Laser စက် အသုံးပြု၍ အမာရွတ်ကုသခြင်း

ဒီတစ်ခေါက်မှာတော့ ကုသရခက်တဲ့ အမာရွတ်ကြောင့် စိတ်ညစ်နေတဲ့သူတွေအတွက် laser စက်ကို အသုံးပြုပြီး အမာရွတ်ကို ကုသလို့ရတဲ့ အကြောင်းလေး ပြောပြပေးချင်ပါတယ်

ထိခိုက်မိလို့ပဲဖြစ်ဖြစ်, ခွဲစိတ်မှုခံယူလို့ပဲ ဖြစ်ဖြစ် အနာကျက်သွားတဲ့အခါ တစ်ချို့အမာရွတ်တွေက အချိန်ကြာလာတာနဲ့အမျှ မှေးမှိန်ပြီး ပျောက်သွားတတ်ပါတယ်
တစ်ချို့ အမာရွတ်တွေကတော့ အရွယ်အစားပိုကြီးလာတာတွေ, ကြည့်ရတာ မလှတာတွေ, လှုပ်ရှားမှုကို အနှောင့်အယှက်ပေးတဲ့ အမာရွတ်တွေ ဆိုရင်တော့ laser စက်ကို အသုံးပြုပြီး ကုသလို့ရနေပြီပဲဖြစ်ပါတယ်

ဘယ်လို အမာရွတ်အမျိုးအစားတွေကို ကုသလို့ရသလဲဆိုရင်?

-ခွဲစိတ်မှုခံယူပြီး ကျန်ခဲ့တဲ့ အမာရွတ်မာမာတွေ, အရေပြား မျက်နှာပြင်ကနေ မြင့်တက်နေတဲ့ အမာရွတ်တွေ

-ရေကျောက်ပေါက်ပြီး ကျန်ခဲ့တဲ့ အမာရွတ်တွေ

-Keloid လို့ခေါ်တဲ့ ဒဏ်ရာထက်အရွယ်အစား ကြီးတဲ့အမာရွတ်တွေ

-Hypertrophic scar လို့ခေါ်တဲ့ အမာရွတ်အမျိုးအစားတွေ

-ဝက်ခြံထွက်ပြီး ကျန်ခဲ့တဲ့ ချိုင့်ကွက်နဲ့ အမဲစက်တွေ

-မီးလောင်ဒဏ်ရာတွေ မှာ Laser စက်ကို အသုံးပြုပြီး ကုသလို့ရနေပါပြီ

Laser စက်အသုံးပြုပြီး ကုသမှုမခံယူခင်မှာ ကျွမ်းကျင်တဲ့ အရေပြားအထူးကုဆရာဝန်တို့ အလှအပဆိုင်ရာ အထူးကုဆရာဝန်တို့နဲ့ သေချာဆွေးနွေးတိုင်ပင်ဖို့ လိုအပ်ပါတယ် အသားအရေ အမျိုးအစားပေါ်မူတည်ပြီး သင့်တော်တဲ့ laser စက်အမျိုးအစားနဲ့ ကုသဖို့လိုအပ်တဲ့ အကြိမ်အရေအတွက်ကို ကျွမ်းကျင်တဲ့အထူးကုဆရာဝန်က ဆုံးဖြတ်ပြီးမှသာ ကုသမှုစတင်သင့်ပါတယ်ကုသဖို့လိုအပ်တဲ့ အကြိမ်အရေအတွက်ကတော့ အမာရွတ်ရဲ့ အရွယ်အစား, အရေအတွက်ပေါ်မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် ကွားခြားမှုရှိနိုင်ပါတယ်

Laser နဲ့ကုသမှုမခံယူခင်နဲ့ ကုသနေစဉ် ဆောင်ရန်ရှောင်ရန်တွေကတော့

-ကုသမှု ၂ပတ်အလိုမှစပြီး ဆေးလိပ်ဖြတ်ခြင်း, သွေးကျဲဆေး, supplement အမျိုးမျိုး, Isotretonoin တို့ကိုသောက်သုံးခြင်းများ ရပ်ထားဖို့လိုအပ်ပါတယ်
-Retiniods နဲ့ glycolic acid ပါတဲ့ skincare တွေကိုလဲ ရပ်ထားသင့်ပါတယ်

-Laser နဲ့ကုသထားတဲ့ နေရာကို နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းကို 4 ပတ်မှ 6ပတ်ထိ ရှောင်ဖို့ လိုအပ်ပါတယ်

-laser နဲ့ကုသထားတဲ့ နေရာကို moisturizer လိမ်းပေးဖို့လိုအပ်ပါတယ်

-မျက်နှာကို laser နဲ့ကုသမှုခံယူထားရင်တော့ make upလိမ်းခြင်း ကို ရက်အနည်းငယ် ရှောင်ဖို့လိုအပ်ပါတယ်

Laser နဲ့ကုသတယ်ဆိုတာ မြင်နေရတဲ့ အမာရွတ်တွေကို မမြင်ရတဲ့ အမာရွတ်ဖြစ်အောင် ကုသခြင်းဖြစ်တဲ့ အတွက် ကုသမှုခံယူပြီးချိန်မှာ နဲနဲစပ်တာတွေ, နီတာတွေ, နာတာလေးတွေဖြစ်တတ်ပါတယ်
ကုသဖို့ အသုံးပြုတဲ့ laser စက်အမျိုးအစားပေါ်မူတည်ပြီး အနာကျက်ဖို့ 3ရက်ကနေ 10ရက်လောက် ကြာမြင့်တတ်ပါတယ်

Laser ပြစ်ပြီး သတိပြုရမယ့်အချက်လေးကတော့ laser ပြစ်ထားတဲ့နေရာကို အပြင်ထွက်ပြီဆိုတာနဲ့ နေလောင်ကာ cream လေးအမြဲလိမ်းပေးဖို့ လိုအပ်ပါတယ်

အားလုံး ကျန်းမာပျော်ရွှင်ပြီး ကြည်လင်လှပတဲ့ အသားအရေလေး ပိုင်ဆိုင်နိုင်ကြပါစေ

ရွှန်းလဲ့ (ဆေး ၂)