ပဲနို့အကြောင်းတစေ့တစောင်း

ယခင် အားကစားဝန်ကြီးဌာနလက်ထက်က ဆောင်ပုဒ်မှာ “မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရ မည်” ဟုဆိုသည်။ သို့သော် အာဆီယံအဆင့်မီအောင်ပင် မနည်းကြိုးစားနေရသည်။ ဘာကြောင့် မတိုးတက်သလဲဟု အဖြေရှာကြည့်ကြရာတွင် မြန်မာ့အားကစားသမားများသည် အခြားနိုင်ငံသားများ နှင့် စာလျှင်သေးကွေးပုညှက်သောကြောင့်ဟု တစ်ချက်ထောက်ပြသည်။ ဘောလုံး၊ ဘတ်စကတ် ဘောကဲ့သို့ အားနှင့်အင်နှင့် တွန်းတွန်းတိုက်တိုက် ကစားရသော ပွဲများတွင် လူကောင်ထွားခြင်း၊ အရပ်မြင့်ခြင်းများက တစ်ပန်းသာပါသည်။

အားကစားနှင့် ပညာရေးပေါင်းစပ်မှုလုပ်ရာတွင် မူကြိုနှင့် မူလတန်ူးကျောင်းသားများအတွက် ကျောင်းကျန်းမာရေး လှုပ်ရှားမှုအဖြစ် နွားနို့တိုက်ပါဟု ယခင်သမ္မတကြီးကညွှန်ကြားခဲ့သည်။ လက် ဘက်ရည်ဆိုင်များတွင်ပင် ချစ်ကောင်းတစ်ခွက်၊ သမ္မတကြီးတစ်ခွက်ဆိုလျှင် ကော်ဖီခါးခါးနှင့် နွားနို့ တစ်ခွက်စီမှာကြောင်း သိလာကြသည်။ ကလေးများ၏ ကာယအား၊ ဉာဏအား ဖွံ့ဖြိုးမှုအတွက် နွားနို့သည် အထောက်အကူပြုပါသည်။ သို့သော် နွားနို့တိုက်ရန် နွားနို့အလုံအလောက်ရနိုင်ဖို့လိုသည်။ ရန်ပုံငွေရှိဖို့လိုသည်။ မူလတန်းကျောင်းတစ်ကျောင်းစာ ကလေးတစ်ရာအတွက်ပင် နွားနို့အလုံအ လောက် ဖြည့်စွမ်းနိုင်မှုမရှိပါ။ ကြိုရ၊ ချက်ရနှင့်လည်းလက်ဝင်ပေသည်။ နို့မှုန့်ဖျော်တိုက်ရန်လည်း ဈေး ကြီးလှ၏။ အသင့်သောက်နို့ပုလင်း (ဥပမာ Pediasur) ဆိုလည်း လူအများအတွက်ကား မကိုက်ပါချေ။ အသင့်ဖျော်ပဲနို့ရည်တိုက်လို့ မရဘူးလားဟု မေးလာပါသည်။

အချို့က ပဲနို့ကို ဆေးနို့မှုန့်ဟုခေါ်ကြသည်။ မိခင်နို့(သို့မဟုတ်) နို့မှုန့်တိုက်စဉ် ကလေးရက်ရှည် ၀မ်းလျှောပါက ယင်းတို့တွင်ပါသော Lactose ဓာတ်ကြောင့်လားဟု စဉ်းစားရသည်။ နို့တိုက်ပြီး မိနစ် ပိုင်းအတွင်း ၀မ်းသွားခြင်း၊ ၀မ်းချဉ်စော်နံကာ စအိုတ၀ိုက်တွင် နီရဲပြီး လောင်နေလျှင် Lactose ကြောင့် ဟုယူဆသည်။ Lactose မပါသော ပဲနို့ကို အစားထိုးပေးပြီး မိခင်နို့(သို့) နို့မှုန့်ကို အနည်းဆုံး (၄၈) နာရီဖြတ်ကြည့်ရသည်။ ၀မ်းတဖြည်းဖြည်း ကောင်းလာမှ ပုံမှန်နို့ကို နည်းနည်းစီပြန်တိုက်ရသည်။ သို့သော် အချို့ကလေးများသည် ပဲနို့အရသာကိုပိုကြိုက်သွားလျှင်လည်းကောင်း၊ မိဘများက ပဲနို့တိုက်လျှင် ၀မ်းမသွားဘူးဟုယူဆ၍လည်းကောင်း နောက်ပိုင်း ပဲနို့ကိုသာစွဲတိုက်ကြသူများရှိသည်။ မိခင်နို့၊ နို့မှုန့်တို့နှင့် နှိုင်းယှဉ်လျှင် ဘာတွေများ ကွာခြားလဲဟုမေးမြန်းလာကြပါသည်။

