ကိုယ်ဝန် ဘယ်လိုတားကြမလဲ (၃)

ကျွန်တော်။ ။ ကဲ ဒါဆို တားဆေးကဒ်နဲ့ သုံးလခံထိုးဆေး အကြောင်းတော့သိသင့်သလောက်သိပြီထင်တယ်။ သူတို့ကတော့ကာလတိုတားနည်းပေါ့။ အခု ကာလရှည်တားနည်းဖြစ်တဲ့ လက်မောင်းတွင်းထည့်ပစ္စည်း အကြောင်းပြောပြမယ်။

အမျိုးသမီး။ ။ ဟုတ်ကဲ့ ဆရာ ကြားတော့ကြားဖူးတယ် ဒါပေမယ့် လက်မောင်းခွဲထည့်ရမှာကြောက်လို့ဆရာ။

ကျွန်တော်။ ။ ဟုတ်ပါပြီ ကျွန်တော်အကြောင်းစုံ ပြည့်ပြည့်စုံစုံ ပြောပြပါ့မယ်။ သူ့မှာက ၅ နှစ်ခံ (Jadelle)၊ ၄ နှစ်ခံ (Sino-implant)၊ နဲ့ ၃ နှစ်ခံ (Implanon) ဆိုပြီးအမျိုးမျိုးရှိတယ်ဗျ။ အဲ့ဒီတော့ ကလေးလုံးဝ မလိုချင်တော့ဘူး ဒါမှမဟုတ် အနည်းဆုံး သုံးနှစ်လောက် တားချင်တဲ့သူတွေအတွက် အဆင်ပြေတာပေါ့။

အမျိုးသမီး။ ။ အဲ့လိုမျိုးထည့်ရမှာကြောက်လို့ တားဆေးကဒ်တို့ ထိုးဆေးတို့ကို နှစ်ရှည်ကြီးသုံးရင်ရောမရဘူးလားဆရာ။

ကျွန်တော်။ ။ ရတော့ရတာပေါ့။ ဒါပေမယ့် ဟော်မုန်းဓာတ်ပါတဲ့ဆေးတွေဖြစ်တဲ့ အတွက်ရေရှည်စွဲသုံးရင် ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာပေါ့။

အမျိုးသမီး။ ။ သူ့မှာရော ဘာတွေပါလို့ အဲ့လောက်အကြာကြီးခံတာလဲ ဆရာ။

ကျွန်တော်။ ။ သူက ပလက်စတစ်ပိုက်ပျော့ လေးဘဲဗျ။သူ့ထဲမှာ သုံးလခံထိုးဆေးနဲ့အာနိသင်တူတဲ့ ပရိုဂျက်စတင်(Progestin) ပါတယ်။ သူကကျတော့ အရေပြားအောက်ထဲကနေ ဟော်မုန်းဓာတ်ကို တစိမ့်စိမ့်ထွက်စေတဲ့အတွက် ပိုကြာကြာခံတာပါ။

အမျိုးသမီး။ ။ သုံးလခံထိုးဆေးနဲ့အာနိသင်တူတယ်ဆိုတော့ သူလည်းဝမှာဘဲလားဆရာ။

ကျွန်တော်။ ။ သုံးလခံဆေးလိုဘဲ ရာသီမမှန်တတ်တာ၊ ဝတာတော့တူပါတယ်။ သးုံလခံဆေးလောက်တော့မဝဘူးဗျ။ဘာဖြစ်လို့လဲဆိုတော့ ၅ နှစ်ခံပစ္စည်းမှာတောင် သုံးလခံထိုးဆေးတစ်လုံးစာ ဆေးပမာဏဘဲပါလို့ဗျ။ သုံးလခံထိုးဆေးဆိုရင် တစ်နှစ်ကို လေးလုံး၊ ငါးနှစ်ဆို အလုံးနှစ်ဆယ်ထိုးရမှာလေ။ ဒီပစ္စည်းကျတော့ ၅ နှစ်လုံးမှတစ်လုံးစာတည်းဆိုတော့ဝရင်တောင် တစ်လုံးစာပေါ့ဗျာ။ ရာသီမမှန်တာကတော့ သုံးလခံထိုးဆေးလိုဘဲ လုံးဝမပေါ်တာ နည်းနည်း နည်းနည်း ရက်ရှည်ဆင်းတာ၊ အများကြီး ဆင်းတာဖြစ်တတ်ပါတယ်။

