ဒိုင်ပါခရင်မ်အကြောင်း သိကောင်းစရာ

ဒိုင်ပါခရင်မ်ဆိုတာကတော့ သေးခံ ဒိုင်ပါဝတ်ရတဲ့ ကလေးငယ်တွေနဲ့ နာတာရှည် လူမမာ သက်ကြီးရွယ်အိုတွေအတွက် အမြဲဆောင်ထားဖို့လိုတဲ့ ဆေးဝါးတစ်မျိုးဖြစ်ပါတယ်။

ဒိုင်ပါတစ်ခုဟာ သူရဲ့ အရည်စုပ်ယူနိုင်စွမ်းပမာဏထက် ပိုကြာကြာ ဝတ်ထားပေးမိတဲ့အခါ ထပ်စုပ်မယူနိုင်တော့ဘဲ ဆီးနဲ့ ဝမ်းမှာပါတဲ့ အမိုးနီးယားဓာတ်ကြောင့် အပူလောင်တတ်ပါတယ်။
လေဝင်လေထွက်မရှိဘဲ လှောင်ပိတ်နေတဲ့ အနေအထားကြောင့် အပူလောင်တဲ့ အနာမှာ ပိုးဝင်ပြီး ပိုဆိုးသွားတတ်ပါတယ်။
ဒါကို ဒိုင်ပါလောင်တယ်လို့ ခေါ်ပါတယ်။

ဒိုင်ပါခရင်မ်တွေကို ဒိုင်ပါလောင်တဲ့အခါ ကုသဖို့နဲ့ ဒိုင်ပါလောင်နိုင်ချေရှိတဲ့အခြေအနေမျိုးမှာ ကြိုတင်ကာကွယ်ဖို့ အသုံးပြုရပါတယ်။
အနာပေါ်နဲ့ ဒိုင်ပါထိနေတဲ့ အရေပြားမှာ ခပ်ထူထူလိမ်းပေးရတာ ဖြစ်ပါတယ်။
ဒိုင်ပါခရင်မ်တွေက အရေပြားနဲ့ ဒိုင်ပါကြားမှာ အကာအကွယ်ပေးထားရင်းနဲ့ အသားအရေကို ပြန်လည်ကောင်းမွန်စေပါလိမ့်မယ်။

ဒိုင်ပါခရင်မ်အများစုမှာတော့ Zinc Oxide ပါဝင်တတ်ပြီး အရေပြားကို ချောမွေ့အေးမြစေတဲ့ jojoba၊ရှားစောင်းလက်ပတ်၊Cod Liver oil၊အုန်းဆီ၊lanolin စတဲ့ တခြားပါဝင်ပစ္စည်းတွေလည်း ပါတတ်ပါတယ်။
ဒိုင်ပါခရင်မ် တစ်ခုနဲ့တစ်ခု ပါဝင်ပစ္စည်းတွေ ကွဲပြားတတ်ပေမဲ့ ရည်ရွယ်ချက်တွေကတော့ တူကြပါတယ်။

ဒိုင်ပါလောင်တာ အမြန်သက်သာပျောက်ကင်းစေဖို့ ဒိုင်ပါလဲတဲ့ အချိန်တိုင်းမှာ ဒိုင်ပါခရင်မ်ကို ပြန်လိမ်းပေးထားရပါမယ်။
ဒါ့အပြင် လေဝင်လေထွက်ကောင်းပြီး အနာခြောက်သွေ့စေဖို့ ဖန်တီးပေးရပါမယ်။
ဒီ့အတွက် ဒိုင်ပါလဲချိန်တိုင်းမှာ ချက်ချင်းမဝတ်ပေးဘဲ ခဏလွှတ်ထားတာမျိုး၊ ဒိုင်ပါမပြည့်ခင် ကြိုလဲပေးတာမျိုး လုပ်ရင် ဒိုင်ပါခရင်မ်တွေရဲ့ အာနိသင်ကို ပိုအစွမ်းထက်စေမှာပါ။

ကျန်းမာပျော်ရွှင်ကြပါစေ…

Dr ဖြိုးဝေလင်း
(30.9.19)