ကိုယ်ဝန်ဆောင်စဉ် ခြေထောက်ကြွက်သားများနာကျင်ကိုက်ခဲခြင်း

ကိုယ်ဝန်ဆောင်စဉ် ခြေထောက်ကြွက်သားများနာကျင်ကိုက်ခဲခြင်းကို ကိုယ်ဝန် ဒုတိယသုံးလမှစတင်ကြုံတွေ့ရနိုင်ပါတယ်။ဒါဟာဘာကြောင့်ဖြစ်ရတယ်ဆိုတာ သေချာတဲ့အကြောင်းရင်းမရှိပေမယ့် ကိုယ်ဝန်လရင့်လာတာနဲ့အမျှတဖြည်းဖြည်းကြီးလာတဲ့ သားအိမ်ရဲ့အလေးချိန်ကြောင့်ဖြစ်ရတယ်လို့ ယူဆကြပါတယ်။ကိုယ်ဝန်ဆောင်စဉ်မှာဖြစ်တတ်တဲ့ ခြေထောက်ဖောရောင်ခြင်းဟာလည်း ခြေထောက်ကြွက်သားများကို ကိုက်ခဲစေပါတယ်။

ဘယ်လိုသက်သာအောင်လုပ်မလဲ?

ခြေထောက်များကို အကွေးအဆန့်လုပ်ပါ။ခြေကျင်းဝတ်ကို ဗဟိုပြု ပြီး ခြေဖဝါးကို အပေါ်အောက်အကွေးအဆန့်ပြု လုပ်ပေးပါ။ဒီလိုလုပ်ပြီးတဲ့အခါမှာ ရေနွေးအိတ်လေးကပ်ပေးတာဖြစ်ဖြစ် နှိပ်နယ်ပေးတာဖြစ်ဖြစ်လုပ်ပေးသင့်ပါတယ်။လမ်းအနည်းငယ်လျှောက်ပေးတာကလည်း အထောက်အကူဖြစ်စေပါတယ်။

ဘယ်လိုကာကွယ်မလဲ?

ကာကွယ်တဲ့နည်းလမ်းအတိအကျတော့မရှိပေမယ့် အောက်ပါနည်းလမ်းတွေကတော့ ကိုယ်ဝန်ဆောင်စဉ် ခြေထောက်ကြွက်သားများနာကျင်ကိုက်ခဲခြင်းကိုလျော့ပါးသက်သာစေပါတယ်။

(၁)နေ့လည်နေ့ခင်းတွေ နဲ့ ညအိပ်ရာဝင်ခါနီးတွေမှာ ခြေသလုံးကြွက်သားတွေကို ဆန့်ပေးပါ။

(၂)ထိုင်နေတဲ့အချိန် ထမင်းစားတဲ့အချိန် TV ကြည့်ချိန်မျိုးတွေမှာ ခြေကျင်းဝတ်ကို လှည့်လည်လှုပ်ရှားပေးတာ ခြေချောင်းလေးတွေကို လှုပ်ရှားပေးတာမျိုးလေးတွေ လုပ်ပေးနိုင်ပါတယ်

(၃)နေ့စဉ်ပုံမှန်လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ပေးပါ။

(၄)ခြေထောက်မှ နှလုံးဆီသို့သွေးစီးဆင်းမှုကောင်းအောင် ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်ကိုစောင်းအိပ်ပေးပါ။

(၄)ရေဓာတ်ပြည့်ဝအောင် နေပါ။

(၅)ညအိပ်ရာမဝင်ခင်ရေနွေးနွေးနဲ့ရေချိုးပါ။

(၆)ကိုယ်ဝန်ဆောင်စဉ် ခြေထောက်ကြွက်သားများနာကျင်ကိုက်ခဲခြင်း Magnesium နဲ့ Calcium Supplement တွေညွှန်တတ်ကြပါတယ်။ဒါပေမယ့် ဆရာဝန်ရဲ့ ညွှန်ကြားချက်ပါမှ သောက်သင့်ပါတယ်။

ဒီအချက်တွေကိုလိုက်နာကြည့်သော်လည်း ခြေထောက်ကြွက်သားများနာကျင်ကိုက်ခဲခြင်းဟာ ပိုဆိုးလာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသတိုင်ပင်သင့်ပါတယ်။

Dr. ပွင့်ဖြိုးကျော်