အိုင်စီယူဆိုတာ

အရေးပေါ်ဆေးရုံတက်လာသော လူနာ၏ အစောင့်များသည် လူနာဆောင်ထဲရောက်ရောက် ချင်း မေးလေ့ရှိသောမေးခွန်းမှာ အထူးခန်းရှိသလားတဲ့။ ထိုလူနာရှင်များသည် အတော်အသင့် တတ်နိုင်သူများ ဖြစ်သည်။ ပညာတတ်လူနာရှင်များကမူ ” ဒီလူနာကို ICU(အိုင်စီယူ) မှာထားရမလား ဆရာ” လို့မေးလေ့ရှိပါသည်။ Intensive Care Unit (အိုင်စီယူ) မှာ လူနာထားပြီးမှ အခပေးခန်းထပ်ယူသူများကား တတ်လည်းတတ်နိုင်၊ ပညာတတ်လူရည်လည် သူများ ဖြစ်သည်။ ကလေးကို အိုင်စီယူမှာထား၊ လူကြီးက အခပေးခန်းမှာ နားပေမည်။ ကလေး အိုင်စီယူကပြန်လာလျှင်လည်း နေစရာအသင့်ဖြစ်ပေမည်။
အိုင်စီယူဟူသော အထူးကြပ်မတ်ကုသဆောင်များသည် ယခုဆယ်နှစ်အတွင်း ပေါ်ပြူ လာဖြစ်လာသည်။ အထူးဆိုသည့်အတိုင်း အခန်းက သန့်၊ လေအေးစက်နှင့်အပြင် ၀န်ဆောင်မှုကလည်း (၂၄) နာရီ အထူးကုဆရာဝန်၊ ဆရာမများ၏ ဂရုစိုက်ကုသမှုရသည့် နေရာ ဖြစ်သည်။ ဆေးရုံတွင် ၀န်ဆောင်မှုအကောင်းဆုံးပေးနိုင်သော နေရာ ဖြစ်သည်ဆိုက မမှားပါပေ။
သို့သော် အိုင်စီယူတွင်ရှိသော ခုတင်အရေအတွက်သည် ပင်မဆေးရုံခုတင် အရေ အတွက်၏ (၂%) သာ ရှိပါသည်။ ခုတင် (၂၀၀) ဆံ့အတွက် (၄)လုံး၊ (၅၀၀) ဆံ့အတွက် (၁၀)လုံး သာရှိပါသည်။ သို့သော် လူနာ(၁၀) ယောက်အတွက် ပေးထားသော အထူးကု ဆရာဝန်၊ဆရာမက လူနာ(၅၀) ကြည့်နေသော ပင်မ လူနာဆောင်ကြီးတစ်ခုအတွက် ၀န်ထမ်း အရေအတွက်နှင့် နှိုင်းယှဉ်လျှင် သာချင်သာပေမည်။ မလျော့ပါ။ စံချိန်မီဆိုပါက (၂) ခုတင်ကို ဆရာမ(၁)ယောက်နှင့် (၅)ယောက် အချိန်ပြည့်ရှိရပေမည်။ အိုင်စီယူတွင် အသည်းအသည် လူနာများအတွက် အလုပ်ကို ဇယ်ဆက်သလို လုပ်ရသဖြင့် စိတ်ဖိစီးမှုများသည် (၈) နာရီ အတွက် (၃) ဆိုင်းလိုပေမည်။ စာအုပ်ကြီးအတိုင်းဆိုပါက ဆရာမအယောက် (၂၀) တာဝန်ချ ရမည်။
လကုန်ခါနီးဆိုရင် သူနာပြုအုပ်ကြီးက အိုင်စီယူအတွက် ဘယ်လိုလူရှာပေးရမည်ကို ညည်းလေ့ရှိသည်။ ကိုယ့်မှာရှိသည့်ဆရာမက အင်အားအပြည့်မရှိ။ အဲ့ဒီတော့ တစ်ဝက် လျှော့(၁၀)ယောက်သာပေးနိုင်သည်။ ဒါပေမဲ့ ဆေးရုံအုပ်ကြီးက ခပ်တည်တည်နှင့်ပင် `ပင်မအဆောင်တွေနဲ့ ဆရာမက အတူတူပေးထားတာ`ဟု အတွန့်မတက်အောင် အိုင်စီယူတာဝန်ခံဆရာဝန်ကြီးကို စကားပိတ်ထားရပါသည်။
(၁၀) ယောက်မှာလည်း (၈)ယောက်က ကျွမ်းကျင်သူဆရာမများ (၂)ယောက်က အိုင်စီယူမရောက်ဖူးသေးသော ဆရာမများဖြစ်သည်။ အိုင်စီယူက လူစ်မလိုချင်၊ လူဟောင်း သာ လိုချင်သည်။ `အဲဒီလူတွေရှိလို့ ကုသရေးပိုကောင်းပေမယ့် ခွင့်ယူမယ်၊ ပြောင်းရွှေ့သွား မယ်ဆိုရင် ဒုက္ခရောက်မယ်။ လူသစ်ရံထားဖို့ လိုမယ်။ ဒီဌာနက စိတ်ဖိစီးမှုများတာဆိုတော့ (၃) လတစ်ခါ ဆရာမတွေကို လူနာဆောင်ပြောင်းပေးဖို့ လိုမယ်`ဟု အိုင်စီယူတာဝန်ခံ ဆရာကြီးကိုလည်း ချော့ရသည်။ အထူးကုဆရာဝန်ကလည်း အနည်းဆုံး(၅)ယောက်လိုသည်။ (၄)ယောက်နှင့်ပင် စာရင်းပိတ်ဟု မတတ်သာပြောရသည်။
