မလှပသော ညနေများ

ဆရာဝန်တွေရဲ့ ညနေခင်းလေးတွေဟာ ခံစားမှုမျိုးစုံနဲ့ သက်ဝင်လှုပ်ရှားနေတတ်ပါတယ်။ ကျွန်မရဲ့ ညနေခင်းလေးတွေဟာ ဆေးကုသပေးရတဲ့ ခံစားမှုပဲ့တင်သံလေးတွေကနေ အရောင်ပြောင်းပြီး မချင့်မရဲအလို မကျ တဲ့ခံစားမှုလေးတွေနဲ့လည်း ပြည့်နှက်နေတတ်ပါတယ်။

လောကမှာ ကျွန်မတို့မတတ်နိုင်တာတွေ အများကြီးရှိသေးတယ်ဆိုတဲ့ ထိုးနှက်ချက်တွေဟာ ဆရာဝန် တွေရဲ့ကောင်းစေချင်တဲ့လောဘတကြီး စိတ်ဆန္ဒတွေကို တစ်ခါတစ်ခါမှာ ရိုက်ချိုးကြွှေလွင့်သွားစေနိုင်ပါတယ်။

ဒီတစ်ခါတော့ ဆေးကုသမှုတွေအကြောင်း ပဲ့တင်သံမျှဝေမှာ မဟုတ်ဘဲ ဆေးပညာတွေတတ်တိုင်း ကောင်းအောင် ကုသပေးလို့မရတဲ့အကြောင်းလေးတွေလည်း မျှဝေပေးချင်ပါတယ်။ တကယ်တော့ ဒီလိုအဖြစ်မျိုးတွေဟာ လူထုထဲမှာဆေးကုသပေးရတဲ့ ဆင်းရဲသားရပ်ကွက်ထဲက ဆရာဝန်တွေအတွက် ဖန်တရာတေအောင် ရိုးနေပါပြီ။ ဒါပေမယ့်ကိုယ်တကယ်နားနဲ့ဆတ်ဆတ်ကြားသိမြင်တွေ့လိုက်တိုင်းလည်း ကျွန်မတို့ရင်ထဲမှာ ခံစားလှိုက်ခတ်ရပါတယ်။

ကျွန်မတို့မှာ ဆေးကုသမှုအတွက် ပညာရှိတယ်။ ကိုယ့်အတတ်ပညာနဲ့ပတ်သက်ရင် အမြဲပြည့်ဝအောင် ဆည်းပူးလေ့လာနေတဲ့လုံ့လ၀ီရိယရှိတယ်၊ သမားကျင့်ဝတ်ရှိတယ်၊ အကြင်နာမေတ္တာရှိတယ်၊ ကောင်းစေ ချင်တဲ့ စေတနာရှိတယ်။ ကံကြမ္မာရဲ့မျက်နှာသာပေးမှုလည်းရှိတယ်။ ဒါတွေဟာ ရောဂါတစ်ခုကို သက်သာ ပျောက်ကင်းအောင်ကုသပေးဖို့မလုံလောက်သေးဘူးလား။ကျွန်မတို့ ဘာတွေမှားနေကြပြီလဲ။

