“အရေပြားအောက်မှာ ထိုးရတဲ့ သားဆက်ခြားထိုးဆေးအကြောင်း”

ဒီနည်းလေးကတော့ နောက်ဆုံးပေါ်အဖြစ် သတ်မှတ်ထားကြတဲ့ ကိုယ်ဝန်တားနည်းတစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အိမ်ထောင်သည်အမျိုးသမီးတွေ အသုံးအများဆုံးနည်းလမ်းဖြစ်တဲ့ ၃ လခံထိုးဆေး (ဒက်ပို) နဲ့ ပါဝင်တဲ့ ဟော်မုန်းချင်း အတူတူပါပဲ။ ကွာခြားချက်တွေလည်း ရှိပါတယ်။

အရင်ဆုံး တူတဲ့အချက်တွေကနေ စပြောချင်ပါတယ်။

၃ လ (၁၃ ပတ်) ကို တစ်ကြိမ် ထိုးရတဲ့ ဆေးဖြစ်ပါတယ်။ ပရိုဂျက်စတင် ဟော်မုန်းတစ်မျိုးတည်းသာ ပါဝင်ပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံကတော့ မမျိုးဥကို မကြွေအောင် တားဆီးပေးတာပါ။ ကိုယ်ဝန်ရတယ်ဆိုတာ အမျိုးသမီးခန္ဓာကိုယ်ထဲက မမျိုးဥနဲ့ အမျိုးသားဆီက သုက်ပိုးနဲ့ ပေါင်းစပ်မိတဲ့အခါ ဖြစ်လာတာမို့ ဒီထိုးဆေးက အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲမှာ မမျိုးဥမကြွေအောင် လုပ်ပေးထားတော့ သုက်ပိုးတွေဝင်လာလည်း ကိုယ်ဝန်မရနိုင်တော့ဘူးပေါ့။

အင်မတန်မှလည်း ထိရောက်မှုရှိတယ်။ မှန်မှန်ကန်ကန်သာ အသုံးပြုမယ်ဆိုရင် ကိုယ်ဝန်ရနှုန်းက အမျိုးသမီးအယောက် ၁,၀၀၀ မှာ ၃ ယောက်ပဲရှိတယ်။ ဆိုလိုတာက ၉၉ ရာခိုင်နှုန်းအထက် ထိရောက်တယ်။ ၃ လမှတစ်ခါ ထိုးရတဲ့အတွက် နေ့စဉ်ဆေးသောက်နေရတာထက်စာရင် အလုပ်ရှုပ်သက်သာတယ်။ သွေးမပေါ်တတ်တာမို့ သွေးပေါ်ရင် အလုပ်ရှုပ်တယ်လို့ ခံယူတတ်တဲ့ အမျိုးသမီးတွေအတွက်ဆိုလည်း ပိုအဆင်ပြေပါတယ်။

ဒီနေရာမှာ ကြုံလို့ပြောရရင်တော့ ဒီဆေးက မမျိုးဥမကြွေအောင် တားပေးတာ။ ရာသီပေါ်တယ်ဆိုတာက ကြွေလာတဲ့ မမျိုးဥလေး သုက်ပိုးနဲ့မပေါင်းလိုက်ရလို့ သေသွားပြီး သွေးအဖြစ်နဲ့ ဆင်းလာတာကို ခေါ်တာ။ ဒီဆေးထိုးထားရင် မမျိုးဥက ကြွေကိုမကြွေတော့တာမို့ သေစရာလည်း အကြောင်းမရှိ၊ ဒီတော့ သွေးအဖြစ်နဲ့လည်း ဆင်းမလာတော့ဘူးပေါ့။ ဒါကြောင့် ဆေးထိုးထားလို့ သွေးမပေါ်တာသည် ဘာပြဿနာမှ မရှိဘူး။

အားနည်းချက်အနေနဲ့ကတော့ ဒီဆေးဟာ ဆေးထိုးရပ်လိုက်ပေမယ့် ကိုယ်ဝန်ပြန်ရဖို့ လအနည်းငယ်စောင့်ရတတ်တာမျိုး ရှိတယ်။ လုံးဝကိုယ်ဝန်မရနိုင်တော့တာတော့ မဟုတ်ဘူး။ လအနည်းငယ် စောင့်ရတတ်တာ။

ဟော်မုန်းပါတဲ့အတွက် ဟော်မုန်းကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ခံစားရနိုင်တယ်။ ခေါင်းမူးတာ၊ ဇက်ကြောတက်တာ၊ ပျို့အန်တာ၊ ကိုယ်အလေးချိန် အပြောင်းအလဲဖြစ်တာ၊ ရင်သားတွေတင်းပြီး နာတာ၊ ဒါတွေဖြစ်နိုင်တယ်။ ဆေးထိုးစမှာ သွေးကမောက်ကမ ဖြစ်တာမျိုးလည်း ရှိတတ်တယ်။

