အကာအကွယ်၏အရေးပါအရာရောက်မှု

လိင်မှုတစ်ဆင့်ကူးစက်တဲ့ရောဂါတွေရဲ့ ပြန့်ပွားနှုန်းကို အဓိကလျှော့ချဖို့နည်းလမ်းကတော့ လိင်ဆက်ဆံရာမှာ ကွန်ဒုံးသုံးဖို့ပါပဲ။ STI ( Sexually transmitted infections) လို့ခေါ်တဲ့ လိင်မှုတစ်ဆင့်ကူးစက်တဲ့ရောဂါတွေမှာ HIVပိုးကြောင့်ဖြစ်တဲ့ AIDS ရောဂါ၊ Chlamydia ၊ လိင်အင်္ဂါမှာရေယုန်ပေါက်ခြင်း၊ လိင်အင်္ဂါကြွက်နို့၊ ဂနို၊ အသည်းရောင်အသားဝါ ဘီနဲ့ ဆစ်ဖလစ်ရောဂါတို့ပါဝင်ပါတယ်။ ဒီရောဂါတွေကို ပါးစပ်နဲ့လိင်ဆက်ဆံခြင်း၊ ဓမ္မတာအတိုင်းမဟုတ်ဘဲ စအိုမှတစ်ဆင့်ဆက်ဆံခြင်းစတဲ့ ပုံမှန်မဟုတ်တဲ့ နည်းလမ်းတွေနဲ့ ဆက်ဆံရင်လည်း ကူးစက်နိုင်ပါတယ်။

ကွန်ဒုံးဟာ လိင်ကနေတစ်ဆင့်ကူးစက်တဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ သားဆက်လည်းခြားပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဟာ လိင်ဆက်ဆံတဲ့အခါ သူ့ရဲ့အမျိုးသားမှာ ရောဂါရှိခဲ့ရင်တောင် ကွန်ဒုံးသုံးရင် ကိုယ်ဝန်သည်အမျိုးသမီးကိုရော သူ့ရဲ့ကလေးငယ်ကိုပါ STI တွေကူးစက်ခြင်းကကာကွယ်ပေးနိုင်ပါလိမ့်မယ်။

Anal Sex မှာ ကွန်ဒုံးသုံးခြင်းဟာ သဘာဝအတိုင်းဆက်ဆံတဲ့နည်းထက်စာရင် ပိုပေါက်ပြဲလွယ်ပါတယ်။ သဘာဝအတိုင်းမဟုတ်တဲ့အတွက် ချောမွေ့စေတဲ့အရည်မရှိတာကြောင့်နဲ့ အခြားသော friction နဲ့ Stress များကြောင့် ပိုမိုပေါက်ပြဲစေပါတယ်။

အချို့ကျတော့လည်း ကွန်ဒုံးကို ပုံမှန်လိင်ဆက်ဆံတာမှာအပြင် Oral Sex၊ Anal Sex အစရှိတဲ့နေရာတွေမှာပါ သုံးကြပါတယ်။ ဒီလိုသုံးခြင်းဟာ လိင်ကနေတစ်ဆင့်ကူးစက်တဲ့ရောဂါတွေကို အပြည့်အဝကာကွယ်ပေးမယ်လို့တော့ ပြောလို့မရပြန်ပါဘူး။ ပုံမှန်မဟုတ်တဲ့အတွက် ပေါက်ပြဲခြင်း အလွန်တကူဖြစ်နိုင်တဲ့အပြင် သုံးရမယ့်နေရာမဟုတ်တာကြောင့်ပါ။

Sexually Transmitted Infections တွေဟာ အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာထိဖြစ်နိုင်သလို ကလေးအသေမွေးခြင်း၊ ကလေးမရနိုင်တော့ခြင်း၊ ခန္ဓာကိုယ်ရဲ့ နှလုံး၊ ကျောက်ကပ်နဲ့ ဦးနှောက်တို့ကိုပါ နောက်ဆက်တွဲဆိုးကျိုးတွေပနေနဲ့ထိခိုက်နိုင်ခြင်း စတဲ့ Complicationsတွေဝင်စေပါတယ်။ ကွန်ဒုံးကို မှန်ကန်တဲ့နေရာမှာ မှန်ကန်တဲ့ နည်းလမ်းနဲ့အသုံးပြုမယ်ဆိုရင် လိင်ကနေတစ်ဆင့်ကူးစက်တဲ့ရောဂါတွေကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။

ကွန်ဒုံးကိုမှန်ကန်စွာအသုံးမပြုဘဲ STI တွေဝင်လာခဲ့ရင်တော့ ဆရာဝန်နဲ့အမြန်ဆုံးတိုင်ပင်ကုသရမှာဖြစ်ပါတယ်။
STI တွေရဲ့ ရောဂါလက္ခဏာတွေကတော့

-မိန်းမကိုယ်၊ စအို၊ လိင်တံမှ သဘာဝမဟုတ်သော အရည်များထွက်ခြင်း

-လိင်ဆက်ဆံလျှင်၊ ဆီးသွားလျှင် အလွန်အမင်း ပူလောင်နာကျင်ခြင်း

-အမျိုးသားများတွင် ကပ္ပယ်အိတ်အောင့်ခြင်း၊ အမျိုးသမီးများတွင် ဗိုက်အောင့်ခြင်း

-ပါးစပ် သို့မဟုတ် လိင်အင်္ဂါတွင် အနာဖြစ်ခြင်း၊ အရည်ကြည်ဖုများထွက်ခြင်း၊ ကြွက်နို့ပေါက်ခြင်း

-တုပ်ကွေးကဲ့သို့သော ရောဂါလက္ခဏာအချို့ပေါ်ခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းစသည်တို့ပဲဖြစ်ပါတယ်။

ဒါကြောင့် အကာအကွယ်ဖြစ်တဲ့ ကွန်ဒုံးဟာ သူ့နေရာနဲ့သူ မှန်ကန်စွာအသုံးပြုမယ်ဆိုရင် STI တွေကိုလည်း သူ့ရဲ့စွမ်းဆောင်ရည်တစ်ခုအထိကာကွယ်ပေးပြီး သားဆက်လည်းခြားပေးနိုင်ပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)