အိုင်စီယူသည် ဆေးရုံတွင် ခေတ်အမီဆုံးအခန်းဖြစ်သည်။ နောက်ဆုံးပေါ် လူနာ စမ်းသပ်တိုင်းတာရေးကရိယာများ၊ မော်နီတာများ၊ အသက်ရှူအားကူးစက်များ၊ကျောက်ကပ် ဆေးစက်များ၊ နှလုံးနှိုးဆွစက်များ အစုံရှိပေသည်။ လျှပ်စစ်မီးမပြတ်ဘဲ (၂၄)နာရီရအောင် စီစဉ်ထားသည်။ ရေကလည်း (၂၄) နာရီ မပြတ်ရမည်။ ဆေးရုံကျန်တဲ့နေရာသာ ပြတ်ချင်ပြတ် မည်။ ဒီဌာနမှာ မဖြစ်။
အရေးပေါ် ဆေးဝါးဆိုလျှင်လည်း ချက်ချင်းသုံးပေးမည်။ လူနာက နောက်ပြန်ဖြည့်ပေး။ မတတ်နိုင်လျှင်လည်း ဆေးရုံက စိုက်ပေရော့။ အသက်နှင့် အလောင်းအစားလုပ်သော နောက်ဆုံးနေရာဆိုတော့ တတ်နိုင်သလောက်တော့ အကုန်အကျခံရပေမည်။ အနောက်နိုင်ငံ မှာတော့ အိုင်စီယူလူနာ ခုတင်တစ်လုံးစာအတွက် တစ်နေ့ကုန်ကျငွေမှာ ဒေါ်လာ ၁၂၀၀ (ကျပ် ၁၄ သိန်း)လို့ တွက်ချက်ထားပါသည်။ သူတို့က စက်ဖိုး၊ ၀န်ဆောင်ခဖိုး စုပေါင်း တွက်ချက်ထားခြင်းဖြစ်သည်။ ကျွန်တော်တို့နိုင်ငံမှာ ဒါတွေက၊ အခမဲ့၊ စရိတ်မျှပေးဆေးတချို့ သာ ၀ယ်ရသဖြင့် ဆေးပေါလှပေသည်။ ဒါကြောင့် နိုင်ငံခြားမှာ ဆေးကုဖူးသူများက အိုင်စီယူတွင်နေချင်ကြသည်။ စရိတ်နည်းနည်း။ ၀န်ဆောင်မှုကောင်းကောင်း၊ လူရှင်းရှင်း၊ လေအေး စက်နှင့် နေရမှာကိုး။
သို့သော် အိုင်စီယူသို့ လူနာတင်ချင်တိုင်း တင်လို့မရ။ ဆေးရုံအလိုက် ပေါ်လ စီရေးဆွဲထားပါသည်။ ဆေးရုံအုပ်ကြီး၊ ပါမောက္ခများ၊ အိုင်စီယူတာဝန်ခံ ဆရာဝန်၊ ဆရာဝန်ကြီး၊ ပင်မဆေးကုသဆောင်နှင့် ခွဲစိတ်ဆောင်းများမှ တာဝန်ခံဆရာဝန်ကြီးများ စုပေါင်းပြီး ဘယ်လိုလူနာကို အိုင်စီယူမှာထားကုမလဲဟု ဆုံးဖြတ်ရပေသည်။ ဦးစားပေး ကတော့ အသည်းအသန်လူနာသည် အထူးကြပ်ကမတ်ကုသပေးပါက ပြန်ကောင်းလာနိုင်ခြေ ရှိသည့် လူနာမျိုးကို ပထမဦးစားပေးသည်။ ဒုတိယဦးစားပေးက အသည်းအသန်မဖြစ်သေး သော်လည်း ဖြစ်နိုင်ခြေရှိပြီး အထူးစောင့်ကြည့်ရန်လိုပြီး ရောဂါဆိုးဆိုးချင်း ကုသပါက အသက်ရှင်နိုင်သူများ ဖြစ်သည်။ တတိယဦးစားပေးက နာတာရှည်ရောဂါခံစားပြီး အသည်း အသန်ဖြစ်လာသူများ ဖြစ်သည်။ ဒါလေးကပင် ထူးခြားမှု ဖြစ်သည်။ အသည်းအသည်မဖြစ် သေးသူကို ဒုတိယဦးစားပေးအနေနှင့် စာအုပ်ကြီးက ညွှန်ထားသည် မဟုတ်ပါလား။