ခုပြောခဲ့တာတွေကတော့ ထိုးဆေးတွေရဲ့ အလုပ်လုပ်ပုံ၊ ထိရောက်မှု၊ အားသာချက်၊ အားနည်းချက်နဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပါတယ်။ ဒါတွေက အသားထဲထိုးတဲ့ ထိုးဆေးဖြစ်ဖြစ်၊ ခုပြောမယ့် အရေပြားအောက် ထိုးတဲ့ဆေးဖြစ်ဖြစ် အတူတူပဲ။

ဒါဖြင့် ဘာတွေကွာခြားသလဲ ဆက်ပြောပါမယ်။

၁။ ပါဝင်တဲ့ဆေးပမာဏ

လက်ရှိသုံးနေတဲ့ အသားထဲထိုးရတဲ့ဆေးက ဟော်မုန်းပါဝင်မှု ပမာဏ ပိုများပါတယ်။ ၁၅၀ မီလီဂရမ်ပါပြီး၊ အရေပြားအောက် ထိုးတဲ့ဆေးကတော့ ၁၀၄ မီလီဂရမ်ပဲ ပါပါတယ်။ ဒါဆို အာနိသင်ကျ ဘာလို့တူနေတာလဲဆိုတော့ အရေပြားအောက်မှာပဲ ထိုးရတာမို့လို့ အသားထဲထိုးတာထက်စာရင် စိမ့်ဝင်မှုပိုကောင်းတဲ့အတွက် ဆေးပမာဏ နည်းနည်းပဲလိုတာကြောင့်ပါ။

၂။ ထုပ်ပိုးပုံ

အသားထဲထိုးရတဲ့ဆေးက ဆေးပုလင်း၊ ဆေးထိုးအပ် သပ်သပ်စီဖြစ်ပြီး၊ ဒီဆေးကတော့ ဆေးဖြည့်ထားပြီးသား တစ်ခါသုံးပုံစံနဲ့ ဖြစ်ပါတယ်။ ဖောက်ပြီး ထိုးလိုက်ရုံပါပဲ။

၃။ ဆေးထိုးတဲ့နေရာ

လက်ရှိသုံးနေတဲ့ဆေးက အသားထဲကို ထိုးတာပါ။ နေရာအားဖြင့် လက်မောင်း သို့မဟုတ် တင်ပါးမှာ ထိုးရတယ်။ အရေပြားအောက် ထိုးရတဲ့ဆေးကတော့ အဆီထဲကို ထိုးတာပါ။ နေရာအားဖြင့် လက်မောင်းနောက်ဘက်၊ ဗိုက်နဲ့ ပေါင်အရှေ့ဘက်တို့မှာ ထိုးရတာပါ။ မြင်သာအောင်ပြောရရင် ဆီးချိုသမားတွေ အင်ဆူလင်ထိုးဆေး ထိုးသလိုပါပဲ။

၎။ ဆေးထိုးပြီးတဲ့အခါ

ဆေးထိုးပြီး မပွတ်ရ၊ မချေရတာချင်း တူပါတယ်။ ဒါပေမယ့် အရေပြားအောက် ထိုးတဲ့ဆေးကတော့ ထိုးပြီးစမှာ အရေပြား အနည်းငယ်ယားယံတာမျိုး ဖြစ်တတ်ပါတယ်။ စိတ်ပူစရာ မလိုပါဘူး။ ပြင်းပြင်းထန်ထန်လည်း မဖြစ်ပါဘူး။

ဒီလိုကွာခြားချက်တွေ ပြောပြီးသွားတဲ့အခါမှာ ဒီဆေးကို ပြောင်းသုံးတဲ့အတွက် ဘာတွေထူးခြားသွားမှာလဲဆိုတာကို ဆက်ပြောပြပါမယ်။

အဓိကရည်ရွယ်ချက်ကတော့ ဒီဆေးကို ဝေးလံသီခေါင်တဲ့၊ ဆရာဝန် ဆရာမ အရောက်အပေါက်နည်းတဲ့ ဒေသတွေက အမျိုးသမီးတွေ အသုံးပြုနိုင်ဖို့ ရည်ရွယ်တာပါ။ အဲဒီရွာတွေမှာက အရံသားဖွားဆရာမတွေပဲ ရှိတတ်တယ်။ သူတို့က ဆေးထိုးအပ်ကိုင်ခွင့်မရှိဘူး။ ဒီတော့ သောက်ဆေး၊ ကွန်ဒုံးတို့ပဲ ပေးလို့ရတယ်။ ခု ဒီဆေးကတော့ ထိုးဆေးဆိုပေမယ့် တစ်ခါသုံးပုံစံနဲ့လာတာမို့ တခြားဘာရည်ရွယ်ချက်နဲ့မှ အလွဲသုံးလို့မရဘူး။ ဒါကြောင့် အရံသားဖွားဆရာမတွေကိုလည်း သုံးခွင့်ပြုတယ်။ ဒီအတွက် အဲဒီလို ဝေးလံသီခေါင်တဲ့ ဒေသက အမျိုးသမီးတွေအနေနဲ့လည်း ၃ လခံဆေး ဆိုတာကို ထိုးလို့ရလာမယ်ပေါ့။

