လူကြီးမကုတတ်တဲ့ ဆရာဝန်

ကားစပယ်ယာနှင့် ဆိုက်ကားဆရာများသည် စကားလုံးရွေးတော်ကြသည်။ အကွန့်အညွန့် လေးနှင့်လည်း ပြောတတ်သည်။ သူတို့ပြောပါများတော့ အများကလည်း လိုက်ခေါ်ကြသည်။ ကျွန်တော် စစ်တွေဆေးရုံတွင် တာဝန်ကျစဉ် နေရသော အိမ်သည် ကြေးနန်းရုံးလမ်းတွင် ရှိပြီး ‘မြ’ တည်ခိုခန်းနှင့် မျက်နှာချင်းဆိုင်ဖြစ်သည်။ တစ်ထပ်အိမ်လေးမှာ အသစ်ဆောက်ပြီး တစ်နှစ်ခွဲခန့်သာ ရှိသေးသည်။ ယခင်ကလေးဆရာဝန်နေပြီး ကျွန်တော်ရောက်သွားခြင်း ဖြစ်သည်။ ရေချမ်းပြင်၊ ဘူးမေရွာစသည့် စစ်တွေမြို့ပြင်ကလာသော များစု ကလေးဆရာဝန်ပြ ဖို့ သည်မှတ်တိုင်မှာ ဆင်းကြသည်။ ကျွန်တော်ရောက်ပြီး (၆) လခန့်အကြာတွင် မှတ်တိုင် နာမည်ပြောင်းအော်နေသံ စကြားရသည်။ ” အရှည်ဆရာဝန် (ကလေးဆရာဝန်) အိမ်မှတ်တိုင် ပါသလား” တဲ့။ တဖြည်းဖြည်း မှတ်တိုင်နာမည်ပြောင်းလိုက်တာ ယခု အရှည်ဆရာဝန် မှတ်တိုင် အမည်တွင်သွားသည်။

ကျွန်တော် ပဲခူးမြို့တွင် တာဝန်ကျစဉ် ကျွန်တော့်ဆရာ ဒေါက်တာသိန်းအုပ်ကျော်မြင့် လာလည်ပါသည်။ လိပ်စာမသိတော့ ဆိုက်ကားဆရားမေးရသည်။ ဆိုကိကားဆရာက ”သြော် .. လူကြီးရောဂါ မကုတတ်တဲ့ ဆရာဝန်လား၊ ဒီလိုသွား” ဆိုပြီး လမ်းညွှန့်လိုက်သဖြင့် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည်။ ဆရာက မင်းကို ဆိုက်ကားဆရာတွေက လူကြီးမကု တတ်တဲ့ ဆရာဝန်လို့ ပြောတယ်ဆိုပြီး တဟားဟာား ရယ်ပါသည်။

” ကျွန်တော် လူကြီးမကုတတ်ဘူးလို့ထင်တာ ကျွန်တော့်ဆွေမျိုးတွေလည်း ပါတယ် ဆရာ”‘ ဟု ပြောပြီး အားလုံးဝိုင်းရယ်ကြပါသည်။ ကျွန်တော့်ဆီ ကလေးလူနာများလာပြပြီး တစ်ဆက်တည်း ကလေး အမေ၊ အဘွားတွေက သူတို့ရောဂါကိုပါ တစ်နေရာတည်း ပြချင်သည်။ သာမန်ဖင်နာ၊ ခေါင်းနာရောဂါဆို ပါရာစီတမော၊ ဘာမီတွန်ပေးပြီး ကုလိုက်ပါ သည်။ လူကြီးဆရာဝန်ပြသင့်သည်ထင်သော ရေဂါမျာကို လူကြီးဆရာဝန်ပဲပြပါဟု ညွန့်လိုက်သည်။ ဆေးကုသရာတွင် လူကြီးဆရာဝန်နှင့် စည်းခြားချင်လို့လည်း ပါသည်။ ဆေးခန်းတစ်ခုတည်းနှင့် မပြီးနိုင်သည့်အတွက် တချို့မကျေနပ်ကြ။ လာပြတဲ့လူနာကလည်း တောကများတော့ မသိတာအဆန်း မဟုတ်ပါပေ။ လူတွေက ဆိုက်ကားဆရာတွေကို ပြောပြ၊ အခြားလူကြီးဆရာဝန်ဆီပို့ပေးပေးရန်နှင့် တဖြည်းဖြည်း လူကြီးမကုသည့်ဆရာ၊ ထို့နောက် လူကြီး မကုတတ်သည့် ဆရာဟု နာမည်တွင်လာခြင်းဖြစ်သည်။