အဲဒီကလေးလေးက အသက်တစ်နှစ်လောက်ပဲရှိပါသေးတယ် ဖြစ်တာကလည်း သိပ်ထူးထူးဆန်းဆန်း မဟုတ်ပါဘူး။ နှာစေးချောင်းဆိုးပါပဲ။ ဒါပေမယ့် ကလေးကအဖျားနည်းနည်းကြီးတယ်။ ဒါကြောင့် နျူမိုးနီးယား ခေါ်အဆုတ်ရောင်(ခဲ)ရောဂါရဲ့ လက္ခဏာတွေစစ်ဆေးကြည့်ရတယ်။ နျူမိုးနီးယားမှာ နှစ်လကနေ ငါးနှစ်အထိ ကလေးတွေအတွက် အဆင့်(၃)ဆင့်ခွဲထားပါတယ်။ အဆင့်ရောဂါသတ်မှတ်ချက်အလိုက် ကုသမှုလည်းကွဲပြား သွားတာမို့ အသေးအဖွဲ့ကအစ သတိထားရပါတယ်။ အစားမစားနိုင်ဘူး၊ အမေနို့မစို့နိင်ဘူး မလန်းဆန်းဘူး တအားမှိန်နေတယ်။ ပြာတယ်၊ တက်တယ်၊ အာဟာရလည်း ချို့တဲ့နေတယ် စတဲ့အချက်တွေထဲကတစ်ချက် လောက်ရှိနေရင် အလွန်ဆိုးဝါးတဲ့နျူမိုးနီးယားလို့သတ်မှတ်ပြီး ဆေးရုံပို့ရပါတယ်။ ဒါတွေတစ်ခုမှမရှိဘဲ ကလေးရင်ဘတ်နံရိုးကြားလေးတွေ ရင်ညွန့်နေရာလေးတွေ အသက်ရှူလိုက်တိုင်းချိုင့်ဝင်နေတယ်ဆိုရင် ဆိုးဝါးတဲ့နျူးမိုးနီးယားလို့သတ်မှတ်ပြီး ဆေးရုံကိုပဲလွှတ်ရပါတယ်။ ဆေးရုံမှာရောဂါအဆင့်အလိုက် ကုသမှု တွေတော့ ကွဲပြားသွားပါတယ်။

အဲဒါတွေ တစ်ခုမှမတွေ့ရဘဲ အသက်ရှူနှုန်းသာမြန်နေရင်တော့ ရိုးရိုးနျူမိုးနီးယားလို့ သတ်မှတ်ပါတယ်။ အဲဒီမှာအသက်ရှူမြန်တယ်ဆိုတာအသက်အိုက် သတ်မှတ်ချက်ရှိပါတယ်။ အသက်နှစ်လကနေ တစ်နှစ်သား အထိမှာတစ်မိနစ်ကို အကြိမ်(၅၀)လောက်ရှူနေရင် တစ်နှစ်ကငါးနှစ်အထိမှာ တစ်မိနစ်ကို အကြိမ်(၄၀) လောက် ရှူနေရင် အသက်ရှူမြန်တယ်လို့ သတ်မှတ်ပါတယ်။ ဒါဆိုရင်တော့ဆေးခန်းမှာပဲကုသပေးလို့ရပါတယ်။

အသက်လည်းမှန်မှန်ရှူအထက်ကအချက်တွေလည်း တစ်ခုမှမရှိရင်တော့ သာမန်အအေးမိ ချောင်းဆိုး အနေနဲ့ပဲ ကုသပေးရပါတယ်။

အဲဒီကလေးလေးကတော့ ဖျားတာရယ် နှာစေးချောင်းဆိုးရယ်၊ အသက်ရှူနှုန်းနည်းနည်းမြန်နေတာ ရယ်ရှိတာမို့ ရိုးရိုးနျူမိုးနီးယားလို့သတ်မှတ်ပြီး သင့်တော်တဲ့ဆေးဝါးလေးပေး အစားဂရုတစိုက်ကျွေးဖို့၊ အရည်များများတိုက်ပေးဖို့ နှာခေါင်းကအချွဲတွေ သန့်ရှင်းပေးဖို့ စောစောကပြောတဲ့ အရေးကြီးတဲ့လက္ခဏာတွေ ရှိ၊ မရှိ စောင့်ကြည့်ဖို့ တစ်ခုခုထူးခြားရင် ချက်ချင်းဆေးရုံသွားဖို့ အခုဆေးတွေနဲ့ သက်သာရင်အနည်းဆုံးတော့ ငါးရက်လောက် ဆက်တိုက်ဖို့စသဖြင့် အရှည်ကြီးမှာကြားပြောဆိုပြီး လောလောဆယ် ဆေးတစ်ခွက်စာကို လည်း ချက်ချင်းပဲ တိုက်စေလိုက်ပါတယ်။

