အငတ်ခံဖို့ ဆုံးဖြတ်ထားတယ်လား။

ယနေ့ခေတ် လူသားများသည် တိုးတက်ပြောင်းလဲမှုများနှင့်အတူ အသင့်စားအစားအစာများစားသုံးခြင်း၊ လှုပ်ရှားသွားလာမှုနည်းပါးလာသည်နှင့်အမျှ အဝလွန်လာခြင်းများ ဖြစ်လာနေကြသည်။ ထိုအခါ အဝလွန်ခြင်းကို ထိန်းချုပ်ရန် အဆာခံကာ ဝိတ်လျော့မှုများ ပြုလုပ်လာကြသည်။

အစာအငတ်ခံခြင်းသည် အမှန်တကယ် ဝိတ်လျော့စေပါ၏လော။ ဆိုးကျိုးနှင့် ကောင်းကျိုး မည်သည့်ဘက်မှ အားသာပါသနည်း။

အမျိုးသားတစ်ယောက်သည် ကယ်လိုရီ ၂၄၀၀ခန့်၊ အမျိုးသမီးဖြစ်လျှင် ၂၀၀၀ ခန့် နေ့စဉ်လှုပ်ရှားသွားလာရန် လိုအပ်ပါသည်။ ထိုပမာဏထက် ပိုမိုစားသုံးပါက ကိုယ်အလေးချိန် တက်စေပြီး လျော့စားပါက ကျစေသည်။ ထိုကြောင့် အစာအငတ်ခံခြင်းဖြင့် ကိုယ်အလေးချိန်ကျစေနိုင်သည်။

သို့သော် ထိုသို့ အစာအငတ်ခံခြင်းသည် ကောင်းကျိုးထက် ဆိုးကျိုးပိုများပါသည်။ စိတ်ရောကိုယ်ပါ ထိခိုက်နိုင်သော ကျန်းမာရေးနှင့်မညီသော နည်းလမ်းတစ်ခုပင်ဖြစ်၏။

ထိုကြောင့် အစာအငတ်ခံခြင်း မပြုမှီ အောက်ပါတို့ကို စဉ်းစားရန်လိုအပ်ပေလိမ့်မည်။

၁။ အာဟာရဓာတ်ချို့တဲ့ခြင်း

၂။ ရေဓာတ်ခန်းခြောက်ခြင်း

၃။ အခြေခံဇီဝကမ္မလောင်ကျွမ်းမှုလျော့နည်းခြင်း

၎။ အမျိုးသမီးများ လစဉ် ဓမ္မတာ လာချိန် မမှန်တော့ခြင်း

၅။ ဝမ်းချုပ်ခြင်း

၆။ ပင်ပန်းနွမ်းနယ်ခြင်း

၇။ အရိုးပါးခြင်း

၈။ သွေးတွင်း ဆားဓာတ်များ ကမောက်ကမဖြစ်ခြင်း

၉။ သွေးပေါင် တက်နေတတ်ခြင်း

၁၀။ စိတ်ဓာတ်ကျခြင်းနှင့် ရန်လိုခြင်း (ဦနှောက်စွမ်းဆောင်ရည် ကျဆင်းခြင်း) စသည်တို့ ဖြစ်စေနိုင်သည်။

ထိုကြောင့် ဝိတ်လျော့ရန် အစာအငတ်ခံခြင်းထက် ကျန်းမာရေးနှင့် လျော်ညီစွာအစားအစာများ၊ ကယ်လိုရီနည်းသောအစားအစာများရွေးချယ်စားသောက်ရုံမက လုံလောက်မျှတသောအစာ (Balanced diet) များကို စားသုံးခြင်း၊ သင့်လျော်သော ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်း တို့က ပို၍ကောင်းမွန်ကြောင်း ဖော်ပြပေးလိုက်ပါသည်။

ရီချို(ဆေး ၁)