ဒါပေမယ့် မြို့ပေါ်က အမျိုးသမီးတွေအတွက်ကတော့ နောက်ထပ်သားဆက်ခြားနည်းတစ်ခု ထပ်တိုးလာတယ်ပဲ ပြောရမှာပါ။ ကိုယ့်အတွက် ရွေးစရာတစ်ခု ပိုလာတယ်ပေါ့။ ခုဆို ဒီဆေးကို အထွေထွေရောဂါကုဆေးခန်းတွေ၊ ဆေးဆိုင်တွေမှာလည်း ရနေပါပြီ။ ဈေးနှုန်းအားဖြင့်တော့ လက်ရှိ အသားထဲထိုးတဲ့ဆေးထက် နည်းနည်းပိုများတယ်။ ကောင်းတာကတော့ ထိုးရတာ သိပ်မနာတော့ဘူး။ အစပိုင်းမှာတော့ ဆရာဝန် ထိုးပေးတာ ပိုကောင်းပေမယ့် နောက်ပိုင်းမှာဆို ထိုးနည်းသင်လိုက်ပြီးရင် ကိုယ့်ဟာကိုယ် ၀ယ်ထိုးလို့တောင် ရသွားမယ်။ ဆီးချိုသမားတွေ အင်ဆူလင်ထိုးတာ နှစ်ကြာလာရင် ကိုယ့်ဟာကိုယ် ထိုးကြသလိုမျိုးပဲ။ ခရီးတွေဘာတွေ လနဲ့ချီ သွားရင်လည်း ဟိုကျ ဘယ်မှာ ဆေးထိုးရမလဲ စိတ်ပူနေစရာ မလိုတော့ဘူး။

အဆင်ပြေဆုံးကတော့ ဒီလိုတွေ ကိုယ်ဝန်တားဖို့ကို လူမသိစေချင်ဘူး၊ ဆေးခန်းမပြချင်ဘူး၊ ဆေးခန်းထဲ ၀င်သွားရမှာ ရှက်တယ်ဆိုတဲ့ အမျိုးသမီးငယ်တွေအတွက်ပါပဲ။ ဆေးကတ်သုံးရင်တောင် အဲ့ဆေးကတ်ကို ဖွက်နေရဦးမယ်။ ခုကတော့ ၃လကိုတစ်ခါ ကိုယ့်ဟာကိုယ် ထိုးလိုက်ရုံပဲ။ တအားကို အဆင်ပြေသွားလိမ့်မယ်။ ဒါပေမယ့် မဖြစ်မနေ သိထားသင့်တာကတော့ ဒီဆေးဟာ ထိုးဖို့မသင့်တော်သူတွေ ရှိတာမို့ ကိုယ်နဲ့ အဆင်ပြေမပြေ၊ ထိုးဖို့သင့်မသင့် ဆရာဝန်နဲ့ တစ်ခေါက်တော့ အနည်းဆုံးတိုင်ပင်ဖို့လိုမယ် ဆိုတာပါပဲ။

ခုပြောခဲ့တာတွေကတော့ အသစ်ပေါ်နေတဲ့ အရေပြားအောက်ထိုးရတဲ့ ၃ လခံထိုးဆေးအကြောင်း ဖြစ်ပါတယ်။ လက်ရှိအသားထဲထိုးတဲ့ဆေးကို ထိုးနေရင်း ၀လာလို့၊ ဒါမှမဟုတ်လည်း ရာသီသွေးမပေါ်လို့ အရေပြားအောက် ပြောင်းထိုးတာမျိုးကတော့ မထူးပါဘူး။ ဘာလို့ဆိုတော့ အာနိသင်က တူတူပဲမို့ပါ။ ဒါကြောင့် ဒီနည်းအသစ်နဲ့ ခုထိုးနေတဲ့ အသားဆေး ဘာကွာလဲ၊ ပြောင်းလိုက်ရင် ဘာတွေထူးခြားမလဲ ဆိုတာကို သဘောပေါက်ပြီး မှန်မှန်ကန်ကန် ရွေးချယ်အသုံးပြုနိုင်စေဖို့ ရည်ရွယ်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