လူနာမှတ်တမ်း

စာရေးပျင်းနေတာ ကြာပြီ၊ ကိုကောင်းကလည်း စာမူ စာမူ နဲ့ အော်နေပြီ။ ဒါနဲ့ ရေးကွက် ရှာလိုက်တော့ ပြီးခဲ့တဲ့တစ်နှစ်လုံး
စိတ်ကူးပေါက်ပြီးလူနာမှတ်တမ်းကို ကွန်ပျူတာနဲ့ မှတ်တမ်း မိတယ်။ အဲဒါကို အပြန်အလှန်ရှာလိုက်ရင်တော့ ရေးကွက်တွေ့မှာပဲ
ဆိုပြီး ရှာကြည့်မိတယ်။ ဒီလို ရေးရင် ကိုယ်ရည်သွေးတယ်လို့လဲ ထင်မှာစိုးတယ်။ သို့သော် အခုချိန်မှ ဆရာဝန်အများ စုက
ကွန်ပျူတာ ဆိုတာကို သိပ်မစိမ်းတော့ပါဘူး။ ဒါကြောင့် သူတို့အတွက်လဲ အကျိုးရှိ လိမ့်မယ်လို့ ယူဆတာရယ်၊ လူနာတွေ
ဘယ်အချိန်မှာ အဖြစ်များသလဲ ဆိုတာကိုသိရင် ဘယ် အချိန်မှာ ဘယ်ဆေး စုဆောင်းထားဖို့ သင့်တယ်၊ နောက်ပြီး
တစ်ခုကောင်းတာက ကျွန်တော့် ဆီမှာ ဒက်ပိုး ထိုးနေသူတွေအတွက်၊ ဒါလဲ ရေးရင်းနဲ့ သိလာမှာပါ။

ဆေးခန်း တစ်ခန်းဖွင့်မယ် ဆိုရင် ဆရာဝန်တွေ လိုက်နာရမယ့် အချက်ထဲမှာ လူနာကို ဆေးကုသမှု မှတ်တမ်းပေးရမယ့်
ဆိုတာ ပါသလို လယ်ဂျာစာအုပ်ကြီးနဲက လူနာမှတ်တမ်း ကိုလဲ ထားရမယ်တဲ့။ လူနာတွေကလဲ လူတွေပဲ။ ဆေးမှတ်တမ်းကို
ချဲဘောက်ချာလောက် တောင် တန်ဖိုးမထားတတ်ကြဘူး။ မှတ်တမ်း မျက်နှာဖုံးမှ သင့်ကျန်းမျာရေးအတွက် ဆေးခန်း သို့
လာတိုင်း ဆေးမှတ်တမ်း မပျက်မကွက် ပြန်ယူလာပါ ဆိုတာ ပုံနှိပ်ထားလဲ မပါလာတာ များတယ်။ တခါတလေများ
အတွင်းစာရွက်ကို ဆုတ်ဖြဲထားသေးတယ်။ မေးကြည့်တော့ အဟီးချဲတွက်ထားမိလို့ ဆုတ်ဖြဲလိုက်တယ် တဲ့။ ရေးမယ့်သာ
ရေးရတယ်။ အဲဒီ လယ်ဂျာ စာအုပ်ကို ရေးမိ တရက်မရေးမိ တလဆိုတာနဲ့ နောက်ပိုင်း မရေးမိတာ ကြာလာတော့လဲ
မရေးချင်တော့ဘူး။ ဆရာဝန်အသင်းရဲ့ အလုပ်တွေ စလျှော့ချလိုက်တဲ့ အချိန်မှာ ဒီအလုပ်ကို ပြန်စ မလားစဉ်းစားပြီး
လုပ်ကြည့်မိတယ်။ သူများတွေက အသင့်ရေးထားတဲ့ ကွန်ပျူတာ နည်း စနစ်ကို ၀ယ်ပြီး အသုံးချကြတယ်။ အဲဒီစနစ်က
ဆယ်သိန်းလောက် ကျမှာဆိုတော့လဲ ကျွန်တော် ဘယ်တတ်နိုင်မှာလဲ။ ဒါကြောင့် စာရင်းဇယားအတွက် အသင့်ပါပြီးတဲ့
အိတ်ဇဲကို သုံးရတာပေါ့။ အတွင်းပိုင်း တွက်ချက်တာကို ကျွန်တော့် သားတပည့်တွေဆီက သင်ယူခဲ့တဲ့ ဖော်မြူလာကို
ကြည့်တော့ အဆင်ပြေတာတွေ့တာနဲ့ ဆက်မှတ်သားမိတယ်။

