ခြေစွယ်လက်စွယ်ငုပ်ခြင်း

ခြေစွယ်လက်စွယ်ငုပ်တယ်ဆိုတာ လူတော်တော်များများဖြစ်ဖူးကြမှာပါ။ ခြေသည်းလက်သည်းညှပ်ရင်း အစအနကျန်ခဲ့ရာကနေ ဖြစ်သွားတာ၊ ထိခိုက်ရင်းကနေနောက်ပိုင်းမှာဖြစ်လာတာစသဖြင့် အကြောင်းတွေရှိနိုင်ပါတယ်။ သူ့ဟာသူပျောက်သွားတာတွေရှိကောင်းရှိနိုင်သလို ကုသမှုခံယူမှပျောက်တာတွေလည်းရှိနိုင်ပါတယ်။ ရောဂါကသေးငယ်တယ်လို့ထင်ရပေမယ့် ပေါ့ပေါ့ဆဆနေရင် နောက်ဆက်တွဲကိစ္စတွေက ဆိုးဆိုးဝါးဝါးအကျိုးဆက်တွေပေးနိုင်ပါတယ်။

ခြေစွယ်လက်စွယ်ငုပ်တာက bacteriaကြောင့်ဖြစ်နိုင်သလို မှိုစွဲတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ထိခိုက်တာကနေပိုးဝင်သွားပြီးဖြစ်နိုင်သလို ခြေသည်းလက်သည်းအစအနတွေက အသားကိုသွားထိုးမိရာကနေ အရေပြူာမှာ မနာတရဖြစ်ပြီး ပိုးဝင်နိုင်ပါတယ်။ အရေပြားရောဂါအခံရှိသူတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ခြေစွယ်လက်စွယ်ငုပ်နေပြီဆိုရင် အရေပြားကနီရဲနေပြီး အထိမခံနိုင်လောက်အောင်နာကျင်နိုင်ပါတယ်။ ပြည်တည်နေနိုင်ပြီး
ကိုက်ခဲနေကာ တဖြည်းဖြည်းနဲ့ လက်သည်းခွံကညိုမဲပြီး ရောင်ကိုင်းနေနိုင်ပါတယ်။

ခြေစွယ်လက်စွယ်ငုပ်နေပြီဆိုရင် အရေးကြီးတာက ကိုယ့်ဟာကိုဆေးမြီးတိုနဲ့ ကြိတ်ပြီးကုမနေပဲ တတ်ကျွမ်းသူနဲ့ပြသသင့်ပါတယ်။ ရောဂါရဲ့ပြင်းထန်မှုအပေါ်မူတည်ပြီး ကုသရတာကွာခြားနိုင်ပါတယ်။ ဆေးသောက်ရတာ၊ ဆေးထိုးရတာ၊ နောက်ဆုံးခြေသည်းလက်သည်းခွာရတာတွေထိ ကွဲပြားနိုင်ပါတယ်။ ဖြစ်တာနဲ့ထိထိရောက်ရောက်ကုသဖို့တော့လိုပါတယ်။

ခြေစွယ်လက်စွယ်ငုပ်နေပြီဆိုရင် သန့်သန့်ရှင်းရှင်းထားရပါမယ်။ ခြေသည်းလက်သည်းအစအနတွေကိုရှင်းလင်းထားရပါမယ်။ အညှော်မိတာ၊ ညစ်ပေနေတာတွေမရှိအောင်ဂရုစိုက်ရပါမယ်။ နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ကျတော့ အဖျားကြီးတာ၊ အရိုးကိုပါလှိုက်စားသွားနိုင်တာ၊ ဖြစ်တောင့်ဖြစ်ခဲအနေနဲ့ သွေးဆိပ်သင့်တာတွေလည်းဖြစ်နိုင်ပါတယ်။ ဆီးချိုရောဂါအခံရှိသူတွေ၊ ကိုယ်ခံအားမကောင်းတဲ့သူတွေမှာ နောက်ဆက်တွဲဆိုးကျိုးတွေပိုဖြစ်နိုင်ပါတယ်။ ကိုယ်ခံအားကောင်းပြီး မှန်ကန်တဲ့ကုသမှုခံယူလိုက်မယ်ဆိုရင်တော့ အချိန်သိပ်မယူရပဲ လွယ်ကူစွာပျောက်ကင်းပါတယ်။

ခြေစွယ်လက်စွယ်ငုပ်တာက သေးကွေးတဲ့ရောဂါတစ်ခုဆိုပေမယ့် သေချာစွာကုသဖို့လိုအပ်ပါတယ်။ ပေါ့ပေါ့ဆဆနေလိုက်မယ်ဆိုရင်တော့ ကြီးမားတဲ့ဆိုးကျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။

Dr. ZZ