?အမာရွတ်ပျောက်ဆေးများအကြောင်း သိကောင်းစရာ?

ဒဏ်ရာဆိုတာတွေက နာကျင်စရာတွေပေးသလိုပဲ အမာရွတ်တွေကတော့ အဲ့ဒီ့ နာကျင်စရာတွေကို ပြန်ပြောင်းသတိရစေနိုင်စွမ်းပါတယ်။ ဒီ့ထက်ပိုဆိုးတဲ့ အချက်ကတော့ အမာရွတ်ဆိုတာ ရှိတဲ့နေရာပေါ်မူတည်ပြီး အသားအရေ အလှအပကို အမြဲတိုက်ခိုက် ထိုးနှက်နေတတ်ပါတယ်။

အမာရွတ်မှန်ရင် ရာနှုန်းပြည့် လုံးဝပျောက်ကွယ်သွားဖို့တော့ မဖြစ်နိုင်ပေမဲ့ စိတ်ဓာတ်မကျပါနဲ့။ ဒီအမာရွတ်တွေ လျော့ပါးသွားအောင် ၊ သိပ်ရုပ်မဆိုးအောင်၊ မမြင်သာ မသိသာအောင်ပြုလုပ်နိုင်တဲ့ ကုသနည်းတွေတော့ အများကြီး ရှိပါတယ်။ ကိုယ့်အတွက် ဘယ်ကုသနည်းက အဆင်အပြေဆုံးဖြစ်နိုင်မယ်ဆိုတာတော့ အရေပြားအထူးကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးရပါမယ်။

? Skin camouflage (make-up)

အမာရွတ်ကို ဖုံးကွယ်ဖို့နဲ့ မသိသာအောင် ပြုလုပ်နိုင်တဲ့ အထူးပြုလုပ်ထားတဲ့ ရေစိုခံမိတ်ကပ်တွေလိမ်းလို့ရပါတယ်။

? Silicone gels or sheets

အမာရွတ်မထင်ခင် အနာကျက်စအချိန်မှာ ဆီလီကွန်ဂျယ်လ် သို့မဟုတ် ဆီလီကွန်ပြားကို အုပ်ထားခြင်းအားဖြင့် အမာရွတ်ကို ပျော့ပျောင်းစေပြီး သိပ်မထင်ရှားအောင် သိပ်မယားအောင် ကူညီပေးနိုင်ပါတယ်။

? Steroids

အမာရွတ်ကြီးကြီး အထူးသဖြင့် ကီးလွိုက်အမာရွတ်လို့ ခေါ်တဲ့ အမာရွတ်တွေနဲ့ ပိုပွားများထူထဲလာတဲ့ အမာရွတ်ကြီးတွေထဲကို စတီးရွိုက်ဆေးထိုးပြီး နည်းနည်းပိုသေးသွားအောင် လုပ်လို့ရပါတယ်။ အမာရွတ်အပေါ်မူတည်ပြီး အကြိမ်ကြိမ်ပြန်ထိုးရတာမျိုးဖြစ်နိုင်သလို လပေါင်းများစွာလည်း ကြာတတ်ပါတယ်။ ထိုးဆေးမဟုတ်ဘဲ စတီးရွိုက်ထည့်သွင်းထားတဲ့ ပလတ်စတာတိပ်ကပ်ပြီးတော့လည်း ကီးလွိုက်အမာရွတ်တွေကို ပြားသွားအောင်လုပ်နိုင်ပါတယ်။

? Laser therapy

လေဆာရောင်ခြည်နဲ့ နီမြန်းနေတဲ့ အမာရွတ်တွေကို အရောင်လျော့သွားအောင်လုပ်လို့ရသလို ချိုင့်ခွက်နေတဲ့ အမာရွတ်တွေကို ပိုချောမွေ့စေဖို့ အကူအညီပေးနိုင်ပါတယ်။ ကျွမ်းကျင်တဲ့ပညာရှင်ဖြစ်ဖို့တော့ အရေးကြီးပါတယ်။

? Cryotherapy

နိုက်ထရိုဂျင်အရည်နဲ့ ကီးလွိုက်အမာရွတ်တွေကို အေးခဲစေတဲ့နည်းနဲ့ ကုသတာဖြစ်ပါတယ်။ အမာရွတ်တွေပိုကြီးထွားမလာအောင်တားနိုင်ပေမဲ့ ဆေးထိတဲ့နေရာတွေမှာ အသားအရောင်ဖြူဖျော့ကွက်သွားတတ်ပါတယ်။

? Dermal fillers

ချိုင့်ခွက်နေတဲ့ အမာရွတ်တွေကို filler ထိုးဆေးတွေထိုးပြီး အသားအရေချောမွေ့ ပြည့်တင်းသွားအောင် ပြန်လုပ်လို့ရပါတယ်။ ကုန်ကျစရိတ်များပါတယ်။ ပြန်ဖြစ်တတ်လို့ ပြန်ပြန်ထိုးနေရတတ်ပါတယ်။

? Skin needling

အပ်သေးသေးမျှင်မျှင်လေးတွေပါတဲ့ လှိမ့်စက်တစ်မျိုးနဲ့ အမာရွတ်တွေ လျော့ပါးသွားအောင် လုပ်ပေးတာဖြစ်ပါတယ်။

? Surgery

အမာရွတ်ကို ခွဲစိတ်ထုတ်တာဖြစ်ပါတယ်။ အဆစ်တွေ အကွေးအဆန့်လုပ်ရခက်စေတဲ့ အမာရွတ်မျိုးတွေမှာ အသုံးဝင်ပါတယ်။ အရေပြားအစားထိုးကုသခြင်းတွေလည်း ပါဝင်တတ်ပါတယ်။ အခန့်မသင့်ရင် ပိုဆိုးသွားတတ်ပါတယ်။ ကျွမ်းကျင်တဲ့ ဆရာဝန်ဖြစ်ဖို့လိုပါတယ်။

? Pressure dressings

ဒီကုသနည်းကိုတော့ အရေပြားအစားထိုးကုခြင်းနဲ့ မီးလောင်နာလို အမာရွတ်တွေမှာ သုံးတတ်ပါတယ်။ ဖိအားကြောင့် အမာရွတ်ကို ပိုပိပြား ပျော့ပျောင်းသွားစေပါတယ်။

? Scars and skin creams

အမာရွတ်ပျောက်လိမ်းဆေးတွေဖြစ်ပါတယ်။ အမာရွတ်လုံးဝပျောက်သွားအောင် မလုပ်ပေးနိုင်ပေမဲ့ ညွှန်ကြားချက်အတိုင်း သေချာ စွဲစွဲမြဲမြဲလိမ်းရင်တော့ တဖြည်းဖြည်း လျော့ပါးသက်သာလာစေမှာပါ။

နာကျင်စရာတွေ အမာရွတ်တွေဝေးကြပါစေ..

Dr ဖြိုးဝေလင်း
(21.9.19)