လောလောလတ်လတ် ဘာတွေ့လဲဆိုတော့ ကုသိုလ်တွေပါ၊ အရင်တုန်းက သာသနာ့ အနွယ်ဝင်တွေကို အလုံးစုံ
ကုသိုလ်ယူ ဆေးကုပေးနေပါတယ်၊ ဘယ်နှပါး ကြွသလဲ မသိ မမှတ်မိ၊ ခုတော့ မှတ်ထားတဲ့အတွက် သိရပြီ၊ အချိုးချတော့
၁၀% ရှိတယ်၊ ဒါတောင် တချို့ မမှတ်မိတာ ရှိနိုင်သေးတယ်၊ အသင်းတာဝန်တွေ ရှိနေသေးလို့ နယ်သွားရတာ၊ ဆေးခန်း
နောက်ကျတာကြောင့် လူနာ နည်းနေတယ် ဆိုတာလဲ တွေ့ရတယ်။ တော်သေးတာပေါ့။ ဆယ်ယောက် ပတ်ဝန်းကျင်တော့
ရှိသဗျ။ တော်သေးတာပေါ့။ ငါးယောက် ပတ်ဝန်းကျင် ရောက်ခဲ့တာ အတော်ကြာခဲ့သေးတယ်။

ကိုင်း။ မှတ်ထားတာလေးတွေ ထပ်ကြည့်ရအောင်။ သားဆက်ခြားဖို့ ဒက်ပိုထိုးတာ အကြိမ်ရေ ၈၀ ဆိုတော့ လူ ၂၀
ပတ်လည် ထိုးနေတာပေါ့။ ဒါတောင်မှ တချို့က ရက် မမှတ် မိလို့ ဆိုပြီး လာတော့ မှတ်တမ်းအရ ၂ လပဲ ရှိသေးတယ်၊
ပေးထားတဲ့ စာရွက်ရောလို့ မေးတော့ ပျောက်သွားပြီတဲ့၊ တချို့ ကျတော့လဲ မေ့နေလို့တဲ့၊ ဘယ်လောက်များ မေ့သလဲ
ဆိုရင် ၂ ပတ်လောက် ကျော်လို့၊ ကိုင်း ဒါဆိုရင် အိမ်က ကိုကိုကို ပြော၊ နှစ်ပတ်လောက် ဝေးဝေးနေပါလို့ ဆိုတော့
ပြုံးစိစိနဲ့၊ ကျွန်တော်လဲ သူတို့ ဘယ်လမှ အထိုးများသလဲ၊ ဆိုတာို တွက်မိသွားတော့ ဆေးလက်ကျန် ပြတ်သွားတယ်
မရှိအောင် ကြံဆောင်ပေးရတာပေါ့ဗျာ။

ဝေဒနာ အများစု ရောဂါက အအေးမိ နှာစေးချောင်းဆိုး ကိုက်ခဲ ဆိုတဲ့ ရာသီ ဖျားတွေပါ၊ ၁၈% ရှိပါတယ်။ နောက်ထပ်
များတာက အနာဆိုရင် အဲဒီကိုသာ သွား၊ နာတော့ နာတယ် ၊ အမြန်ပျောက်တယ်လို့ နာမည်ရတဲ့ ထိခိုက်ရှနာ ပါ၊ ၁၅%
ကျော်တယ်။ သွေးလွန်တုပ်ကွေး က ၁၀ ယောက် ရှိသဗျ၊ အားလုံးကို စာရင်းပြုစုပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေး ရုံးနဲ့ မြို့နယ်
ကျန်းမာရေးကို သတင်းပို့ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ မှတ်မှတ်ရရ ရပ်ကွက်ထဲမှာ ၂ ကြိမ်လောက်တော့ ဆေးလာဖြန်းပေးတယ်။