ဆေးပညာသမိုင်းတွင် ရှေးဦးစွာ ခွဲစိတ်ကုပညာနှင့် ဆေးပညာဌာနကြီး (၂) ခု သာ ရှိခဲ့သည်။ ခွဲစိတ်ကုသပညာဌာနမှ သားဖွားမီးယပ်ရောဂါပညာဌာန ခွဲထွက်လာပြီး ဆေးပညာ ဌာနမှ ကလေးကျန်းမာရေးပညာဌာန ခွဲထွက်လာပါသည်။ ဘာသာရပ်ကြီးလေးခုတွင် ကလေး ဆေးပညာသည် နောက်ဆုံးမှ ပေါ်ပေါက်လာသဖြင့် (၁၉၆၀) ခုနှစ်မတိုင်မီခန့်က ဆရာဝန်ဖြစ် သော သူများသည် ကလေးဆေးပညာဘာသာရပ်ကို သီးသန့်မသင်ကြားခဲ့ရပါ။

မြန်မာနိုင်ငံ၏ ကလေးဆေးပညာဖခင်ကြီး ပါမောက္ခဒေါက်တာတင်ဦး လက်ထက်တွင် ဆေးပညာဌာန ကလေးကျန်းမာရေးဌာနကို ခွဲထုတ်ပြီး စတင်၍ ကလေးဆေးရုံဖွင့်လှစ် ခဲ့ပါသည်။ မွေးစမှ အသက်(၁၂) နှစ်အထိ ကလေးဆရာဝန်များကြည့်ရမည်ဟုဆိုပါသည်။ ထို့ကြောင့် ကလေးဆရာဝန်များတွင် အမြဲတမ်း အနောက်နိုင်ငံကလေးဆေးရုံများတွင် အသက်(၁၆) နှစ် (သို့) (၁၈) နှစ်အထိ ကလေးဟု သတ်မှတ်၍ ကလေးဆေးရုံတင် ကုသပါ သည်။ အနောက်နိုင်ငံထုတ်ကလေးကျန်းမာရးဆေးပညာ ပြဌာန်းစာအုပ်များတွင် ဆယ်ကျော် သက်ဆေးပညာကို ကဏ္ဍတစ်ခုအနေနှင့် ဖော်ပြထားပါသည်။ ကျွန်တော်တို့နိုင်ငံတွင် စခွဲတမ်းပေးကတည်းက ပေးသလောက်နှင့် စတင်ထူထောင်ခဲ့ရဟန် တူပါသည်။

ဆယ်ကျော်သက်များကလေးဆေးရုံမတတ်ရသဖြင့် အချို့အပိုင်းများတွင် အခက်အခဲရှိ ပါသည်။ ကလေးသူငယ်အခွင့်အရေးဥပေဒေများတွင် အသက် (၁ဂ) နှစ်အထိ ကလေးဟု သတ်မှတ်ထားသည်။ ကလေးသူငယ် ညှင်းပန်းနှိပ်စက်မှုကာကွယ်ရေး ဆွေးနွေးပွဲများတတ် ရလျှင် ကလေးဆရာဝန်များအနေနှင့် ဆယ်ကျော်သက်များ၏ လိင်စော်ကားခံရမှု၊ သေ ကြောင်းကြံစည်မှု၊ လေလွင့်ကလေးငယ်များ၏ စာရင်းဇယားများ မတင်ပြနို်င်ပါ။ ပိုလီယို ရောဂါဆိုလျှင် အသက်(၁၅) နှစ်အထိ စောင့်ကြည့်ထောက်လှမ်းရသဖြင့် လူကြီးဆောင်နှင့် ကလေးဆောင်နှစ်ခုစလုံး တာဝန်ယူနေကြရပါသည်။ လူကြီးဆရာဝန်များအနေနှင့်လည်း သက်ကြီးရွယ်အိုကျန်းမာရေးကို ပိုမိုဇောင်းပေးသဖြင့် ဆယ်ကျော်သက်ကျန်းမာရေးမှာ သူလို လို ကိုယ်လိုလိုနှင့် လွတ်နေပါသည်။

