သွေးဆုံးချိန် ရောက်တော့မည်လား။

အမျိုးသမီးတစ်ယောက်သည် ပျိုဖော်ဝင်ချိန်မှစ၍ သွေးဆုံးသည့်တိုင် အရွယ် လင်ယူသားမွေးအရွယ်လို့ သတ်မှတ်ကြပါတယ်။ ဒီအချိန်တွေဟာ အမျိုးသမီးဟော်မုန်းထွက်ပြီး အလှပဆုံးအရွယ်တွေပေါ့။ သို့သော် လူ့ဓမ္မတာအရ သွေးဆုံးချိန်ရောက်ရှိလာမှာ မလွဲမသွေသာ။

သင်သွေးဆုံးခါနီးနေပြီလို့ ဘယ်အချက်တွေကြည့်ပြီး သိနိုင်မှာလဲ။

  • အသက် ၄၂ကျော်လာပြီ။ အများအားဖြင့် ၄၅-၅၅ အရွယ်တွေဟာ သွေးဆုံးခါနီးအရွယ်တွေဖြစ်တတ်တဲ့အတွက် ၄၀ကျော်လာပြီဆိုရင် နီးကပ်လာပြီလို့ ဆိုနိုင်ပါတယ်။
  • လက်တွေမြဲတာမျိုး၊ ပစ္စည်းတွေခဏခဏ ပြုတ်ကျတတ်လာပြီ၊ ဘာလုပ်လုပ်ဟိုတိုက်သည်တိုက်နဲ့ ဂနာမငြိမ်သလို ဖြစ်ပြီဆိုရင် သတိထားသင့်ပါပြီ။ သွေးဆုံးခါနီးပြောင်းလဲမှုတွေစတင်နေပါပြီ။ ထို့အပြင် အရေပြားတွေ ပါးလာတဲ့အတွက် သွေးခြေဥတွေ အလွယ်တကူလဲဖြစ်တတ်လာပါတယ်။
  • မျက်လုံးတွေ ခြောက်လာတတ်လို့ မျက်စဉ်းတွေလဲ ဆောင်ထားသုံးစွဲတတ်လာပြီ။
  • ဖုန်းပြောနေရင်း ဖုန်းလိုက်ရှာတတ်တဲ့ သတိမေ့တတ်တာလဲ ဖြစ်လာတတ်ပြီ။
  • အကြောင်းမရှိ ငိုလိုက်၊ ဝမ်းနည်းတတ်ခြင်းတွေလည်း ဖြစ်လာတတ်ပြီ။ ဒီလိုဖြစ်ရင် ကိုယ့်ကိုယ်ကို ဘာမှန်းမသိ အပြစ်တင်တာထက် ကိုယ်စိတ်ကို ထိန်းချုပ်နိုင်အောင်ကြိုးစားသင့်ပါတယ်။
  • ပိန်ခြင်းကို လက်ပြနှုတ်ဆက်ပြီး ဗိုက်ပူခါးတုတ်လာတာကို ကြိုဆိုတဲ့အရွယ်ဆိုတော့ ကျန်းမာရေးအရကော အလှအပအတွက်ပါ အစားအသောက်၊ အနေအထိုင် ဂရုစိုက်ရပါမယ်။
  • ခြောက်သွေ့လာတဲ့ အသားအရေအတွက် လိုရှင်း၊ ခရင် စတာတွေ အသုံးပြုနေရပြီ။
  • ညအိပ်မပျော်ဖြစ်တတ်လာပြီ။
  • ဘဝအသစ် စတင်ချင်တဲ့ လူတစ်ယောက် ခံစားချက်မျိုး ခံစားလာရပြီ။

ဒီလိုမျိုးတွေ ဖြစ်လာပြီဆိုရင်တော့ သင်ဟာ ဘဝတစ်ဆစ်ချိုးရောက်လာပါပြီ။ အလုပ်ချည်းပဲလုပ်နေဖို့ သိပ်မစဉ်းစားပါနဲ့တော့။ ကျန်းမာရေးဂရုစိုက်၊ မိမိကိုယ်ကို ကောင်းစွာ စောင့်ရှောက်ပါတော့။ ယို့ယွင်းပျက်စီးခြင်းတွေ တတ်နိုင်သမျှလျော့ကျခြင်းဖြင့် ပိုမိုသာယာသောဘဝတွေပိုင်ဆိုင်အောင် နေထိုင်ပြုမှုပါက အကောင်းဆုံးဖြစ်ပေတော့သည်။

ရီချို(ဆေး ၁)