ဆီးချိုလို့ လူသိများတဲ့ ဆီးချိုသွေးချိုေ ၀ဒနာရှင် ၁၉ ယောက်တောင် ရှိတယ်။ အဲဒီ အထဲမှာ ယောက္ခမလဲ ပါတယ်။
မဟေသီက ဆေးခန်းမှာ လာပြတာ မဟုတ်လို့ စာရင်းထဲ မထည့်ထားသေးဘူး။ သူ့ကိုပါ စာရင်းထည့်ရင် ၂၀ ပေါ့။ ဒါဆို
ည်းတာမှ မဟုတ်တာ။ ဒါဆိုရင် ကျွန်တော်တိုက ခဏခဏ ပြောနေကျ စကားဖြစ်တဲ့ အချိုလျှော့စား၊ အဆီ လျှော့စား
ဆိုတာကို ပိုပြောရတော့မယ်။ သူများကို ပြောမယ့်သာ ပြောတာ၊ တချိန်က ကျွန်တော်လဲ အင် မတန် အချိုကြိုက်ခဲ့ပါတယ်။
ရယ်စရာအနေနဲ့ ရေးပြရရင် သူငယ်ချင်း သုံးယောက် လက်ဖက်ရည်ဆိုင် ထိုင်တော့ နှစ်ယောက်က ချို ပေါ့ ဆိုတော့
ကျွန်တော်က ကျောက်ပန်းတောင်း ဂိတ်ဆုံးအပြင်ကို သူတို့ နှစ်ယောက်အတွက် လျှော့ထားတဲ့ အချိုမှန် သမျှ ကျွန်တော့်
ပန်းကန်ထဲ ထည့်လို့ ပြောလိုက်တော့ဆိုင်က လူတွေ ကျွန်တော့်ကို ၀ိုင်းကြည့်ကြတယ်၊ အဲဒီလောက် အချိုကြိုက်ခဲ့တာ၊
ကံကြမ္မာ မျက်နှာသာပေးနေလို့ ဆီးချို မစွဲကပ်သေးဘူး၊ ဒါ့ကြောင့် လူနာတွေကို ကျွန်တော့်လို မကြိုက်ကြပါနဲ့လို့
ဥပမာနဲ့ မှာပါ တယ်။ နံရံကပ် ပညာပေးစာသားတွေလဲ ဗီနိုင်းနဲ့ လုပ်ပေးထားပါတယ်။ လက်ကမ်းစာစောင် တစ်ခုရထား
လို့လဲ ဖြန့်ပေးနိုင်ဖို့ ကော်ပီ ဆွဲထားပါတယ်။ နောက်ပိုင်း ဆီးချိုနဲ့ အနာ တွဲလာတာ ပိုများလာပါတယ်။

ခွေးကိုက်ခံရတာ ၅ ယောက် လာပါတယ်။ အားလုံးကိုတော့ ဆေးရုံမှာ ကာကွယ်ဆေး အခမဲ့ ထိုးပေးနေတယ်၊ သွားထိုးကြပါလို့
တော့ တိုက်တွန်းလိုက်ပါတယ်။ တတ်နိုင်သူတွေ ကတော့ အပြင်ဆေးဆိုင်က ကုမ္မဏီသွင်းဆေးတွေ ၀ယ်လာပြီး
ထိုးကြပါတယ်။ တစ်ချိန် တုန်းက ဗဟုသုတ အသိ နည်းချိန်၊ လက္ခဏာရေး ရှားပါးချိန်မှာ ဘေးက စုပေးတဲ့ ငွေလေးတောင်
ဈေးဖိုးထဲ ထည့်လိုက်လို့ ခွေးကိုက်ခံရတဲ့ သား ခွေးရူးပြန် သေသွားခဲ့တာ ကျွန်တော် ရေးခဲ့ဖူးပါတယ်၊ ခုများတော့ ဒါမျိုး
ဖြစ်နိုင်ချေ နည်းလာပြီလို့ ဆိုရမှာပါ။