ပြည်နယ်များတွင်ကလေးဆရာဝန်အဖြစ် ထမ်းဆောင်လာသောအခါ လူကြီးသမား တော်နှင့် ပိုလက်တွဲမိပါသည်။ အထူးကုကလည်း တစ်ယောက်စီသာရှိတာမို့ သူခရီးသွားလျှင် လူကြီးဆောင်ကို ကိုယ်ကကြည့်ပေး၊ ကိုယ်ခရီးသွားလျှင် ကလေးဆောင်ကို သူကြည့်ပေးနှင့် တစ်ယောက်နှင့်တစ်ယောက် ကူညီရသည်။ ကျွန်တော်တို့ ဘွဲ့လွန်တက်စဉ် ဆရာပါမောက္ခ ဒေါက်တာမျိုးမင်းအောင်က ကျွန်တော်တို့ ကျောင်းသားအားလုံးကို လူကြီးဆေးပညာစာအုပ် ကို ဖတ်ခိုင်းပါသည်။ ဆေးပညာမတတ်လျှင် ကလေးကျန်းမာရေးပညာ တတ်မည်မဟုတ်ဟု ဆိုပါသည်။ အခြေခံအားလုံးသည် ဆေးပညာစတွင်ခဲ့သည် မဟုတ်ပါလား။

လူကြီးဆောင်များတွင် တာဝန်ယူကုသစဉ် အခက်အခဲကြုံပါက သက်ဆိုင်ရာလူနာ ဆောင် လက်ထောက်ဆရာဝန်ကို ” ဒီလိုလူနာမျိုးဆိုရင် မင်းဆရာ ဘယ်လိုဆေးပေးသလဲ” ဟု မေးပြီး ပြန်သင်ယူရပါသည်။ ကိုယ်ကိုယ်တိုင်ကလည်း ဆေးပညာစာအုပ် ပြန်လှန် ရပါသည်။ သမားတော်ပြန်လာလျှင်လည်း ပြောပြပြီး သူ့ဆီက ပညာယူရပါသည်။