အမေဖြစ်သူက အ၀တ်အစား ခပ်နွမ်းနွမ်းအသားအရေညစ်ညစ်ခေါင်းစုတ်ဖွားနဲ့ ကလေးကတော့ မပိန်မ၀ချစ်စရာလေးပါပဲ။ ချောင်းလေးဆိုးနေတဲ့ကလေးကို သနားကြင်နာစိတ်နဲ့ကျွန်မပိုက်ဆံတွေလည်း အများကြီးမယူပါဘူး။ သိပ်အဆင်ပြေပုံမရတဲ့ လူနာတွေအပေါ်မှာ ကျွန်မဆေးဖိုးအရင်းလောက်ပဲ ယူလေ့ရှိပါ တယ်။ ကျွန်မကသိပ်ချမ်းသာနေလို့တော့မဟုတ်ပါဘူး။ ဒါပေမယ့် ကလေးလေးတွေအပေါ်မှာ သနားချစ်ခင် တတ်တယ်။ ရင်သွေးလေးတွေချီပြီးလာပြတဲ့ အမေတွေအပေါ်မှာ ကိုယ်ချင်းစာတယ်။ မိခင်တစ်ယောက်ဟာ ကိုယ့်ရင်သွေးကို အကောင်းဆုံးတွေပဲဖြစ်စေချင်တဲ့မေတ္တာကို နားလည်တယ်။ သူတို့ကဆင်းရဲလို့ဆိုပြီး ဘယ်တော့မှ ဖြစ်ကတတ်ဆန်းမလုပ်ဘူး။ အဲဒီကလေးကိုလည်းအကောင်းဆုံးပဲ ကုသပေးတယ်။ အရေးကြီးလို့ ဆေးကိုငါးရက်လောက်တိုက်ဖို့လည်း မှာလိုက်တယ်။ နောက်ရက်လာနိုင်အောင် ပိုက်ဆံလည်းလျှော့ပေးလိုက် တယ်။ ဆေးရုံသွားဖို့လိုတဲ့ အရေးကြီးအချက်တွေလည်း ရှင်းပြလိုက်တယ်။ ဒီ့ထက်ပိုပြီး ကျွန်မဘာလုပ်ပေးနိုင် မှာလဲလေ။

သူတို့ကို စိတ်မချလို့ (နှစ်ရက်စာ ဆေးဖိုးဆိုရင်လည်း အများကြီးဖြစ်ပြီး လန်သွားမှာစိုးလို့) တစ်ရက်စာ ပဲပေးပြီး နောက်နေ့ဆက်ဆက်လာဖို့ မှာလိုက်ပါတယ်။ ကျွန်မတို့ ဆေးခန်းဆရာဝန်တွေဟာ လူနာကို နောက်နေ့ဆက်လာပါဦးလို့ခေါ်ဖို့ အတော်ဝန်လေးပါတယ်။ ခေါ်တိုင်းလည်း ပိုက်ဆံလိုချင်လို့ ခေါ်တယ်လို့ အထင်ခံရမှာအရမ်းကြောက်ပါတယ်။ သူတို့ နားလည်နိုင်ဖို့ပဲ ဆုတောင်းပြီးရှင်းပြရပါတယ်။