အူယောင်ငန်းဖျား ၁၄ ယောက် ဆိုတာလဲ မနည်းတဲ့ ကိန်းဂဏန်းပါ။ ၀မ်းပျက်ဝမ်းလျှောက လူ ၅၀ ဆိုတာလဲ မနည်းတဲ့
ကိန်းဂဏန်းပါ။ ဒါဆိုတော့ သန့် လေးသန့် ကို မလိုက်နာတဲ့ လူတွေ များနေသေးတယ် ဆိုတာပြတာပဲ။ မသိလို့
မလိုက်နာတာလား၊ သိသိချည်းနဲ့ သတိမမူလို့ ဖြစ်တာလားတော့ မသိပါ။ ထပ်ထပ်ခါခါ ပညာ ပေးနေဖို့ လိုဦးမယ်
ဆိုတာ ထင်ဟပ်နေပြန်ပြီ။
ပိုများလာတဲ့ ဂဏန်းကို ပြပါဆိုရင် သွေးတိုး ရ၅ ယောက် တဲ့။ အငန်၊ အချို့မုန့်၊ လက်လုပ်ချဉ်တွေက ဒုက္ခပေးလို့
ကောင်းတုန်းပါ၊ ကျွန်တော့် ဆေးခန်း ဆေးမှတ်တမ်း စာအုပ်မှာ ဆိုရင် ကာလသားရောဂါ၊ သွေးလွန်တုပ်ကွေး၊ သားဆက်ခြား၊
အများကြီးပဲ ပညာပေးတွေ ပုံနှိပ်ထားတယ်။ လှပဖို့ အရုပ်တွေ အစား ပညာပေးကိုပဲ ရေးထားတယ်။ ဒီစာအုပ်က လူနာ
လက်ထဲမှာ ရှိနေရင် ကျွန်တော် ကိုယ်တိုင် ပြောနေသလို သိစေဖို့ပါ။ ပြောဖို့ တာဝန်က ဆရာဝန်ရဲ့ တာဝန်၊ လိုက်နာဖို့က
လူနာ့ တာဝန်၊ ပြောဖို့တာဝန်ကို မကျေ ခဲ့လို့ အပြစ်ဖြစ်တယ်။ မလိုက်နာလို့လဲ အပြစ် သိပ်မတင်ပါနဲ့လေ။ သူ့တို့ခမျာမှာ
စားဝတ်နေရေးအတွက် အလုပ်နဲ့လက် မပြတ်အောင် လုပ်နေရတော့လဲ စိတ်ထဲမှာ ဆရာဝန် ပြောခဲ့တာတွေ မေ့သွားမှာပေါ့။
ဒါပေမယ့် စိတ်မပျက်ပါဘူး။ သို့သော်လဲ သူတို့ နားဝင်အောင် တော့ ပြောပြရမယ့် တာဝန်က ဆရာ့ဝန်တာဝန်၊ လိုက်နာဖို့က
လူနာ့တာဝန်၊ မလိုက်နာလို့ ရောဂါ တိုးတော့လဲ ဆရာဝန်တွေ ပိုအလုပ်ဖြစ်တာပေါ့ လို့။