အမျိုးသမီး။ ။ ၅ နှစ်ခံဆိုတော့ ၅နှစ်လုံးထည့်ထားရမှာလားဆရာ။

ကျွန်တော်။ ။ အဲ့လိုတော့မဟုတ်ပါဘူး။ ကလေးလိုချင်တဲ့အခါပြန်ထုတ်ပေါ့။ ပြီးတော့ သူက ကလေးပြန်လိုချင်ရင် သုံးလခံဆေးလောက် မစောင့်ရဘူးဗျ။

အမျိုးသမီး။ ။ ဆရာ ဘယ်လိုထည့်တာလဲ ဓားနဲ့ခွဲထည့်တာလား ပြောပြပါဦး။

ကျွန်တော်။ ။ လက်မောင်းအတွင်းဘက် အရေပြားအောက်ထဲကိုထည့်တာပါ။ အရင်ဆုံး ထုံဆေးထိုးပါတယ်။ပြီးတော့ ဓားဒဏ်ရာလေးက စပါးစေ့တစ်စေ့စာလောက်ဘဲရှိတာပါ။ အကြီးကြီး မခွဲပါဘူး။ ပြီးတော့မှ ထိုးသွင်းတဲ့ကိရိယာလေးနဲ့ အရေပြားအောက်ကို ရှပ်ပြီးထိုးထည့်လိုက်တာ။ ဒဏ်ရာကသေးတော့ ပြန်ချုပ်စရာလည်းမလိုပါဘူး။အနာကပ်ပလာစတာ လေးကပ်လိုက်ရုံပါဘဲ။ ပြီးတော့သွေးထွက်မှာစိုးလို့ ပတ်တီးပတ်ပေးပါတယ်။ ပတ်တီးကသုံးရက်လောက်ဆို ဖြည်လို့ရပြီ။ ပလာစတာကတော့ ၅ ရက်ပြည့်တော့မှခွာလိုက်ပါ။

အမျိုးသမီး။ ။ တခြားရှောင်ရန် ဆောင်ရန်တွေရှိသေးလားဆရာ။

ကျွန်တော်။ ။ အဓိက က ရေမစိုရဘူး။ ရေစိုရင်အနာကပွပြီး အနာမကျက်မှာစိုးလို့ပါ။ ရေချိုးရင်လက်မြှောက်ပြီး ချိုးပေါ့။ နောက်တစ်ခု အရမ်းလေးတာတွေမ မ ရပါဘူး။ပြန်ချုပ်ထားတာမဟုတ်တော့ အရမ်းလေးတာမရင် အရေပြားတင်းပြီး အနာဟသွားရင် အနာကျက်နှေးမှာစိုးလို့ပါ။ပုံမှန် ထမင်းချက်၊ အဝတ်လျှော်၊ အိမ်မှု့ကိစ္စတွေ လုပ်လို့ရပါတယ်။

အမျိုးသမီး။ ။ သူကရွေ့သွားတာ ပျောက်သွားတာမျိုးရှိတယ်ဆိုတာ ဟုတ်လားဆရာ။

ကျွန်တော်။ ။ မဟုတ်ပါဘူးဗျာ။ အရေးပြားအောက်ထဲအပေါယံရှပ်ပြီးထည့်ထားတာ စမ်းကြည့်လို့ရပါတယ်။ ရွေ့လည်းမရွေ့ပါဘူး။ပျောက်လည်း မပျောက်ပါဘူး။ ဒါပေမယ့်ပြန်ထုတ်တဲ့အခါတော့ ထည့်တုန်းကထက် နည်းနည်းအချိန်ယူရတယ်။ ဘာလို့ဆို ပြန်ထုတ်ရင်လည်း ဓားဒဏ်ရာက ထည့်တုန်းကလောက်လိုဘဲ သေးသေးလေးပေးပြီး ဘဲထုတ်တာမို့လို့ပါ။

အမျိုးသမီး။ ။ ဆရာပြောပြတော့လည်း သိပ်ကြောက်စရာမကောင်းတော့ပါလားနော်။ အစကတော့ခွဲထည့်ရမှာ ဆိုပြီးကြောက်နေတာ။ကျေးဇူးတင်ပါတယ် ဆရာ။

ဒေါက်တာမျိုးကိုကို