ထောပတ်သီး ကလေးတွေ အတွက် ကောင်းရဲ့လား?

ဖြည့်စွက်စာ စကျွေးတဲ့ ၆ လ အထက် ကလေးတွေ အတွက်ရော၊ မတ်တပ်ပြေးကလေးတွေရော၊ မူကြို ကလေး နဲ့ ကျောင်းနေရွယ် ကလေးတွေ အတွက်ပါ အစားအစာ ပြင်ဆင်ရတာ တော်တော် အကြံအိုက်ပါတယ်။ ကိုယ်ကျွေးချင်တာကို ကလေးက မကြိုက်တာမျိုး၊ ကလေးစားချင်တာက တစ်မျိုးဖြစ်တတ်ပါတယ်။ ပြီးတော့ ကိုယ်ကျွေးတာ ကျန်းမာရေးနဲ့ ညီညွတ်လား မညီညွတ်လားဆိုလားဆိုတာလည်း စိုးရိမ်တတ်ကြပါတယ်။ ကလေး အစာစစားတဲ့ အချိန်ရောက်ရင် မေမေတွေ စိတ်ပူရတာ အမှန်ပါပဲ။ ဒါကြောင့် အလွယ်တကူ ကျွေးလို့ ရပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ထောပတ်သီး အကြောင်း ပြောပြချင်ပါတယ်။ ထောပတ်သီးရဲ့ ပါဝင်တဲ့ အာဟာရတန်ဖိုးတွေ၊ ဘယ်အရွယ်မှာ စကျွေးသင့်တယ်ဆိုတာတွေ၊ ဘယ်လိုကျွေးရမှာ လဲဆိုတာတွေ အပြင် အော်ဂဲနစ် အသီးလား၊ ရိုးရိုးလား ဆိုတာပါ ထည့်ပြောပြပါ့မယ်။

ပထမဆုံး ထောပတ်သီးရဲ့ အာဟာရတန်ဖိုးကိုပြောပါ့မယ်။ အာဟာရတန်ဖိုးကတော့ အော်ဂဲနစ်ရော၊ ရိုးရိုး အသီးရော အတူတူပါပဲ။ ထောပတ်သီး အခွံခွာပြီးသား အတုံးသေးသေး တရုတ်ပန်းကန်လုံး ၁လုံး ပမာဏ မှာ ကယ်လိုရီ ၂၄၀၊ အဆီ ၂၂ ဂရမ်၊ ဆိုဒီယမ် ၁၀.၅ မီလီဂရမ်၊ ပိုတက်ဆီယမ် ၇၂၇.၅ မီလီဂရမ်၊ ကစီဓာတ် ၁၃ ဂရမ်၊ အမျှင်ဓာတ် ၁၀ ဂရမ်၊ အသားဓာတ် ၃ ဂရမ်၊ သကြား ၁ ဂရမ် ပါဝင်ပါတယ်။ ထောပတ်သီးမှာ ပါတဲ့ အဆီ ဟာ ကောင်းတဲ့ အဆီဖြစ်တာကြောင့် ထောပတ်သီးစားလို့ ဝမှာ၊ အဆီတက်မှာ စိုးရိမ်စရာ မလိုပါဘူး။ ကိုလက်စထရော ပါဝင်မှု ဇီးရိုး ဖြစ်ပါတယ်။ ကလေးတွေကိုလည်း စိတ်ချလက်ချ ကျွေးလို့ ရပါတယ်။ ဒါ့အပြင် ဗီတာမင် C ၊ ဗီတာမင် A၊ ဗီတာမင် B6၊ မက်ဂနီဆီယမ်၊ ကယ်လဆီယမ် နဲ့  သံဓာတ် ပါဝင်တာကြောင့် ကလေးများ အတွက် အလွန်အာဟာရ ပြည့်ဝတဲ့ အစားအစာ ဖြစ်ပါတယ်။