မတ်လ ကနေ မေလအတွင်းမှာ အပူကြောင့် နွမ်းနယ်ပင်ပန်းပြီး ဆေးခန်းရောက်သူ ၁၈ ဦးကို မှတ်တမ်းမှ တွေ့မိတယ်။
ဒါတောင် ဧပြီလ အတွင်းမှာ ခရီးထွက်တာရယ်၊ သင်္ကြန်ရက် အတွင်း ပိတ်တာရယ်၊ မိဘရပ်ထဲပြန်တာရယ်ကြောင့်
ဆေးခန်းကို ၁၇ ရက် လောက် ပိတ်ရသေးတယ်လေ။ ဒါကြောင့် သတင်းစာထဲ။ တီဗီထဲမှာ အပူကြောင့် ဖြစ်တတ်တာတွေ
ဘယ်လောက်ရေးရေး ပြောပြော အနီးကပ်ပြောပေးနိုင်မယ့်၊ သိစေနိုင့်မယ် နည်းလမ်းကို ရှာဖွေဖို့ လိုလိ့မ်မယ်။ ဒါကြောင့်
ပဏာမ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း စဉ်လို့ ပြောနေတာတွေဟာ ခုချိန်မှာ မလုံလောက်သေးဘူး ဆိုတာပါ။

ဒါနဲ့ သွေးထဲ အဆီ စစ်ကြည့်ပြီး တတ်နေသူတွေက ၂၃ ယောက်ရှိနေတာ တွေ့ ရတယ်။ အဆီတခုတည်း တတ်တာ ၉
ယောက်၊ ကျန်တဲ့ ၁၄ ယောက်က သွေးတိုးနဲ့ပါ တွဲပြီး အဲဒီ ၁၄ ယောက်က ဆီးချိုပါ တွဲနေပြန်တယ်။ ဒါကြောင့် ဒုက္ခ
ဆိုတာ အဖော်အပေါင်းနဲ့ လာတယ် ဆိုတာ မှန်နေတာပဲ။ နေမှု ပုံစံ၊ စားသောက်မှု ပုံစံနဲ့ လှုပ်ရှားမှု ပုံစံ မပြောင်းသမျှ
ဒီလို ဖြစ်တာတွေ ဆက်ဖြစ်နေဦးမှာပါ။ ရတာနဲ့ အဆင်ပြေအောင်စား၊ ရသလောက် အချိန်ပြည့်ရှာ၊ မှန်ကန်တဲ့ ကိုယ်လက်
လှုပ်ရှားမှု မရှိတော့လဲ ဒီလိုပဲ ဖြစ်နေမှာ။ သြော် ခင်ဗျား ကုသမျှ၊ ကောင်းသွားတာချည်းပဲလားလို့ မေးရင် တစ်နှစ်အတွင်းမှာ
၆ ယောက် တိမ်းပါးပါတယ်။ တစ်ယောက်က ကင်ဆာ၊ နောက်တစ်ယောက်က အရက် သောက် လွန်လွန်းလို့ နှလုံး
အလုပ်မလုပ်တော့တာ၊ နောက်တစ်ယောက်က နာတာရှည် အစားပျက် အသောက်ပျက်၊ နောက်တစ်ယောက်က
အရက်ကြောင့်ပဲ နာတာရှည် အစားပျက် အသောက်ပျက်၊ နောက်တစ်ယောက်က အရက်ကြောင့်ပဲ နာတာရှည်ဖြစ်တာ၊
တစ်ယောက် က သွေးတိုးပြီး နှလုံးပျက်တာ၊ နောက်ဆုံးတစ်ယောက်က လေဖြတ်တာ၊ ကိုင်း ကျွန်တော် ဘယ်လို
ကယ်တင်ပေးလို့ ရမှာလဲ ဟင်။

