လမ်းလျှောက်တာ ဖောတတ်တယ်လား

‘မမရေ။ ကြည့်ပါဦး။ သမီးခြေထောက်တွေ ဖောနေသလိုပဲ။ ဘာဖြစ်တာလဲမသိဘူး။’

ညီမလေးအသံကို ကြားလိုက်ရတော့ လုပ်လက်စ အလုပ်တွေ ခဏရပ်ပြီး လှန်းကြည့်လိုက်သောအခါ

“ဟယ်။ ဟုတ်ပါရဲ့။ ဖောနေတာပဲ။ နာကောနာသေးလား။ “

‘နာတော့မနာဘူး။ ဘာဖြစ်လို့ဖောတာလဲဟင်။ ကျောက်ကပ်မကောင်းလို့များလား၊ နှလုံးမကောင်းတာလား။ ဒုက္ခပါဘဲ။’

“အောင်မလေးဟဲ့။ စဉ်းစားတဲ့ပုံကိုက၊ အမြင့်ဆုံးတွေကို စစဉ်းတယ်လို့။ တကယ်ပဲ။ ကြည့်ပါရစေဦး။ အော် ဒါက သာမန်ခြေထောက်ဖောတာပါ။ ရောဂါကြောင့် မဟုတ်ပါဘူး။ ဒီနေ့ နေပူထဲမှာ လမ်းအကြာကြီးလျှောက်လာတယ် မဟုတ်လား။ ရာသီဥတုကလည်း အရမ်းပူတော့ ဖြစ်တတ်တာပါ။“

‘ဟွန်။ ဒါတွေကြောင့် ဖောတတ်တယ်လား။ တစ်ခါမှ မကြားဖူးဘူး။ ‘

“အခုကြားဖူးပြီမလား၊ ဒီလိုမျိုးဖောတာက ရောဂါကြီးတွေဖြစ်မှဖောတတ်တာမဟုတ်ဘူး။ အားကစားလုပ်နေကျ မဟုတ်တဲ့သူတွေ အားကစားပြင်းပြင်းထန်ထန် လုပ်လိုက်တဲ့အခါ၊ လုပ်ပြီးချိန်တွေမှာ ခြေ၊လက်တွေဖောတတ်တယ်။ အထူးသဖြင့် နွေရာသီလို ပူပြင်းတဲ့ ကာလမျိုးတွေမှာ ပိုဖြစ်တတ်တယ်လေ။ ကိုယ်ဝန်ဆောင်ချိန်၊ အငန်အစားအစာတွေ အစားများပြီးတဲ့အချိန်တွေမှာလည်း ရေတွေ ခန္ဓာကိုယ်ထဲမှာ စုတာများပြီးလဲ ဖြစ်တတ်တယ် ညီမလေးရဲ့။ “

‘ဟုတ်လား။ ဒါဆိုအခု ဖောနေတာကို သက်သာအောင် ဘယ်လိုလုပ်ရမလဲ။ ပျောက်နိုင်ပါတယ်နော်။ ‘

“သာမန်အားဖြင့် တော့ သူဘာသာပြန်ပျောက်သွားတာများပါတယ်။ ဆား၊ အငန်တွေ လျော့စား၊ ဓာတ်ဆားမသောက်ဘဲ ရိုးရိုးရေသောက်၊ ပုံစံမှန်မှန်အနားယူ၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေါ့။ လက်မှာ ဖောတာဆိုရင်တော့ လက်စွပ်တွေ ဝတ်ထားရင် ချွတ်ထားသင့်တယ်။ ခြေထောက်မှာဆိုရင် ပက်လက်လှဲပြီး ခြေထောက်ကို ကိုယ့်ရင်ဘတ်အထက် ကို မိနစ် ၃၀လောက် မြှောက်ထားပေးရမယ်။ ညအိပ်တဲ့ အခါကျရင်လည်း ခြေထောက်အောက်ကို တစ်ခုခု ခံအိပ်ပေါ့။ “

‘ဒါဆိုမဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။’

“လမ်းလျှောက်နေစဉ်မှာ လက်ချောင်း၊ လက်မောင်း၊ တံတောင်တွေကို ငြိမ်ငြိမ်မထားဘဲ အကွေးအဆန့်လုပ်ပေးရမယ်။ ပုံမှန်လေ့ကျင့်ခန်း၊ သွေးလျှောက်အားကောင်းစေတဲ့လေ့ကျင့်ခန်းတွေ လုပ်သင့်တာပေါ့။ ပြီးတော့ ဒီနေ့လို အလေ့အကျင့်မရှိဘဲ ဗြုန်းခနဲ အားကစားပြင်းပြင်းထန်ထန်တွေ မလုပ်နဲ့ပေါ့။”

‘ဟီး။ မမကလည်း။ ဟုတ်ပါပြီ။ နောက်ကို သတိထားပါ့မယ်။ ခုတော့ ဒါကို အရင်သက်သာအောင် လုပ်လိုက်ဦးမယ်။ ပြီးမှ ထမင်းစားတော့မယ်။ သမီး သူငယ်ချင်းထဲမှာ အားကစားလုပ်ချင်တဲ့သူတွေများတယ်။ သူတို့ကိုလဲ သိအောင်ပြောပြထားရမယ်နော်။ ‘

“ဟုတ်တာပေါ့။ ဘယ်အရာမဆို တန်ဆေး လွန်ဘေးဘဲ။” လို့ လှန်းအော်ပြောလိုက်ရင်း ဒီညီမတစ်ယောက် နောက်ကို လေ့ကျင့်ခန်းကို တစ်ပွဲထိုးမလုပ်ဘဲ ပုံမှန်လုပ်လိမ့်မည်ဟု တွေးရင်း ပြုံးလိုက်မိပါတော့သည်။

ရီချို(ဆေး ၁)