တစ်ခါတစ်ရံ လူနာဆောင်တာဝန်ခံများက သူ့လူနာကို အိုင်စီယူသို့ပြောင်းခွင့် မရ ကောင်းလားဟု စိတ်အခန့်မသင့်ဖြစ်တတ်သည်။ ဆေးရုံအုပ်ကြီးတာဝန်က ၀င်ရောက်ညှိနှိုင်း ပြီး တိုက်ရိုက်ပေးဆင်းနိုင်သည်ကလည်း ထူးခြားမှုတစ်ခုပင်။
အိုင်စီယူရောက်လျှက် သေမင်းနှင့် ပိုနီးစပ်သွားသလိုဖြစ်သဖြင့် လူနာစောင့်များမှာ ညှိုးငယ်နေကြသည်။လူနာသေဆုံးသွားလျှင်လည်းဝမ်းနည်းကြေကွဲဖြေလျော့နိုင်ရန် သီးသန့် ခန်း (Grief Room)များစီစဉ်ထားပေးသည်။ သေအံ့မူးမူး လူနာကုသစောင့်ရှောက်ရေးအတွက် ဘာသာဆုတောင်းမှုသည်လည်း အရေးကြီးကြောင်းရေးသားထားသည်။ ဘုန်းကြီးများ။ ခရစ်ယာန်တရားဟောဆရာများ၊ ဗလီဆရာများ ဆုတောင်းသည်ကို အကန့်အသတ်နှင့် ခွင့်ပြုရန် ပြောထားရသည်။ အိုင်စီယူဝန်ထမ်းများကမူ ပိုးသတ်ထားသောအခန်းကို လူအများ ၀င်တာ မကြိုက်သော်လည်း ဒါ က သေအံ့ဆဲဆဲလူနာအတွက် စာနာသောကုထုံးတစ်ခုမို့ လိုက်လျောကြပါသည်။ ဧည့်အ၀င်ကန့်သတ်ထားတာမို့လည်း အိုင်စီယူအနီးတွင် လူနာ ဆွေမျိုးများအတွက် နာနေခန်းများ စီစဉ်ထားရပေမည်။
တချို့တစ်ဇွတ်ထိုး လူနာစောင့်များကြောင့်လည်း ဆေးရုံအုပ်ကြီးက၀င်ရောက်ဖြေရှင်း ပေးရသည်။ ကလေးက အသက်ရှူအားကူစက် တပ်ထားရသည်။ စက်ကြောင့် အသက်ရှူနေ သလို ရင်ဘတ်ပိန်ဖောင်းဖြစ်နေသည်။ သို့သော် လူနာမှာ သေဆုံးသွားပြီဖြစ်သည်။ ဆရာဝန် များ၏ စစ်ဆေးချက်အရ ဦးနှောက်သေ(Brain Death) ပြီမို့ သေဆုံးဟုမှတ်ချက်ချသည်။ လူနာရှင်များက ကလေးအသက်ရှူသေးတယ် (စက်တပ်ထားမှန်း သိလျက်နှင့်) မသေသေး ဟုဆိုပြီး စက်ကိုအဖြုတ်မခံပါ။ ဆရာဝန်တွေကလည်း ကျေနပ်အောင်ဆိုပြီး (၂)နာရီ၊ (၃)နာရီ ထားပေးသည်။ သို့သော် နောက်အသည်းအသန်လူနာတစ်ယောက် ၀င်လာမည့်အကြောင်း ဖန်လာသည်။ ခုတင် (၁၀)လုံးက အပြည့်မို့ သေဆုံးလူနာကို ရွှေ့ရပေတော့မည်။ စက်အဖြုတ်မခံ။ သေတာသေချာကြောင်း အီးစီဂျီဆွဲ၊ အီးအီးဂျီရိုက်ပြီး သက်သေလည်းပြ။ တဖြည်းဖြည်းတရားချ ဖြုတ်ခွင့်ပြုပါသည်။ အဲဒီတော့မှ အားလုံး သက်ပြင်းချနိုင်ပါတော့သည်။ သေခြင်းတရားကို လက်မခံနိုင်ဘဲ ထိတ်လန့်သွားကြသူများ ဖြစ်ပါသည်။
အိုင်စီယူထဲတွင် စက်ကိရိယာများသည် တဖြတ်ဖြတ်မီးလင်းလိုက်၊ အချက်ပေးသံမြည် လိုက်၊ မော်တာလည်သံ ကြားရလိုက်နှင့် စက်ရုပ်တိုင်းပြည်ထဲရောက်နေသည်ဟု ထင်ရပေ မည်။ သို့သော် စက်ကိရိယာများအလယ်တွင် လူသားဆန်သောရုဏာနှလုံးသားနှင့်၊ဆရာဝန်၊ ဆရာမများ၏ ပြုစုကုသမှု၊ ဖျောင်းဖျမှုများသည့်ကြားက လူနာအပေါ် ဂရုစိုက်နိုင် ကြသော အိုင်စီယူမှ ဆရာဝန်၊ ဆရာမများကို စာနာမိပါသည်။

ဒေါက်တာအောင်ကြည်ဝင်း