🍎🍋🍊🍒 အသားအရည်အတွက် ဗိုက်တာမင်စီ ရဲ့ ကောင်းကျိုးများ🍒🍊🍋🍎

လူ့တန်ဖိုးနဲ့ အလှတရားကို အရေပြားတစ်ထောက်စာနဲ့ အကဲမဖြတ်သင့်ဘူးလို့ ဆိုကြတယ်။ အပေါ်ယံအရေပြားထက် အတွင်းစိတ်အလှတရားနဲ့ ကိုယ်ပိုင်အရည်အချင်းကသာ အဓိကလို့လည်း ပြောကြတယ်။ ဒါပေမဲ့လည်း လူတစ်ယောက်ကို မြင်လိုက်တာနဲ့ အရင်ဆုံးမြင်ရတာက အရေပြားဖြစ်သလို ခန္ဓာကိုယ်ရဲ့ အကြီးဆုံး အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ ဒီတော့ ပတ်ဝန်းကျင်အမြင်မှာ လှပတင့်တယ်နေဖို့တင်မကဘဲ ကိုယ်ခန္ဓာရဲ့ အတွင်းအစိတ်အပိုင်းတွေကို လုံလုံခြုံခြုံကာကွယ်ပေးနိုင်ဖို့ ရာသီဥတုဒဏ် ရောဂါပိုးမွှားဒဏ်တွေကို ကာကွယ်ပေးနိုင်ဖို့အတွက် အသားအရည်ရဲ့ကောင်းမွန်ကြံ့ခိုင်ခြင်းကို သေချာဂရုစိုက်ဖို့လိုအပ်လှပါတယ်။

🍇အသားအရည်ကောင်းဖို့ Vitamin C ဘာလို့လိုတာလဲ ??

ပုံမှန်လူ့အရေပြားမှာ Vitamin C ပါဝင်ပြီး အသားအရည်အတွက် အဓိကအလုပ်နှစ်ခု တာဝန်ယူပေးပါတယ်။

▪ပထမတာဝန်ကတော့ အသားအရည် ကြံ့ခိုင်မှုအတွက် မရှိမဖြစ်အရာတစ်ခုဖြစ်တဲ့ Collagen ထုတ်လုပ်ဖို့ လှုံ့ဆော်ပေးပါတယ်။ လှပတင်းရင်းတဲ့ အသားအရည်တစ်ခုဖြစ်ဖို့ဆို Collagen မပါလို့ မဖြစ်ပါဘူး။ ဒီတော့ Vitamin C ကလည်း တစ်နွယ်ငင် တစ်စင်ပါပြီး မရှိမဖြစ်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေရပါတယ်။

▪ဒုတိယတာဝန်ကတော့ Viamin C ရဲ့ Antioxident property လိုခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်မှုဂုဏ်သတ္တိကို အစွမ်းပြရတဲ့ တာဝန်ပေါ့။ နေရောင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်(UV)တွေဟာ အရေပြားကို ထိခိုက်ပျက်စီးစေပြီး အရေပြားကင်ဆာ ဖြစ်စေနိုင်တဲ့ အထိတောင် အဆိုးဆုံးဖြစ်နိုင်ပါတယ်။ ဒီ ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရည်ပျက်စီးမှုကို Vitamin C က antioxident protection လုပ်ရာမှာ အများကြီး အထောက်အကူပေးပါတယ်။ ဒီနေရာမှာတော့ အသားအရည်အတွက်တင်မကပါဘူး။ ဆဲလ်တွေကို သေစေပြီး ကိုယ်ခန္ဓာတစ်ခုလုံးရဲ့ ကျန်းမာရေးကို ထိခိုက်စေမဲ့..အအိုမြန်စေမဲ့ Free Radicals ဆိုတာတွေရဲ့ အန္တရာယ်ကိုလည်း Vitamin C ရဲ့ ဒီဂုဏ်သတ္တိနဲ့ ကာကွယ်တားဆီးနိုင်တယ်လို့လည်း ဆိုကြပါတယ်။

🍇Vitamin C ချို့တဲ့လာရင် ဘာဖြစ်မလဲ ??

အိုမင်းလာတဲ့အခါ ဒါမှမဟုတ် နေရောင်ကြောင့် အသားအရည်ပျက်စီးလာတဲ့အခါ အရေပြားမှာ Vitamin C ချို့တဲ့လာတတ်ပါတယ်။ Vitamin C ချို့တဲ့လာတာကို Scurvy လို့ခေါ်ပါတယ်။ အရေပြားက နည်းနည်းထိရုံနဲ့ ထိခိုက်လွယ်လာပြီး သွားဖုံးသွေးယိုတာ ဆံသားပျက်စီးတာတွေလည်း တွဲဖြစ်တတ်ပါတယ်။ အနာတစ်ခုဖြစ်ရင်လည်း ကျက်ဖို့နှေးသွားတတ်ပါတယ်။ ကိုယ်ခံအားစနစ်ပါ အားနည်းလာတဲ့အတွက် အရေပြားပေါ်က ပိုးမွှားတွေတင်မက တခြားရောဂါတွေကိုပါ လက်ယပ်ခေါ်နေသလိုဖြစ်တတ်ပါတယ်။

▪အချုပ်ဆိုရရင်တော့ Vitamin C ရဲ့ဂုဏ်သတ္တိနဲ့ အာနိသင်တွေကို အသုံးချပြီး ခုဆိုရင် အလှကုန်ပစ္စည်းနဲ့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေမှာ Vitamin C ကိုပါ ထည့်သွင်းထုတ်လုပ်လာကြပါတယ်။ ဒါပေမဲ့ Vitamin C ကြွယ်ဝတဲ့ အစားအသောက်ဓာတ်စာတွေနဲ့ ဆေးတွေလောက် ထိရောက်မှုရှိမရှိကို သက်သေပြနိုင်ဖို့တော့ သုတေသနတွေ လိုနေပါသေးတယ်။

အားလုံး အသားအရည်ရဲ့ ကောင်းခြင်းနဲ့ ပြည့်စုံပြီး ကျန်းမာပျော်ရွှင်ကြပါစေ..

Dr ဖြိုးဝေလင်း

(28.6.19)