတွေ့များသလဲဆိုရင် ငှက်ပျောသီး ဘယ်ရီသီးလို အသီးအနှံတွေ အစေ့အဆန် ပဲအမျိုးမျိုးတွေ ကြက်သွန်ဖြူ ကြက်သွန်နီတွေ အုတ်ဂျုံ မုယောစပါးတွေ ဂျင်း ကညွတ် အစရှိသည်တို့မှာတွေ့နိုင်ပါတယ် ။

ဒီလိုအပေါ်က ပြောခဲ့တဲ့ Prebiotics တွေ Probiotics တွေ ကြောင့် ကောင်းကျိုးတွေ အများကြီးရှိပါတယ် ။

* ကိုယ်ခံအားစနစ်ကောင်းမွန်စေတယ်

* ခံတွင်းနံ့နံတာတွေပျောက်စေတယ်

* ခံတွင်းကျန်းမာရေးကောင်းစေတယ်

* အစာအိမ်လမ်းကြောင်းတလျှောက်ကျန်းမာစေတယ်

* ဝမ်းမချုပ် ဝမ်းအနံ့နံတာတွေ မရှိအောင်လုပ်ပေးတယ်

* ကိုယ်အလေးချိန်ကို ထိန်းညှိပေးတယ်

ဒါတွေကြောင့် ဒီ prebiotics တွေ Probiotics တွေများများစားပေးခြင်းဟာ သင့်ကျန်းမာရေးအတွက်အများကြီး အထောက်အကူဖြစ်စေပါတယ် ။

အားလုံးကျန်းမာကြပါစေ

ဒေါက်ပီ