“ဆေးတောင့်ကို ချိုးဖို့ အလျင်မလိုပါနဲ့  “

သင်ကိုယ်တိုင် သို့မဟုတ် သင်ဆေးတိုက်ရမယ့်သူက ဆေးပြား ဆေးတောင့်တွေကို မျိုချဖို့ အခက်အခဲ ရှိတဲ့အခါ ဆေးပြားကို ချိုးလိုက်ဖို့ ဟာ အလွယ်ဆုံးတွေးမိလိုက်ကြတာပါပဲ။ ဒါမှမဟုတ် capsule တောင့်ကို ဖြုတ်ပြီး အမှုန့်တွေကို အစားအစာ အစာတစ်ခုခု ဖျော်ရည် တစ်ခုခုနဲ့ ရောလိုက်ခြင်းကလည်း ဆေးရည်လိုဖြစ်သွားတာပေါ့လို့ သင့်ဆရာဝန်ကို သင်က ဆင်ခြေပြန်ပေးလို့ရပါတယ်။ ဒါပေမယ့် အသေအချာ မစစ်ဆေးဘဲ ဆေးပြားတွေကို ချိုးတာ capsule တောင့်ကို ဖွင့်တာကို မလုပ်သင့်ပါဘူး။ ဆေးနဲ့အတူပါလာတဲ့ အညွှန်းစာရွက်ကို တစ်ချက်စစ်ဆေးကြည့်သင့်ပြီး အဲ့ဒီ အညွှန်းက ဒီဆေးဟာ ချိုးလို့ ဖွင့်လို့ ပြီးတော့ အစာနဲ့ရောလို့ ရမရကို ကြည့်ရမှာပါ။

ချိုးဖဲ့ဖို့ မညွှန်ကြားထားတဲ့ ဆေးတွေကို ချိုးလိုက်ခြင်းအားဖြင့်ဘေးထွက်ဆိုးကျိုး ရှိလာနိုင်ပါတယ်။ဆေးဟာ သူ့ရဲ့ လုပ်ငန်းစဉ်ကို ကောင်းကောင်း မဆောင်ရွက်တာ ဖြစ်နိုင်ပါတယ် အဲ့ဒီအတွက် သင်ပြန်လည်ကျန်းမာ လာမှုကို ကြန့်ကြာစေပါတယ်။

ယနေ့ခေတ်ပေါ်ဆေးဝါးတွေတည်ဆောက်မှုဟာ အလွန်အဆင့်မြင့် ရှုပ်ထွေးပြီး ဒီဆေးကို ဘယ်လိုအလုပ်လုပ်စေမယ် ဆို တဲ့ နည်းပညာတွေဟာလည်း ဆန်းကြယ်လာပါတယ်။ သုတေသနတွေအရ တစ်ချို့ ဆေးပြားတွေကို အထူးပြုဖော်စပ်ထားပြီး အာနိသင်ကို တဖြည်းဖြည်းချင်း ထုတ်လွှတ်အောင် စီမံထားတာ ဖြစ်လို့ သင်ဟာ တစ်နေ့ကို ဆေးတစ်လုံးပဲသောက်ရုံနဲ့ လုံလောက်နိုင်ပါတယ်။ အဲ့ဒါကြောင့် တစ်ချို့ဆေးဝါးတွေရဲ့ အပြင်အကာ (coating ) ဟာ ဆေးကို အစာအိမ်ကို ထိခိုက်ခြင်းမှ ကာကွယ်စေပြီး တဖန် အစာအိမ်မှ အက်ဆစ်ကလည်း ဆေးကို ရုတ်တရက် ချေဖက်ပစ်လို့ မရအောင် စီမံထားတာ ဖြစ်ပါတယ်။

အဲ့ဒီလိုဆေးတွေရဲ့ အထူးပြုလုပ်ထားချက်တွေဟာ ဆေးကို ချိုးချေလိုက်ခြင်း ဖွင့်လိုက်ခြင်းဖြင့် ပျက်စီးသွားစေပြီး မတူညီတဲ့ အာနိသင်တွေ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေမှာပါပဲ။

ဆေးရဲ့ အပေါ်ရံအကာ ( coating ) တွေမှာ ရည်ရွယ်ချက် အမျိုးမျိုး ရှိပါတယ် ။

Sugar or film coating
(သကြား အလွှာပါးအုပ်ထားခြင်း ) က ဆေးရဲ့ အရသာမခါးသက်စေဖို့ပါ ။ အဲဒီလိုဆေးကို ချိုးလိုက်တဲ့အခါ အရသာဆိုးဝါးပြီး သောက်ရခက်စေပါတယ် ။

Enteric coating (အူလမ်းကြောင်းရောက်သည်အထိ ကာကွယ်ခြင်း )

ဒီဆေးမျိုးက ပိုလို့တောင် မချိုးသင့်ပါဘူး ။ အပေါ်က အုပ်ထားတဲ့ coating ဟာ ဆေးက အစာအိမ်ကို ထိခိုက်မှာကို ကာကွယ်ပေးပြီး အစာအိမ်က အက်ဆစ်တွေကလည်း ဆေးကို ရန်မပြုနိုင်အောင်ပါ။ ဆေးဟာ သူရဲ့ အာနိသင်ကို အူထဲရောက်မှ ထုတ်လွှတ်ပြီး စုပ်ယူစေတာမျိုး ဖြစ်ပါတယ်။ after the stomach ပါ ။

Modified release ( အာနိသင် တဖြည်းဖြည်းချင်းထုတ်လွှတ်)
ဒီဆေးမျိုးကတော့ မကြာခဏ မသောက်ရအောင် အာနိသင်ကို ဖြည်းဖြည်းချင်း ထုတ်လွှတ်အောင် စီမံထားတာပါ။ ခန္ဓာကိုယ်ထဲမှာ ဆေးအာနိသင်ဟာ ဖြည်းဖြည်းချင်း မြင့်တက်လာတဲ့အတွက် ဘေးထွက်ဆိုးကျိုးကိုလည်း လျော့နည်းစေနိုင်ပါတယ်။ ဒီဆေးမျိုးကိုလည်း ဘယ်တော့မှ မချိုးလိုက်ပါနဲ့ ။ ချိုးလိုက်ခြင်းဖြင့် ဆေးအာနိသင်ဟာ လျင်မြန်စွာ မြင့်တက်လာရင် အန္တရာယ်တောင်ဖြစ်နိုင်လို့ပါပဲ ။

ချိုးခြင်းအစား ဘာလုပ်နိုင်ပါသလဲ?

သင့်ရဲ့ ဆရာဝန်ဆရာမနဲ့ ပြန်လည် ဆွေးနွေးပြီး သင်သောက်လို့လွယ်ကူစေမယ့် အာနိသင် အလားတူ အရွယ်ပမာဏသေးငယ်သော ဆေး သို့မဟုတ် အဲ့ဒီဆေးကိုပဲ အရည်ပုံစံ ရနိုင်လျှင် ပေးဖို့ တောင်းဆိုကြည့်ပါ။

သင်ဟာ ဆေးနဲ့အတူပါလာတဲ့ အညွှန်းစာရွက်ကို နားမလည်ခဲ့ရင် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အညွှန်းစာရွက်ပြသပြီး ဒီဆေးဟာ ချိုးလို့ ဖွင့်လို့ ရမရ သို့မဟုတ် ချိုးပြီး အစာနဲ့ ရောနယ်ကာ သောက်လို့ ရမရကို အကြံပြုချက် ရယူပါ။

ခွန်းညိုသွေး

Ref – www.rosemontpharma.com