နှလုံးကြောင့် မဟုတ်သော ရင်တုန်ခြင်းများ

ရင်တုန်တယ် ဆိုတာနဲ့ နှလုံးခုန်မှု မမှန်တာကို လူတိုင်းသိကြပါတယ်။ ဒါပေမယ့် ရင်တုန်တိုင်း နှလုံးရောဂါ မဟုတ်ဘူးဆိုတာလေးတော့ မေ့လျော့နေတတ်ပါတယ်။ ဒါပေါ့၊ ရင်တန်ပါတယ်ဆိုမှတော့ နှလုံးဆိုင်ရာ အခြေအနေတွေ အရင် ပယ်ပေးရတာပေါ့။ အဲဒါတွေ မဟုတ်ဘူး ဆိုရင် ဒါလေးတွေလည်း သတိရပါ။

၁။ Caffine ကေဖင်း
ကော်ဖီသောက်တိုင်း ရင်မတုန်ပါဘူး။ လူပေါ်မူတည်ပါတယ်။ ဒါပေမယ့်လည်း ကော်ဖီကို တစ်ချီတည်း အများကြီးသောက်မိရင်တော့ သေချာပေါက် ရင်တုန်မှာပါ။ Caffine ဓာတ်က နှလုံးခုန်နှုန်းကို မြန်စေတာကိုး။

၂။ ဆေးလိပ်
ဆေးလိပ်မှာပါတဲ့ နီကိုတင်းကလည်း နှလုံးခုန်တာ မြန်စေလို့ ဆေးလိပ်တွေ အများကြီးသောက်ရင် ရင်တုန်ပါတယ်။

၃။ အရက်
အရက်သောက်ရင်လည်း ရင်တုန်တယ်နော်။ အထူးသဖြင့် အစားမစားပဲ သောက်ရင်။

၎။ ဆေးဝါးများ
Beta-2 agonistတွေ၊ ဒိုင်ဂေါက်ဆင်၊ L-dopa, Tricyclics နဲ့ Doxorubincin စတဲ့ဆေးတွေဟာ ရင်တုန်စေတတ်ပါတယ်။ ဒါကြောင့် ဆေးအသစ်တွေ သောက်ရင်းဖြစ်စေ၊ စွဲသောက်နေတဲ့ ဆေးတွေရှိလျက်ဖြစ်စေ ရင်တုန်ရင် ဆရာဝန်ဆီ ပြန်ပြပါ။

၅။ ဓာတ်ဆား
ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ် နဲ့ မက်ဂနီဆိယမ်ဓာတ်တွေ ကမောက်ကမ ဖြစ်ရင်လည်း ရင်တုန်ပါတယ်။

၆။ အောက်ဆီဂျင်နည်းခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ် များခြင်း
အောက်ဆီဂျင် နည်းရင်ဖြစ်စေ၊ ကာဗွန်ဒိုင်အောက်ဆိုဒ် များရင်ဖြစ်စေ ရင်တုန်တတ်ပါတယ်။ ဒါကြောင့် ခရိးသွားရင်း မြင့်တဲ့နေရာတွေ ရောက်ရင် အောက်ဆီဂျင်နည်းပြီး ရင်တုန်တတ်သလို မြေအောက် နိမ့်တဲ့ နေရာတွေ၊ လှိုဏ်တွေထဲ နေတာ ကြာလာရင်လည်း ကာဗွန်ဒိုင်အောက်ဆိုဒ်များလို့ ခေါင်းမူးရင်တုန် လာတတ်ပါတယ်။

၇။ သွေးတွင်း သကြားဓာတ် ကျဆင်းခြင်း
သွေးထဲမှာ ဂလူးကို့စ် ခေါ်တဲ့ သကြားဓာတ် အရမ်းနည်းသွားရင်လည်း ချွေးစေးတွေပြန်၊ ခေါင်းမူးပြီး ရင်တုန်လာတတ်ပါတယ်။ ဒါကြောင့် ခုပြောသလို လက္ခဏာတွေ ပြနေရင် အချိုရည်လေး နည်းနည်း သောက်ပေးပါနော်။

ရင်တွေ ခဏခဏ တုန်တတ်နေရင် သို့မဟုတ် ရင်တုန်တာက ဘာလုပ်လုပ် မပျောက်ရင် ဆေးရုံသွားဖို့ အကြံပေးပါရစေ။
ဒေါက်တာယမင်း(ဆေး ၁)