ကလေးလူနာတွေ အများကြီးကြားထဲမှာအဲဒီကလေးလေးကိုလည်း ကုသပေးပြီးနောက်တော့ မေ့သွားပါတယ်။ အချို့လည်း တစ်ရက်လောက်ပဲလာပြီး ပျောက်သွားကြတာတွေအများကြီးမို့ သိပ်သတိမထားမိ ပါဘူး။ နောက်တစ်နေ့မှာ အပြင်းဖျားနေတဲ့ကလေးတစ်ယောက် လာပြပါတယ်။ သူ့မှတ်တမ်းလေးထုတ်ပြမှ အဲဒီကလေးမှန်း မှတ်မိပါတယ်။ နေ့စွဲကြည့်လိုက်တော့ မနေ့ကလာထားတာ မတွေ့ရပါဘူး။ ကလေးက အခု အဖျားကြီး၊ အသက်ရှူတွေမြန်ပြီး (အရပ်ထဲကပြောသလို ဖုတ်လှိုက်ဖုတ်လှိုက်နဲ့) ရင်ဘတ်နံရိုးလေးတွေလည်း အသက်ရှူလိုက်တိုင်း ချိုင့်ဝင်နေပါပြီ။ အသက်လည်း ခက်ခက်ခဲခဲရှူနေရပါတယ်။ စမ်းကြည့်တော့ဆူညံနေတဲ့ ချွဲသံတွေ အများကြီးကြားရတယ်။ တစ်ရက်အတွင်း ဒီလောက်ဆိုးဝါးသွားရသလား၊ ဆေးမတိုက်ဘူးလား။ မနေ့ ကရောဘာလို့ မလာတာလဲလို့ မေးလိုက်တော့ အိမ်မှာကျန်ခဲ့တဲ့အကြီးလေးလည်း ဖျားပြီး ချောင်းဆိုးလို့အဲဒီ ကလေးရဲ့ ဆေးနှစ်ခွက်ခွဲတိုက်လိုက်ရသတဲ့။ မနေ့ကလည်း ကလေးမသက်သာပေမယ့် ပိုက်ဆံမရှိလို့မလာနိုင် တာပါတဲ့။

ဖြစ်မှဖြစ်ရလေ ညီမရယ် …။ နောက်ကို ပိုက်ဆံမရှိလည်း လာခဲ့။ ကလေးကအရေးကြီးတယ်။ အခု တော့ကလေးဆေးရုံကြီးကို အမြန်ပို့မှဖြစ်မယ်လို့ ရှင်းပြတော့မလွှတ်ပါနဲ့ဆရာမရယ်၊ နောက်နေ့မှန်မှန်လာပါ့ မယ်။ ဆေးရုံတက်ဖို့ပိုက်ဆံမရှိဘူး။ အိမ်မှာလည်း ကလေးသုံးယောက်နဲ့ ယောက်ျားကထောင်ထဲမှာ၊ ကျွန်မက သူများအိမ်အ၀တ်လိုက်လျှော်ရတာလို့ တသီတတန်းကြီးပြောပြတော့တယ်။

ကျွန်မတို့မှာ ဆေးကုသမှုပိုင်းဆိုင်ရာ အတတ်ပညာရှိတယ်။ စိတ်ကောင်းစေတနာရှိတယ်။ မတော် လောဘမရှိဘူး။ ကံဆိုးလွန်းတဲ့ကုသလို့မရနိုင်တဲ့ရောဂါတွေလည်း မဟုတ်ဘူး။ လူနာကလည်း လိုက်နာချင် တယ်။ ဒါပေမယ့် ကျွန်မတို့ကုသလို့မရနိုင်တာတွေ အများကြီးရှိသေးတယ်လို့ လောကကြီးကကျွန်မတို့ကို သင်ခန်းစာပေးခဲ့ပေါင်းလည်း များပါပြီ။ ဒါပေမယ့် ကြုံရတိုင်းလည်း မချင့်မရဲ ခံစားရဆဲပါပဲ။

လောကမှာ ကျွန်မတို့မတတ်နိုင်တာတွေ အများကြီးရှိသေးတယ်ဆိုတဲ့ ထိုးနှက်ချက်တွေဟာ တစ်ခါ တစ်ခါမှာ ဆရာဝန်တွေရဲ့ ကောင်းစေချင်တဲ့ လောဘတကြီး စိတ်ဆန္ဒတွေကို ရိုက်ချိုးကြွေလွင့်သွားစေနိုင်တာ မို့ အမျိုးအမည်မသိတဲ့ ခံစားချက်လေးတွေအကြောင်း ပဲ့တင်ထပ်လိုက်ရပါတယ်။

အမရာ (ဆေး-၁)