ချွေးပေါက်ကျယ်ခြင်း

ချွေးပေါက်ဆိုတာ အရေပြားပေါ်က အပေါက်သေးသေးလေးတွေဖြစ်ပါတယ်။ အရေပြားအောက်က ချွေးနဲ့ အဆီဂလင်းတွေဟာ ဒီအပေါက်ကလေးတွေကတဆင့် ချွေးတွေ အဆီတွေကို ထုတ်လွှတ်ပေးရပါတယ်။ ဒီချွေးပေါက်ကလေးတွေဟာ အသားအရေလှပရေးမှာ အရေးကြီးတဲ့ နေရာက ပါဝင်နေပါတယ်။ တချို့လူတွေမှာ ချွေးပေါက်တွေက ပုံမှန်ထက် ပိုကျယ်နေတတ်ပါတယ်။

ဒီအခါမှာ ပုံမှန်ထက် ပိုအဆီပြန်တဲ့ အသားအရေတွေ ဖြစ်စေတာပေါ့။

?ချွေးပေါက်ကျယ်စေတဲ့ အကြောင်းရင်းများ ??

– ဝက်ခြံ

– အဆီထုတ်လုပ်မှုများရင်

– အဆီများတဲ့ မိတ်ကပ်တွေ

– နေလောင်ဒဏ်

စတဲ့ အချက်တွေကြောင့် ချွေးပေါက်တွေကျယ်လာစေပါတယ်။

?ချွေးပေါက်ကျယ်ရင် ဘာလုပ်ရမလဲ ??

– မိမိသုံးနေတဲ့ skin care တွေကို ပြန်ဆန်းစစ်ပါ။ အဆီအခြေခံတဲ့ မိတ်ကပ်တွေရှောင်ပါ။ ဝက်ခြံနဲ့ အဆီပြန်ခြင်းအတွက် အဓိကထုတ်လုပ်ထားတဲ့ အလှကုန်ပစ္စည်းတွေကို အကြာကြီးစွဲသုံးတာမျိုးရှောင်ပါ။ အသားအရေ အလွန်ခြောက်သွေ့လာတဲ့အခါ အဆီဂလင်းတွေက အဆီတွေကို နဂိုထက်ပိုထုတ်ပေးလာနိုင်တာကြောင့် ပိုဆိုးသွားတတ်ပါတယ်။

– မျက်နှာပုံမှန်ဆေးကြောပါ။ အဆီပြန်တဲ့အသားအရေအတွက် Gel type မျက်နှာသန့်စင်ဆေးတွေနဲ့ ပိုသင့်တော်ပြီး အဆီမပြန်သူတွေကတော့ ခရင်မ်အမျိုးအစားတွေကို သုံးနိုင်ပါတယ်။ Scrub type မျက်နှာသန့်ဆေးတွေကတော့ ချွေးပေါက်တွေပိုကျယ်စေပါလိမ့်မယ်။ နောက်ထပ်အရေးကြီးတဲ့ အချက်တွေကတော့

– မအိပ်ခင် မိတ်ကပ်ဖျက်ဖို့ မမေ့ပါနဲ့။

– ရွှံ့စေး ပါဝင်တဲ့ mask တွေနဲ့ ပေါင်းတင်ပါ။

– ရေဓာတ်ပြည့်ဝစေဖို့ ဂရုစိုက်ပါ။

– နေရောင်ကာခရင်မ် နေ့စဉ်လိမ်းပါ။

– အသားအရေအစိုဓာတ် ထိန်းသိမ်းဖို့ moisturizer မှန်မှန်သုံးပါ။

– သိပ်ဆိုးလာရင် အရေပြားဆရာဝန်နဲ့ တိုင်ပင်ပြသပါ။

လှပပျော်ရွှင်ကျန်းမာကြပါစေ..

Dr ဖြိုးဝေလင်း

(12.10.19)