ကိုယ်ဝန်ဆောင်နေစဉ် ခင်ပွန်းသည်ပူဆာရင်အလိုလိုက်သင့်လား? သားသားမီးမီးလေးကို ထိခိုက်မှာလား?

ကိုယ်ဝန်ဆောင် group တွေထဲ မေမေဗိုက်တို့အချင်းချင်း မေးမြန်းအကြံဥာဏ်တောင်းတဲ့အထဲ ဒီမေးခွန်းလေးကို မကြာခဏဆိုသလိုတွေ့ရလို့ ဒီဆောင်းပါးလေးရေးဖြစ်တာပါ။

မေမေတွေအချင်းချင်းမေးကြ ဖြေကြတာလေးတွေဖတ်ကြည့်တော့ အားလုံးက မိမိအတွေ့အကြုံ ၊ပတ်ဝန်းကျင်မှာတွေ့ဖူး ကြားဖူးတာလေးတွေကို စေတနာအပြည့်နဲ့ဖြေပေးကြတာတွေ့ရပါတယ်။

ဒါပေမယ့် အချို့အယူအဆလေးတွေက ကျန်းမာရေးရှုထောင့်ကကြည့်ရင်လွဲမှားနေတာလေးတွေရှိလို့ ကျန်းမာရေးအသိပညာအမှန်ကိုMy Doctor မှတစ်ဆင့်မျှဝေပေးပါစေ မေမေဗိုက်တို့ရေ!

အစအဆုံးသေချာဖတ်ကြည့်ပေးနော်!

အမှန်ကတော့…..ပုံမှန်ကိုယ်ဝန်ဆောင်အများစုအနေနဲ့ ကိုယ်ဝန်ပထမ ၃လ (၁၂ ပတ်) နဲ့ မီးဖွားခါနီး ၁လ အလိုမှာ ခင်ပွန်းသည်နဲ့ အတူနေခြင်းကိုရှောင်ကြဉ်သင့်ပါတယ်။

ကြားကာလအတွင်း အတူနေမယ်ဆိုရင်လည်း

ကြမ်းတမ်းစွာမနေဖို့ ၊ ပုံမှန်မဟုတ်တဲ့ဆက်ဆံနည်းတွေ (ဥပမာ – စအိုနဲ့လိင်ဆက်ဆံခြင်း၊ ပစ္စည်းကိရိယာများသုံးပြီးလိင်ဆက်ဆံခြင်း)မသုံးဖို့ ၊ ကိုယ်ဝန်လရင့်လာလို့ ဗိုက်ထွက်လာတဲ့အခါမှာလည်း အမျိုးသမီးကိုအပေါ်ကနေစေခြင်း၊ အမျိုးသမီးကို ဘေးစောင်းလှဲခိုင်းပြီး အမျိုးသားဖြစ်သူက နောက်ကျောဘက်မှနေတဲ့ အနေအထားမျိုးက အသင့်တော်ဆုံးဖြစ်ပါတယ်။

ကြားကာလမှာ မေမေနဲ့ဖေဖေအတူနေရင် ဗိုက်ထဲကသားသားမီးမီးလေးကို ထိခိုက်မှာလား?
စိတ်မပူပါနဲ့။ သားသားမီးမီးလေးအတွက်ရေမွှာအိတ်ရယ်…သန်မာတဲ့သားအိမ်ကြွက်သားတွေရယ်….သားအိမ်ခေါင်းကအချွဲတွေရယ်က သားသားမီးမီးလေးကို မထိခိုက်အောင်ရော၊ ရောဂါပိုးတွေသားသားမီးမီးလေးဆီရောက်မလာအောင်ရော ကာကွယ်ပေးထားပါတယ်။ ဒါ့အပြင် အမျိုးသားအင်္ဂါကလည်း မိန်းမကိုယ်ကို ကျော်လွန်ပြီး သားအိမ်ထဲအထိမရောက်နိုင်တာမို့ ကလေးလေးကိုမထိခိုက်နိုင်ပါဘူးနော်။

လမစေ့မီကလေးစောမွေးတာ၊ကိုယ်ဝန်ပျက်ကျတာမျိုးရော ဖြစ်နိုင်လား?
ဖြစ်နိုင်ချေနည်းပါတယ်။ ပုံမှန်ကိုယ်ဝန်ဆောင်တွေအနေနဲ့ အမျိုးသားနဲ့အတူနေတာ၊ ဆန္ဒပြီးမြောက်သွားတာတို့ကြောင့် သားသားမီးမီးလေးကိုစောမွေးတာ၊ကိုယ်ဝန်ပျက်ကျတာတို့မဖြစ်နိုင်ပါဘူး။ ဆန္ဒပြီးမြောက်ချိန်မှာ သားအိမ်ကျုံ့ခြင်းဖြစ်ပေါ်ပေမယ့် ကိုယ်ဝန်ကိုထိခိုက်စေလောက်တဲ့ထိ မပြင်းထန်တဲ့အပြင် ဒါဟာခဏလေးပြဲဖစ်တာမို့ပါ။

