📌ကလေးအရေပြားပေါ်က ပြဿနာများ📌

ကလေးလေးတွေက နူးညံ့လှပတဲ့ ပန်းပွင့်လေးတွေဆိုရင် ဒီပန်းပွင့်လေးတွေ အမြဲလန်းဆန်းလှပနေဖို့ အရိပ်တကြည့်ကြည့်နဲ့ ဂရုတစိုက် စောင့်ရှောက်ပေးရမှာက ကျွန်တော်တို့တွေရဲ့ တာဝန်ပဲ မဟုတ်လား။ နုနယ်တဲ့ အသက်ဓာတ်၊ နုနယ်တဲ့ ကိုယ်ခံအား နဲ့ နုနယ်လှတဲ့ ခန္ဓာကိုယ်ပိစိလေးတွေက ဘုရားသခင်ပို့ပေးတဲ့ လက်ဆောင်ဆိုရင်တော့ အဲ့ဒီ့လက်ဆောင်လေးကို ထုပ်သိမ်းထားတဲ့ packing paper လှလှလေးက ကလေးလေးရဲ့ နူးညံ့တဲ့ အရေပြားလေးပဲပေါ့။

👶 ကလေးအသားအရေ ထိခိုက်စေနိုင်တဲ့ အရာတွေက ဘာတွေလဲ?

အများကြီးပေါ့။

အချိန်တစ်ခုရောက်ရင် အလိုလို ပျောက်သွားနိုင်တဲ့ အန္တရာယ်မရှိတာတွေ ဖြစ်နိုင်သလို ဆေးကုသမှုခံယူဖို့လိုတဲ့အရာတွေလည်း ဖြစ်နိုင်တာမို့ အမြဲသတိထား ဂရုစိုက်နေရပါမယ်။

🔺 Diaper rash (သေးခံလောင်ခြင်း)

မွေးကင်းစကစလို့ သေးခံဒိုင်ပါ မလွတ်သေးတဲ့ မူကြိုအရွယ်အထိ အဖြစ်အများဆုံး ကလေးအရေပြားပြဿနာ တစ်ခုဖြစ်ပါတယ်။

-ဒိုင်ပါကြပ်ကြပ်ဝတ်ပေးတာမျိုးရှောင်ရပါမယ်။

-ဒိုင်ပါရဲ့ ခံနိုင်ရည်ထက်ကျော်လွန်ပြီး အချိန်ကြာမြင့်စွာမထားမိဖို့ သတိထားရပါမယ်။

-အစိုဓာတ်မရှိအောင် တတ်နိုင်သမျှ လေဝင်လေထွက်ကောင်းအောင် ထားပေးရပါမယ်။

-rash ပေါ်လာရင်တော့ zinc oxide လိမ်းပေးလို့ရသလို Diaper cream တွေလည်းလိမ်းပေးနိုင်ပါတယ်။

-သိပ်ဆိုးရင်တော့ ဆရာဝန်ပြဖို့လိုပါမယ်။

🔺 နေပူလောင်ခြင်း

ခုလိုပူပြင်းတဲ့ရာသီမှာ ပိုဂရုစိုက်ရပါမယ်။ မလိုအပ်ဘဲ ကလေးကို နေပူမမိစေဖို့ သတိထားပါ။ ကလေးနေရောင်ကာခရင်မ်တွေလိမ်းပေးဖို့နဲ့ နေကာမျက်မှန်လေးတွေတပ်ပေးကြဖို့ မမေ့ပါနဲ့။

🔺 အသားအရေခြောက်သွေ့ ခြင်း

အေးမြခြောက်သွေ့တဲ့ ရာသီဥတုမှာ အဖြစ်များသလို အချိန်ပြည့် အဲကွန်းခန်းထဲမှာနေရတဲ့ကလေးတွေမှာ အဖြစ်များပါတယ်။ နောက်ကျမွေးတဲ့ မွေးကင်းစကလေးတွေမှာ ပိုဖြစ်ပါတယ်

-ကလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ ဆပ်ပြာ၊face cream နဲ့ body lotionတွေသုံးပေးရပါမယ်။

-အနံ့ပြင်းတဲ့ ဆပ်ပြာတွေ၊ wet tissue တွေ baby wipes တွေ ရှောင်ရပါမယ်။

-ဆပ်ပြာရည်နဲ့ ရေချိုးကန်ထဲစိမ်ပေးတာမျိုး ရှောင်ရပါမယ်။

-မွေးကင်းစကလေးတွေကို ရေ တစ်ပါတ်မှာသုံးကြိမ်ထက် ပိုမချိုးသင့်ပါဘူး။

🔺 နှင်းခူ

မျိုးရိုးလိုက်တတ်သလို ဓာတ်မတည့်ရောဂါ၊ ရင်ကြပ်ပန်းနာရောဂါတွေနဲ့ တွဲဖြစ်တတ်တာမို့ ပိုသတိထားရပါမယ်။

ဆရာဝန်ပြဖို့လိုပါမယ်။

ပေါင်ဒါလိမ်းရင် ပိုရင်ကြပ်နိုင်ပါတယ်။

ကလေးတိုင်း ပေါင်ဒါရှောင်သင့်ပါတယ်။

🔺 ဝက်ခြံလေးတွေ

လူကြီးတွေမှာပေါက်တဲ့ ဝက်ခြံလို အဆီပြန်လို့ဖြစ်တာမဟုတ်ပါဘူး။

Yeast ဆိုတဲ့ မှိုလေးတွေကြောင့်ဖြစ်တတ်ပြီး သူ့အလိုလိုပြန်ပျောက်သွားတတ်ပါတယ်။

🔺 မိတ်ဖုလေးတွေ

ချွေးထွက်များတဲ့ ဒီလိုပူတဲ့ရာသီမှာ ပိုဖြစ်ပါတယ်။

အေးတဲ့ရာသီမှာလည်း အဝတ်အစားတွေ အထပ်ထပ်ထူထူထဲထဲဝတ်ထားရင် ဖြစ်တတ်ပါတယ်။

ချောင်ချောင်ပွပွလေးတွေ ဝတ်ပေးပါ။

🔺အသားဝါခြင်း

မွေးကင်းစကလေးတွေမှာ အသားဝါတတ်သလို အသည်းရောဂါတချို့ကြောင့်လည်း ဝါလာတတ်ပါတယ်။

-ကလေးအသားအရောင်ကို အမြဲသတိထားကြည့်ပါ။

-ဝါလာလျှင် ဆရာဝန်မြန်မြန်ပြပါ။

🔺 ထိခိုက်ရှနာလေးတွေ

သိပ်ဆော့တဲ့ ကလေးလေးတွေနဲ့ ခွဲမရတဲ့အရာတွေပေါ့။

-ကလေးမှာ အနာရှိမရှိ အမြဲ သတိရှိပါ။

-တွေ့ကရာလိမ်းဆေးများ မလိမ်းရပါ။

-အနာကို ခဏခဏမကိုင်ပါနဲ့။ ပြည်တည်သွားတတ်ပါတယ်။

💡 အသားအရေလှပဖို့ ဘာတွေကျွေးရမလဲ?

– Carotene ပါဝင်တဲ့ မုန်လာဥနီ၊ ရွှေဖရုံသီးစတာတွေ မကြာခဏကျွေးသင့်ပါတယ်။ -ရေဓာတ်နဲ့ အစာအာဟာရကို စုံလင်မျှတ ပြည့်ဝအောင် ကျွေးရပါမယ်။

အရေပြား နဲ့ ဘဝ တစ်ထပ်တည်းကျ လှပချောမွေ့ကြပါစေ ကလေးလေးတွေ။

Dr ဖြိုးဝေလင်း
(26.3.19)