ပဲနို့သည် ပဲပိစပ်ကိုကြိတ်၍ရသော အရည်ဖြစ်သည်။ တိတိကျကျဆိုရလျှင် အပင်မှရသည့်အ တွက် ပဲပိစပ်အရည်ဟုသာပြောရပေမည်။ တိရစ္ဆာန်မှရရှိသော နို့ကိုသာနို့စစ်စစ်ဟု ယူဆပါသည်။ အသီးအနှံမှရရှိသောအရည်ကို ဖျော်ရည်ဟုသာခေါ်ဆိုသည်။ (ဥပမာ – သင်္ဘောသီးဖျော်ရည်) သို့သော် ပဲပိစပ်ဖျော်ရည်သည် နွားနို့နှင့်အာဟာရတန်ဖိုး ဆတူနီးပါးရှိသဖြင့် ခြွင်းချက်အနေနှင့် ပဲပိ စပ်နို့(ပဲနို့)ဟုခေါ်ခွင့်ပြုခြင်းဖြစ်သည်။

တစ်ဖန်ခွက်စာ နွားနို့နှင့် ပဲနို့ကိုနှိုင်းယှဉ်ကြည့်လျှင် ကယ်လိုရီအနေနှင့်နွားနို့က (၂)ဆနီးပါး ရှိသည်။ ပဲနို့တွင် အချိုဓာတ်ပါဝင်မှုနည်းသည်။ ကစီဓာတ် Lactose မပါချေ။ မိခင်နို့နှင့် နွားနို့တွင် Lactose ပါသည်။ ၀မ်းသွားရက်ကြာလျှင် Lactose ကိုခြေသည့် အင်ဇိုင်းဓာတ်များ အူထဲတွင် နည်း သွားသည်။ ထို့ကြောင့် အူကိုအနားပေးသည့်အနေနှင့် Lactose မပါသော ပဲနို့ကို အစားထိုးတိုက်ခြင်း ဖြစ်သည်။

ပဲနို့တွင် အမျှင်ဓာတ်ပါပြီး နွားနို့တွင် မပါချေ။ အမျှင်ဓာတ်ကြောင့် လူသားအကျိုးပြု ဘက်တီးရီးယားပိုးများ အူထဲတွင် ပွားစေသည်။ ၀မ်းမှန်အောင်ထိန်းပေးနိုင်သည်။

ပဲနို့တွင် ပြည့်ဝဆီပါဝင်မှုမှာ နွားနို့ထက်နည်းပါးပြီး ကိုလက်စထရောလုံးဝမပါချေ။ အထက်ပါ အချက်များကြောင့် အ၀လွန်ကလေးများ၊ ဆီးချိုသမားများအတွက် သင့်လျော်သည်။ ရေရှည်တွင် နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်နိုင်သည်ဟု ဆိုကြသည်။ DHA ခေါ် အဓိကဖက်တီးအက် ဆစ်ပါသည့်အတွက် ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးသည်။ နွားနို့တွင် DHA မပါပေ။

ပရိုတင်း(ခေါ်) အသားဓာတ်ပါဝင်မှုတွင် နွားနို့သည် ပဲနို့ထက် အနည်းငယ်သာပါသည်။ အသားဓာတ်ကို ဓာတ်ခွဲကြည့်လျှင် အဓိက အမိုင်နိုအက်ဆစ်(၂၀)ရှိပါသည်။ မရှိမဖြစ် အဓိကအမိုင်နို အက်ဆစ် (၉)မျိုးလိုသည်။ နွားနို့နှင့် ပဲနို့တွင် ပါသည်။ သို့သော် အခြားအမိုင်နိုအက်ဆစ် (၂)မျိုး (glutamine နှင့် Asparagines) သည် ပဲနို့တွင်မပါချေ။ ထိုဓာတ် (၂)မျိုးသည် ပုံမှန်ထွားနေသော ကလေးများအရေးမကြီးသော်လည်း အာဟာရဓာတ်ချို့တဲ့သူများ၊ နာတာရှည်ရောဂါဖြစ်နေသူများ အတွက် လိုအပ်ပေသည်။ ပဲနို့တွင် လူ့ကိုယ်တွင်းရှိ အသားဓာတ်ခြေဖျက်သည့် အင်ဇိုင်းများကို ဟန့်တားသည့်ဓာတ်များ ပါသည်။ ပဲနို့ကိုရေငွေ့နှင့် အပူပေး၍နာရီဝက်မျှ ကျိုချက်ပြီးထုတ်လုပ်ပါမှ ယင်းဓာတ်များပျက်ပေသည်။ သို့မှသာ ယင်းတွင်ပါဝင်သော အသားဓာတ်ကို အူကကောင်းစွာစုပ်ယူ နိုင်ပေမည်။

