ချက်ကြိုးကိစ္စ ရှင်းကြမယ်

ဟဲ့

ညည်းကလည်း ဘာဖြစ် ညာဖြစ်

ဆေးကျောင်းသူလေးနှစ်ယောက် မေးမြန်းစူးစမ်းလုပ်ဖို့အသွား အာပေါင်အာရင်းသန်သန် လက်ချာရိုက်နေသော အဒေါ်ကြီးအသံကြောင့် ရပ်တန့်သွားသည်

ဝင်သွားတော့ သူကပင်

သြော်

ဆရာမလေးတို့ လာပါ ထိုင်ပါ

အမယ်

တယ်ဟုတ်ပါလား

ရန်ကုန်ကလေးဆေးရုံကြိး၏ မွေးကင်းစဆောင်မှာပါ

ကွပ်ပျစ်တစ်ခုပေါ်တွင် အမေ ၆ယောက်လောက် နို့တိုက်နေကြသည်

သူတို့ကလေးတွေက အသားဝါလို့ မီးချောင်းလာပြရတာပါ

ခဏနို့တိုက်ချိန် လာမေးရတာ

အားလည်း နာပါရဲ့၊ ကိုယ့် စာသင်အလှည့်ဆိုတော့လည်း…

အမေ

ကလေးဘာဖြစ်လို့လဲ

ချက်ကြိုးက ပိုးဝင်လို့တဲ့ ဆရာမရယ်

နနွင်းတုံးလို ဝါထိန်နေလို့ ဆေးရုံလာပြမှ သိရတာ

သြော်

ချက်ကြိုးကို ဘာလုပ်လိုက်လို့လဲ

မသိပါဘူး

ကျွန်မတို့ တောမှာတော့ နှီးနဲ့ဖြတ်ပြီး အပ်ချည်နဲ့ ချည်လိုက်တာပါပဲ

နနွင်းလေးသိပ်လုက် ကျက်ရော

သူ့ကျမှ ဝါတာပါ ဆရာမရယ်

ကိုယ် မျက်လုံးပြူးသွားသည်

ဒီပစ္စည်းတွေက ဘယ်လိုမှ ပိုးသတ်ထားတာမဟုတ်

သို့နှင့်

အမေရယ်

နောက်တစ်ခါဆို ဆေးရုံမှာ မွေးပါ

ဒါ အခု ကံကောင်းလို့ ဒီဝါတာလောက်နဲ့ ရတာ

အသက်ပါသွားနိုင်တယ်

ရှင်

ဟုတ်တယ်

ကလေးဆိုတာ ဘာပိုးနဲ့မှ တွေ့ရသေးတာ မဟုတ်ဘူး

အဲဒါကို ပိုးသတ်မထားတဲ့ ဘရိတ်ဓားတွေ၊ ကတ်ကြေးတွေ၊ ခုနလို နှီးတွေနဲ့ ဖြတ်ရင် ပိုးဝင်နိုင်တယ်

အခန့်မသင့်ရင် မေးခိုင်တောင် ဖြစ်နိုင်တယ်

အမှုန့်ဆိုလည်း ဘာအမှုန့်မှ မထည့်ရဘူး

၂ရက်နေ သူ့ဘာသာ ခြောက်တာပဲကို

နနွင်းတို့၊ မန်းဆေးတို့၊ ပေါင်ဒါ၊ သနပ်ခါး စတာတွေ လိမ်းပေးရင် မေးခိုင်နဲ့ အသက်ဆုံးတတ်တယ်

ဘုရား ဘုရား

ဟုတ်တယ်

နောက်က အဒေါ်ကြီးက ဝင်ထောက်ခံ၏

ပေါင်ဒါထည့်တာလည်း မမှန်ဘူးနော် ဆရာမလေး

အင်း မမှန်ဘူး

သနပ်ခါးလိမ်းတာ၊ မန်းဆေးသွေးလိမ်းတာ၊ ကရမက်လိမ်းတာလည်း မမှန်ဘူးနော်

ဟုတ်တယ်

သူက တွေ့လား၊ငါမပြောလား ဆိုသော မျက်နှာပေးဖြင့်

နနွင်းတို့ ထုံးတို့လည်း မတို့ရဘူးနော်

ဟုတ်ပါ့ အဒေါ်ရေ့

ဒါကြောင့် ကျွန်မတို့ဆို အဲဒါတွေ မလုပ်ဘူး

ချီးကျူးလိုက်ပါဦးမယ်လေ

ထိုစဉ် သူပြောလိုက်သော စကားကြောင့် ချီးကျူးရန် ဟ ထားသော ကျွန်ုပ်၏ ပါးစပ်မှာ ဟောင်းလောင်းဖြစ်သွားရပေသည်

အဲဒါတွေသိလို့ ကျွန်မတို့တော့ တံတွေးပဲ ထည့်တယ်

အနာကျက်လည်း မြန်တယ်လေ

ဘုရားရေ အဒေါ်ရယ်

သေသာသေလိုက်ချင်တော့တယ်

သူ့ မျက်နှာကြီး မည်းကျသွားသည်

မတတ်နိုင်ပေ

သူလက်ချာ အရိုက်ကောင်းလို့ အားလုံး တံတွေးဆွတ်ကုန်ရင် သေရချည့်

အဒေါ်ရယ်

ကိုယ်က တစ်နေကုန် ချိုချဉ်ဖန်ခါး တွေ့ကရာ အကုန်စားထားတဲ့ ဒီလောက် ညစ်ပတ်တဲ့ ဒီပါးစပ်

သွားတိုက်ထားပါတယ် ဆိုရင်တောင် ပိုးမျိုး ၃၀၀လောက် ရှိနေတဲ့ ဒီပါးစပ်ထဲက တံတွေးသာ ဆွတ်လိုက်ရင်တော့

ကျွန်မ မတွေးရဲတော့ဘူး

အဒေါ်ကတော့

တော်ပါတယ်ဆိုမှ အဖျားရှူးသွားပြီရယ်

သူ မကြိုက်ပေမယ့် ကိုယ်က ရယ်ရယ်မောမော ပြောနေတော့လည်း အောင့်သက်သက်နဲ့ နားထောင်နေရသည်မှာ

အို

ဤလို ချစ်စရာကောင်းသော အယူအင်မတန်လွဲသော လူနာများပါတကား။

ဒေါက်တာဝင်း (ဆေး၁)