ဒါဆို ဘယ်လိုကိုယ်ဝန်ဆောင်တွေမှာ ခင်ပွန်းသည်နဲ့ အတူနေတာကို လုံးဝရှောင်သင့်လဲ?
အရေးကြီးဆုံးအချက်က ကိုယ်ဝန်ရှိပြီဆိုကတည်းက သားဖွားမီးယပ်ဆရာဝန်နဲ့ပြသပြီး ကိုယ်ဝန်အပ်ဖို့ပါပဲ…. လူအများစုထင်ကြတာက ” ကိုယ်ဝန် ၅လ ၆လလောက်မှ ကိုယ်ဝန်အပ်မယ်”…..”ဗိုက်နာမှဆေးရုံတက်မွေးလိုက်မယ်”ဆိုတဲ့ မှားယွင်းတဲ့အတွေးတွေပါ……တကယ်တော့ ကိုယ်ဝန်စရှိကတည်းက ကိုယ်ဝန်အပ်ခြင်းဟာ မိခင်ကျန်းမာရေး ကလေးကျန်းမာရေး အပြင်…..အပေါ်မှာပြောထားတဲ့ ကိုယ်ဝန်ဆောင်စဉ် အိမ်ထောင်ရေးသုခ အတွက်ပါ အလွန်အရေးပါပါတယ်….

ကိုယ်ဝန်အပ်တဲ့အချိန် စမ်းသပ်စစ်ဆေးပြီး အောက်ပါအခြေအနေ တွေရှိလာခဲ့မယ်ဆိုရင်တော့ ဆရာဝန်က သင့်ကို သင့်အမျိုးသားနဲ့အတူမနေဖို့ အကြံပြုပါလိမ့်မယ်….

  • (1) အချင်းရှေ့ရောက်ခြင်း
  • (2) ကလေးစောမွေးနိုင်သောအခြေအနေရှိခြင်း
  • (3) အကြောင်းရင်းရှာမရဘဲ မိန်းမကိုယ်မှ သွေးဆင်းခြင်း/အဖြူဆင်းခြင်း
  • (4)သားအိမ်ခေါင်းမလုံခြင်း
  • (5)သားအိမ်ခေါင်းမလုံခြင်း
  • (6)ရေမွှာရည်ပေါက်ခြင်း
  • (7) မိန်းမကိုယ်နဲ့အနီးတစ်ဝိုက်တွင် ရေယုန်ပေါက်ခြင်း
  • (8) သင့်ခင်ပွန်း၏လိင်အင်္ဂါနဲ့အနီးတစ်ဝိုက်တွင် လတ်တလော ရေယုန်ပေါက်ခြင်း (သို့မဟုတ်) အရင်က ရေယုန်ပေါက်ဖူးခြင်း
  • (9)သင့်ခင်ပွန်း၏နှုတ်ခမ်း၊ပါးစပ်တွင် ရေယုန်ပေါက်နေပါကလည်း ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းကိုရှောင်ရှားသင့်ပါတယ်။
  • (10)သင် (သို့)သင့်ခင်ပွန်း (သို့)နှစ်ဦးစလုံးတွင် လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများရှိနေခြင်း….

စတဲ့အခြေအနေတွေအပါအဝင် အခြားအခြေအနေတစ်ခုခုကြောင့် လိင်ဆက်ဆံခြင်းကိုရှာင်ရှားရန် ဆရာဝန်ကအကြံပေးလာခဲ့ရင်တော့ မေမေဗိုက်တို့အနေနဲ့သေချာလိုက်နာသင့်ပါတယ်။

ခင်ပွန်းသည်ကိုလည်း နားလည်အောင်သေချာရှင်းပြဖို့လိုပါတယ်နော်။ (လိင်ဆက်ဆံခြင်းကိုရှောင်ရှားခိုင်းတယ်ဆိုရာမှာ ခင်ပွန်းသည်နဲ့သမရိုးကျအတူနေဖို့ရှောင်ရှားရုံသာမက ….ပါးစပ်နဲ့လိင်ဆက်ဆံခြင်း၊လက်ကိုအသုံးပြုပြီးလိင်ဆက်ဆံခြင်း၊အခြားသောပစ္စည်းများကိုအသုံးပြု၍လိင်ဆက်ဆံခြင်း၊ မိမိဘာသာ အာသာဖြေခြင်း ….စတာတွေပါ အားလုံးရှောင်ကြဉ်ရမှာပါနော်)

***နောက်ဆုံးတစ်ခုအနေနဲ့ သတိပေးလိုတာကတော့…..
မေမေဗိုက်တို့ ခင်ပွန်းနဲ့ အတူနေပြီးနောက်

  • အဖြူဆင်းတာ
  • သွေးဆင်းတာ
  • မိန်းမကိုယ်ထဲကနာတာ
  • ဆီးစပ်ကိုက်၊ခါးကိုက်တာမျိုး ဖြစ်လာခဲ့ရင် ဆရာဝန်နဲ့ပြပါ….

ရှက်ရွံမနေဘဲ ဆရာဝန်ကိုပွင့်ပွင့်လင်းလင်းတိုင်ပင်ပါ…ဒါမှသာ ဆရာဝန်အနေနဲ့ ဖြစ်နိုင်ချေရှိတဲ့ရောဂါအခြေအနေတွေကို သေချာသုံးသပ်နိုင်ပြီး…တိကျမှန်ကန်တဲ့ ကုသမှု၊လမ်းညွှန်မှုတွေပေးနိုင်မှာဖြစ်ပါတယ်

မေမေတို့ရေ…… ***

မေမေဗိုက်တို့အားလုံး နားလည်မှုရှိတဲ့ခင်ပွန်းသည်၊ချစ်စရာကောင်းတဲ့သားသားမီးမီးလေးတွေနဲ့ ကျန်းမာပျော်ရွှင်တဲ့မိသားစုလေး ပိုင်ဆိုင်နိုင်ပါစေ….

ဒေါက်တာဝင်း(UM 2)