ဗီတာမင်အေပါဝင်မှုသည် နွားနို့ထက် အလွန်နည်းပေသည်။ ထို့ကြောင့် ဗီတာမင်အေဖြည့် စွက်ထားသော ပဲနို့ကိုသာ သောက်သုံးသင့်သည်။ ဗီတာမင်ဒီပါဝင်မှုသည်နွားနို့နှင့် ပဲနို့နှစ်မျိုးလုံးတွင် နည်းပါးသဖြင့် ဖြည့်စွက်ဖို့လိုပါသည်။ မှတ်ဉာဏ်ကောင်းစေသော ဗီတာမင်ကိုလင်း (Choline) သည် ပဲနို့တွင်ပါသည်။ နွားနို့တွင် ကိုလင်း DHA နှင့် အမျှင်ဓာတ်ပါဝင်မှုနည်းသဖြင့် ဖြည့်စွက်ပြီးမှ နို့မှုန့်များ ထုတ်လုပ်ထားခြင်းဖြစ်သည်။

ပဲနို့တွင် ထုံးဓာတ် (ကယ်ဆီယမ်) မပါသလောက်ဖြစ်၍ ကယ်ဆီယမ်ဖြည့်စွက်ထားသော ပဲနို့ ကိုသာ သောက်သင့်သည်။ သို့မှသာ အရိုးအဆစ်များသန်မာပေသည်။ အားကစား ကောင်းကောင်း လုပ်နိုင်ပေမည်။ နွားနို့တွင်ကား ကယ်ဆီယမ်ဓာတ်အလုံအလောက်ပါသည်။

ပဲနို့တွင် အမျိုးသမီးဟော်မုန်း အီစထရိုဂျင်နှင့်တူသော အပင်ဟော်မုန်းတစ်မျိုးပါသည်။ ယင်းဟော်မုန်းကြောင့် အသက်ကြီးလျှင် ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေရှိသည်ဟု သီအိုရီအရ ယူဆကြသည်။ အမျိုးသားများတွင် မြုံနိုင်သည်ဟုဆိုသည်။ ယင်းအီစထရိုဂျင်ဓာတ်များ လျော့သွားအောင် ပဲနို့ရည်ကို အချဉ်ဖောက်ပြီး ထုတ်လုပ်လာကြသည်။

ကောင်းကျိုး၊ ဆိုးကျိုးများကိုသာ နှိုင်းဆမည်ဆိုလျှင် မိခင်နို့က ပထမ၊ နွားနို့နှင့် နို့မှုန့်က ဒုတိယ၊ ပဲနို့က တတိယဟုဆိုရချေမည်။ ပဲနို့သောက်မည်ဆိုလျှင် ဘေးထွက်ဆိုးကျိုးနည်းအောင် အဆင့်မြင့်နည်းပညာဖြင့် ထုတ်လုပ်ရောင်းချသော ပစ္စည်းများကိုသာ သုံးသင့်သည်။ ပဲနို့ချည်းသက် သက်မဟုတ်ဘဲ ဗီတာမင်အေ၊ ဒီနှင့် ကယ်ဆီယမ်ဖြည့်စွက်ထားသော ပြုပြင်ပြီးပဲနို့များသာ နွားနို့နှင့် အာဟာရတန်ဖိုးတူဖြစ်နိုင်ပေသည်။

နို့မှုန့်အစားပဲနို့ချည်းသက်သက် စွဲမတိုက်သင့်ပါ။ အထူးသဖြင့်အသက် (၆)လအောက်တွင် မတိုက်သင့်ပါ။ တစ်ပတ် လေးခါ၊ ငါးခါတိုက်လျှင် နွားနို့အစားထိုး တန်ဖိုးနည်းပြီး ကောင်းမွန်သောနို့ ဖြစ်သဖြင့် ကျောင်းကျန်းမာရေးအာဟာရကျွေးမွေးခြင်းတွင် ထည့်သွင်းနိုင်ပါသည်။ သေချာသည်ကား အ၀လွန်ကလေး၊ ဆီးချိုရောဂါရှိသူများအတွက် တန်ဖိုးနည်း အာဟာရပြည့်ဝသော နို့အမှန်ပင်ဖြစ်ပေ သည်။

ဒေါက်တာအောင်ကြည်ဝင်း