ခြေစွယ်ငုပ်လို့ ယောင်းကိုင်းနေတာ ၁၉ ယောက်ဆိုတာလဲ နည်းတာမှ မဟုတ်တာ။ ဒါကြောင့် အဲဒီ လူနာတွေလာရင်
ပန်းဆိုးတန်း ကုန်းတံတားအောက်မှာ ခြေစွယ် ဖော်ပေးတဲ့ လူလို သဘောထားပေးပါ၊ သက်သာအောင် လုပ်ပေးလို့
ရတယ်။ နောက်ထပ် ခြေသည်းကို ဘယ်လို ညှပ်ပါ ဆိုတဲ့အထိ သင်ပေးတယ်၊ ခြေစွယ်ဖော်တဲ့ ခြေသည်းညှပ်လည်း
ရောင်းပေး တယ်၊ ဒါလဲ ထပ်ဖြစ်နေတာပဲ၊ ဒါကြောင့် နောက်ဆုံး မှာရတာက ကိုယ့်ဖာသာကိုယ် ညှပ်လို့ အဆင် မပြေရင်
ကျွန်တော် ညှပ်ပေးပါမယ်၊ စ နာတာနဲ့ လာပါ၊ ပြည်တည်မှ၊ ယောင်းကိုင်း နေတဲ့ အထိ မစောင့်ကြပါနဲက ဗျာ၊ ခင်ဗျားတို့
လဲ ခံစားရတယ်။ ကျွန်တော်လဲ အတော် အလုပ် များပါတယ်၊ ပိုက်ဆံရတာကတော့ တပိုင်းပေါ့ ဗျာလို့ ပြောယူရတယ်။

သြော် မေ့နေလို့ ကျွန်တော်နဲ့ ရောဂါ တူတဲ့ လူနာတွေလဲ အများသား၊ ဘာလဲ ဆိုတော့ ကျီးပေါင်း၊ ဂုတ်မှာဖြစ်တာ၊ ခါးမှာ
ဖြစ်တ၊ စုံလို့ပါ၊ လူနာ ၅၀ ရှိတယ်။ ကော်လံ တပ်၊ ခါးပတ် ပတ်၊ အနားယူ၊ ဆေးသောက်ရုံနဲ့ သက်သာသွားတဲ့လူ ရှိသလို၊
ကျွန်တော့် လိုပဲ အလုပ်ကို မပြောင်းနိုင်လို့ လေ့ကျင့်ခန်း မယူလို့၊ မပျောက်နိုင်ပဲ ဆေးနဲ့ သက်သာရုံ သွားနေတဲ့လူ လဲ
ရှိတာပေါ့ ။ ဒီနေရာမှာတော့ ငါပြောသလို လုပ်၊ ငါ လုပ်သလို မလုပ်နဲ့ ဆိုတဲ့ စကားလို့ ဖြစ်နေပြန်ရော။ ကိုယ်တိုင်တော့
မကျင့်ကြံနိုင်ဘူး။ သူများကိုတော့ ညွှန်ကြား ပြီး ကိုယ်တိုင်တော့ လိုက်မလုပ်နိုင်သေးဘူး။

ဒါက ကျွန်တော် လုပ်ခဲ့တဲ့ မှတ်တမ်းလေးဟာ မလဟသ ဖြစ်မသွားဘူး ဆိုတာကို ကိုယ်တိုင် သိတဲ့အခါ သူများတွေကို
မဆဝေချင်တာပါတယ်။ စာအုပ်နဲ့ မှတ်ရင် ရှာဖို့ မလွယ် လို့ မရှာဖြစ်လို့ မမှတ်ဖြစ်တာတွေကို ကွန်ပျူတာလေးနဲ့
မှတ်ကြည့်ကြပါလား။ ကိုယ့်အတွက် လဲ အကျိုးရှိသလို၊ လူနာမှတ်တမ်းစာအုပ် မပါတဲ့အခါမှာလဲ ချက်ခြင်း ပြန်ရှာလို့
လွယ်တဲ့ အတွက်ကြောင့်ပါ။
ဒါကြောင့် ကိုယ်ဝေဒနာတွေ မြန်မြန် သက်သာချင်ရင် ဆေးမှတ်တမ်းကို မှန်မှန် ပြန်ယူ လာဖို့ မပျောက်ဖို့ လူနာဖက်က
တာဝန်ယူရမှာ ဖြစ်သလို အကယ်၍ ပျောက်သွားတာ၊ မပါခဲ့ တာရှိရင်လဲ ချက်ခြင်း ပြန်သိနိုင်ဖို့ ဆရာဝန်ဖက်ကလဲ
ယူကြည့်ကြပါလားလို့ (မရဲတရဲ) တိုက်တွန်းပါရစေ။

ခိုင်စိုးဝင်း (ထွေ-ကု)