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် တာဝန်ကျစဉ် တောင်တန်းသာသနာပြုဆရာတော် ဦးဥတ္တမသာရကို ကုသရန် အခွင့်ကြုံခဲ့ပါသည်။ ထိုအချိန်တွင် သမားတော်မရှိသဖြင့် လူကြီးဆောင်ကို တာဝန်ယူထားရချိန် ဖြစ်ပါသည်။ အာဏာပိုင်အဖွဲ့အစည်းကလည်း ဆရာတော်ကြီးကျန်းမာရေးအတွက် ကျွန်တော့်ကို ဆရာတော်၏ လုံပီကျောင်းသို့ခေါ်သွားပြီး ကုသစေပါသည်။ ဆရာတော်ကြီးမှာ ပင်မသွေးတိုးအခံရှိပြီး ယခုအအေးမိနေခြင်းဖြစ်ပါသည်။ ကလေးဆရာဝန်ဆိုတော့ သူကုသလို့ဖြစ်ပါ့မလားဟု လူကြီးများကို ဆရာတော်ကြီးက မေးပါသည်။ “အသက်ကြီးသွားရင် ကလေးနဲ့အတူတူပါပဲ၊ ကုရလွယ်ပါတယ်” ဟု ပြောပြမှ အကုခံပါသည်။ ကံကောင်းစွာနှင့် ဆရာတော်ကြီး သက်သာသွားပါသည်။ မြို့နယ်စု ငြိမ်ဝပ်ပိ ပြားမှုတည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌကြီးပြောသော ကလေးနှင့် သက်ကြီးရွယ်အိုက အတူတူပါပဲဆိုတာလည်း တချို့အပိုင်းမှာ မှန်ပေသည်။ ကလေးငယ်ရွယ်စဉ်တွင် ဆေးဇီဝဖြစ် စဉ်အတွက် အရေးပါသော အသည်းနှင့် ကျောက်ကပ်သည် မဖွံ့ဖြိုးသေးသဖြင့် ချင့်ချိန်၍ ဆေးပေးရေပါသည်။ သက်ကြီးပိုင်း လူနာများတွင်လည်း အသည်းနှင့်ကျောက်ကပ်သည် တ ဖြည်းဖြည်းယိုးယွင်းလာပြီလာပြီဖြစ်သဖြင့် ဆေးပေးရာတွင် ချိန်ဆရပါသည်။

ပုသိမ်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်စဉ် ကျွန်တော်တို့ဘာသာရပ်နှင့် ဆေးပညာ ဘာသာရပ်မှာ ပိုမိုနီးစပ်ခဲ့ပါသည်။ ပုသိမ်ဆရာဝန်အသင်းက ကြီးမှူးပြုလုပ်သော CM|E (စဉ် ဆက်မပြတ် ဆေးပညာပြန့်ပွားရေး) ဆွေးနွေးပွဲကို အပတ်စဉ်ကျင်းပသဖြင့် အထူးကုဘာသာ ရပ်အစုံက ခေတ်ပေါ်ကုထုံးများကို တင်ပြကြသည်။ အချင်းချင်းဆွေးနွေး ပညာဖလှယ်ရင်း အကျိုးရှိခဲ့ပါသည်။

ကျွန်တော်တို့တတွေ အသက်တဖြည်းဖြည်းကြီးလာသည်နှင့် အမျှဇရာဝိဒုကံ္ခမှ ဗျာဓိဝိဒုက္ခံသို့ ရောက်မည်မှာမလွဲပေ။ ဇရာကြောင့် ဖြစ်နိုင်သော မျက်စိတိမ်၊ ဆီးကျိတ် ရောင်၊ သွေးတိုး၊ နှလုံးသွေကြောကျဉ်းရောဂါတွေအတွက် ကြိုတင်ပြင်ဆင်ရပေမည်။ ရန်ကုန် တွင် ဆရာဝန်ညီလာခံကျင်းပပါက အထက်ရောဂါများနှင့် ပတ်သည့်သည် ဟောပြော ဆွေးနွေးပွဲများသို့ သွားတတ်ပါသည်။ ကလေးကျန်းမာရေးဆွေးနွေးပွဲ အချိန်နှင့်တိုက်နေပါက လည်း ယင်းလူကြီးရောဂါဆွေးနွေးပွဲများကို ဦးစားပေးတတ်ရောက်သဖြင့် ကလေး ဆရာဝန်အငယ်များက အံ့အားသင့်ပေသည်။ အမှန်က ကိုယ့်ဝမ်းနာကိုယ်သာ သိပါသည်။ ဇရာ၏ အရိပ်အယောင်ရောဂါများအတွက် ကိုယ့်ကိုယ်ကိုယ်ရှောင်နိုင်၊ တိမ်းနိုင်၊ ကာကွယ် ကုသနိုင်အောင် သက်ကြီးကလေးဆရာဝန်တစ်ယောက်အနေနှင့် လူကြီးကုတတ်ရန် ကြိုးစား နေသည်ကို သူတို့မသိပါ။

ဒေါက်တာအောင်ကြည်ဝင်း