ထောပတ်သီးကို ဖြည့်စွက်စာ စကျွေးတဲ့ အရွယ် ကလေးအသက် ၆ လ အထက်ဆို ကျွေးလို့ ရပါပြီ။ ထောပတ်သီး ရဲ့  နုးညံ့တဲ့ အသားနဲ့ ပျစ်ချွဲချွဲ အနေအထား၊ ချိုတဲ့ အရသာ ဟာ အစာစကျွေးစ ကလေးတွေ အတွက် အကောင်းဆုံးပါပဲ။ ကလေးတွေဟာ သဘာဝအရ အချိုကြိုက်ပါတယ်။ ရယ်ဒီမိတ် တွေ ကျွေးမယ့်အစား သဘာဝ အသီးအနှံလေးတွေ စမ်းကျွေးတာ အကောင်းဆုံးပါပဲ။ ကလေးတွေကို ကျန်းမာရေး နှင့် ညီညွတ်တဲ့ အစားအစာတွေ စားတတ်အောင် အကျင့်လုပ်ပေးခြင်း ဖြစ်ပါတယ်။ ငယ်ငယ်တည်းက ရယ်ဒီမိတ် စားတဲ့ ကလေးဟာ ကြီးလာရင်လည်း ရယ်ဒီမိတ်တွေ ပဲ ကြိုက်မှာ သေချာပါတယ်။ ဒါကြောင့် ကိုယ့်ကလေးရဲ့ စားသောက်ပုံဟာ သူ့ ဘ၀တစ်လျှောက်လုံး အတွက် အရေးပါတာကြောင့် ငယ်ငယ်တည်းက လေ့ကျင့်ပေးသင့်ပါတယ်။
ထောပတ်သီးကို ပုံစံမျိုးစုံ လုပ်ကျွေးလို့ ရပါတယ်။ ကျိတ်စက်နဲ့ ချေပြီး ဖြစ်ဖြစ်၊ ချေပြီးသားကို မိခင်နို့ ဒါမှ မဟုတ် ကလေးနှို့ မှုန့် ဖြစ်ဖြစ် ရောပြီး ကျွေးလို့ ရပါတယ်။ ၆ လကျော် ကလေးများ ကို တစ်ခါကျွေး ရင် ထမင်းစားဇွန်း ၂ ဇွန်းခန့် ၊ ဒါမှ မဟုတ် ကလေးစားနိုင်သလောက်လေး ကျွေးလို့ ရပါတယ်။ ကလေးတွေရဲ့ အစာအိမ် ဟာ သေးသေးလေးမို့  အများကြီး မစားနိုင်ပါဘူး။ ကလေးဗိုက်ဝရင် ရပ်လိုက်ပါ။ ၂ နာရီခြား၊ ၃ နာရီခြားကလေးကို အစာကျွေးလို့ ရပါတယ်။ ကလေးကြီးတွေကိုတော့ ထောပတ်သီး ဖျော်ရည်၊ ထောပတ်သီး ကျောက်ကျော၊ ထောပတ်သီး နဲ့ ပေါင်မုန့် ၊ ထောပတ်သီး သုပ် မျိုးစုံ လုပ်ကျွေးလို့ ရပါတယ်။ ကလေးကြိုက်မယ့် ပုံစံ အမျိုးမျိုး စမ်းကြည့်ပါ။ ဒီတစ်မျိုး မစားရင် နောက်တစ်မျိုး ပြောင်းလုပ်ကျွေးပါ။ ထောပတ်သီးဟာ ကလေးတိုင်းစားသင့်တဲ့ အစားအစာ ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ ထောပတ်သီးဟာ ပင်ကိုယ်အရသာ ရှိတာကြောင့် နို့ ဆီ၊ သကြား မထည့်တာ အကောင်းဆုံးပါပဲ။ ကလေးကို သဘာဝ အရသာ လေးကို စားစေချင်ပါတယ်။ သဘာဝ အရသာကို နှစ်သက်တဲ့ ကလေးဟာ သူကြီးလာရင်လည်း ကျန်းမာရေးနှင့် ညီညွတ်စွာ စားတတ်မှာပါ။ အော်ဂဲနစ် ဖြစ်ဖြစ်၊ ရိုးရိုး ဖြစ်စေ အာဟာရ တန်ဖိုး တူတာကြောင့် အော်ဂဲနစ် ၀ယ်မကျွေးနိုင်လည်း စိတ်မကောင်းမဖြစ်ပါနဲ့ ။ ဘယ်အသီးပဲ ဖြစ်ဖြစ် ဓာတ်မြေသြဇာ နဲ့  ဘက်တီးရီးယားများ စင်ကြယ်အောင် သေချာ ဆေးကြောဖို့ ပဲ လိုပါတယ်။ ကျန်းမာပျော်ရွှင်သော ကလေးများ ကို ပျိုးထောင်နိုင်ကြပါစေ။

Dr. Jasmine