သွားနှင့်ခံတွင်းဆိုင်ရာ စောင့်ရှောက်ထိန်းသိမ်းခြင်း အနုပညာ

ပြောရမယ်ဆိုရင် သွားနှင့်ခံတွင်းစောင့်ရှောက်ထိန်းသိမ်းခြင်းဟာလည်း အနုပညာတစ်ရပ်လိုပါပဲ..။ အင်မတန်မှကို သိမ်မွေ့ပြီး အနုစိတ်ကျစွာနဲ့ အရိပ်တကြည့်ကြည့် ပြုစုစောင့်ရှောက်ရတာပါ။

သွားနှင့်ခံတွင်းကျန်းမာရေးအတွက် စောင့်ရှောက်ထိန်းသိမ်းရာမှာ အခြေခံအကျဆုံးဖြစ်တဲ့ အချိန်မှန် စနစ်မှန်သွားတိုက်နည်းကို သွားတိုက်ခြင်းအနုပညာထဲမှာ ရေးခဲ့ပြီးပါပြီ။ ဒီထဲမှာတော့ မြန်မာပြည်မှာ အလုပ်အများဆုံး သွားကို လွဲမှားစွာအသုံးပြုမှု လွဲမှားစွာသန့်ရှင်းမှုတွေကို ဖော်ပြပေးပြီး သွားနှင့်ခံတွင်းကို သေချာစောင့်ရှောက်ထိန်းသိမ်းပေးနိုင်ဖို့ ဆက်ရေးပါမယ်။

သွားဟာ ခန္ဓာကိုယ်မှာ အမာဆုံးအစိတ်အပိုင်းဖြစ်ပေမယ့် လွဲမှားစွာအသုံးပြုရင်တော့ ပျက်စီးဆုံးရှုံးရမှာပါ။ ဘယ်လိုလွဲမှားစွာ အသုံဲးပြုတတ်ကြသလဲဆိုရင် ရှေ့သွားနဲ့ အိတ်တွေကို ကိုက်ဖောက်တာတို့၊ ပုလင်းခွံကို သွားနဲ့ ကိုက်ဖွင့်တာတို့ နောက်ပြီး ရှေ့သွားနဲ့ နေကြာစေ့တွေကို ကိုက်ခွာတာတို့ပါ။ ကျောက်ပြင်ဟာ ရေစက်ထက်မာပေမယ့် ရေစက်အမြဲကျနေတဲ့အခါ ကျောက်ပြင်ချိုင့်သွားရသလိုပဲ သွားတွေဟာလည်း အချိန်ကြာလာတဲ့အခါ အဆိုပါ လွဲမှားစွာ အသုံးပြုမှုတွေကြောင့် ချိုင့်ကုန်တာ ပျက်စီးကုန်တာတွေဖြစ်တတ်တာမို့ သတိထားသင့်ပါတယ်။

နောက်တစ်ချက်က မြန်မာပြည်မှာ အသုံးအများဆုံးဖြစ်တဲ့ သွားကြားထိုးတံသုံးစွဲမှုပါ။ သွားနှစ်ချောင်းကြားမှာ အစားအစာညှပ်တဲ့အခါ သွားကြားထိုးတံနဲ့ အလွယ်တကူသန့်ရှင်းတတ်ကြပါတယ်။ တစ်ခါတစ်လေ အစာမထွက်တဲ့အခါ ဇွဲနဘဲကြီးစွာနဲ့ သွားကြားထိုးတံကို သွားနှစ်ချောင်းကြားထဲ အတင်းထိုးထည့်ပြီး ကလော်ထုတ်တတ်ကြပါတယ်။ အဆိုပါ သွားကြားထိုးတံကြောင့် အချိန်ကြာလာတဲ့အခါ သွားတွေကျဲလာရတတ်ပါတယ်။ ဒါဆို သွားနှစ်ချောင်းကြားအစာညှပ်ရင် ဘာနဲ့ထုတ်ရမလဲ…။ သွားနှစ်ချောင်းကြား သန့်ရှင်းရေးလုပ်နိုင်ဖို့အတွက် သွားကြားပွတ်ကြိုး (Dental Floss) ဆိုတာ ရှိပါတယ်။ သွားကြားပွတ်ကြိုး အလွယ်တကူဝယ်လို့မရရင်လည်း အပ်ချည်ကြိုးလေးနဲ့ သွားနှစ်ချောင်းကြားကို သန့်ရှင်းရေးလုပ်လို့ရပါတယ်။ ကြိုးဟာ သွားကြားထိုးတံနဲ့စာရင် လုံးပတ်သေးပြီး ဘေးတိုက်အားသက်ရောက်မှုလည်း မရှိတဲ့ အတွက်ကြောင့် သွားကျဲမှာ စိုးရိမ်စရာ မလိုဘဲ စားကြွင်းစားကျန်တွေကိုလည်း သန့်ရှင်းစေပါတယ်။

နောက်တစ်ခုက သွားပေါက်ရောက်တဲ့ပုံစံပါ။ သွားပေါက်တာ ပုံစံမကျတာ သွားထပ်တာတွေ ဖြစ်နေတဲ့အခါ သွားမှာ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေရှိတတ်ပါတယ်။ အဆိုပါပြဿနာတွေကိုကျတော့ သွားဘက်ဆိုင်ရာဆရာဝန်နဲ့တိုင်ပင်ပြီး စနစ်တကျ ကုသမှုခံယူရပါမယ်။

သွားကို အရိပ်တကြည့်ကြည့်နဲ့ ပိုးစားနေသလား၊ သွားတိုက်ရင် သွေးထွက်နေသလား၊ ပုံမှန်မဟုတ်ဘူးထင်ရတဲ့ လက္ခဏာတွေ တွေ့နေရသလား ဆိုတာကို အမြဲတစေ စစ်ဆေးနေသင့်ပြီး သွားဘက်ဆိုင်ရာ ဆရာဝန်ထံမှာ ခြောက်လတစ်ကြိမ် အသေးစိတ်စစ်ဆေးကုသမှုခံယူမယ်ဆိုရင် သင့်ရဲ့သွားနှင့်ခံတွင်းကျန်းမာရေးဟာ တိုးတက်ကောင်းမွန်နေမှာ အမှန်ပါပဲ။

သုဈာန်