ဆင်တုပ်ကွေးဖြစ်ပြီးကျန်ခဲ့တဲ့ နာကျင်ကိုက်ခဲခြင်းတွေကို ဘယ်လိုသက်သာအောင်လုပ်မလဲ ?

နာမည်ကြီးပြီး မဖြစ်ဘူးရင်ပဲခေတ်မမီလောက်အောင် ဒီနှစ်မှာပေါ်ပြူလာအဖြစ်ဆုံးရောဂါ။ပေါ်ပြူလာဖြစ်ဆို ထိမိတဲ့သူတိုင်း ပုံကိုကျရော။အဆစ်အမြစ်တွေကိုက်ချက်ဆိုတာ ပြောတောင်မပြတတ်ဘူးဆိုတာမျိုး။အဖျားကကျသွားရင်တောင် အဆစ်ကိုက်တာလေးက Extension ဆွဲသေးတာ။ဆွဲချက်ကလဲ လက်ရောခြေထောက်ရောလန်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်မရပ်နိုင်တဲ့အဖြစ်၊ရေသောက်ဖို့တောင်လက်မမြှောက်နိုင်လောက်အောင်အထိ။ဟုတ်ပါတယ်၊၂၀၁၉ခုနှစ်ရဲ့ အကယ်ဒမီဆုရှင် ဆင်တုပ်ကွေးပါ။ ဖြစ်နေတဲ့အချိန်မှာရော၊ပျောက်သွားတဲ့အချိန်မှာပါ ကျန်ရစ်ခဲ့တဲ့ကိုက်ခဲခြင်းတွေဟာ သာမန်တုပ်ကွေးနဲ့မတူပဲအတော့်ကို ပြင်းထန်လွန်းလှပါတယ်။

ဒီတော့ ဆင်တုပ်ကွေးဖြစ်ပြီးကျန်ရစ်ခဲ့တဲ့ နာကျင်ကိုက်ခဲခြင်းတွေသက်သာအောင်ဘယ်လိုလုပ်မလဲ???

အောက်မှာပြောပြပေးထားတာလေးတွေကို တစ်ချက်ကြည့်ရအောင်ပါ-

၁။ပါရာစီတမော။

-ပါရာစီတမောကတော့ လူတိုင်းသိပြီးသားဖျားနာသက်သာတဲ့ဆေးပါ။

-ပါရာစီတမောကို တစ်ရက်လျှင် ၅၀၀(သို့)၇၅၀ မီလီဂရမ်ကို (၆)နာရီခြားတစ်ကြိမ်သောက်ပေးနိုင်ပါတယ်(ပါရာစီတမောနှင့်မတည့်တဲ့လူနာ၊အရက်အလွန်အကျွံသောက်သုံးသူနဲ့အသည်းရောဂါရှိသူတွေမှာတော့ ဆရာဝန်နှင့်ပြသပြီးမှသောက်သင့်ပါတယ်)

-ပါရာစီတမောကို တစ်ရက်လျှင် (၄၀၀၀)မီလီဂရမ်ထက် ပိုမသောက်သင့်ပါဘူး၊အသည်းအတွက်အန္တရာယ်ဖြစ်စေနိုင်လို့ပါ။

-၎င်းကိုတော့ အလွန်မပြင်းထန်သော ကိုက်ခဲနာကျင်မှုတွေမှာသောက်သုံးနိုင်ပါတယ်။

၂။အကိုက်အခဲပျောက်ဆေးများ။

-အကိုက်အခဲပျောက်ဆေးများဟာလဲ ဈေးကွက်ထဲမှာမြောက်များစွာရှိနေပါတယ်။

-ဒီထဲကမှ ဥပမာအနေနဲ့ Ibuprofen ကို ၄၀၀(သို့)၆၀၀ မီလီဂရမ်ကို ၈နာရီခြားတစ်ကြိမ်သောက်နိုင်ပါတယ်။

-အကိုက်အခဲပျောက်ဆေးများဟာ နှလုံးရောဂါရှိသူတွေ၊ကျောက်ကပ်ပြဿနာရှိသူတွေနဲ့ ဆေးမတည့်တဲ့သူတွေမှာ ဘေးထွက်ပြဿနာတွေဖြစ်ပေါ်တတ်ပါတယ်။

-၎င်းတို့ဟာ အစာအိမ်ရောင်ရမ်းခြင်း၊အစာအိမ်အနာဖြစ်ခြင်းစသည့်ဆိုးကျိုးတွေလဲရှိတာကြောင့် အစာခံပြီးမှဆေးသောက်ရပါမယ်၊အစာမရှိလျှင် အကိုက်အခဲပျောက်ဆေး မသောက်သင့်ပါ။

-အထိုက်အလျောက်ပြင်းထန်တဲ့ နာကျင်ကိုက်ခဲခြင်းတွေမှာ သုံးနိုင်ပါတယ်။

၃။Opioids ။

-Opioid တွေဟာ နာကျင်ကိုက်ခဲမှုကိုအတော်လေးကိုသက်သာစေနိုင်တဲ့ဆေးကောင်းတစ်မျိုးပဲဖြစ်ပါတယ်။

– ဆေးမှန်သမျှ ဘေးထွက်ဆိုးကျိုးမကင်းတာကြောင့် သတိထား၍တော့ သောက်သုံးသင့်ပါတယ်။

-Tramadol ကို တစ်ရက် ၅၀(သို့)၁၀၀ မီလီဂရမ်ကို (၆)နာရီခြားတစ်ခါသောက်နိုင်ပါတယ်။

-codeine ကိုလဲတစ်ရက်လျှင် ၃၀ မီလီဂရမ်ကို (၆)နာရီတစ်ခါသောက်နိုင်ပါတယ်။

-Oxycodone ဆိုတဲ့ဆေးကိုလဲ တစ်ရက်လျှင် ၁၀/၂၀ မီလီဂရမ်ကို ၁၂နာရီခြားသောက်နိုင်ပါတယ်။

-အထက်ပါဆေးတွေဟာ အစွမ်းထက်သလိုကန့်သတ်ဆေးတွေလဲဖြစ်ပါတယ်။

-ဒါကြောင့်ဆရာဝန်မညွှန်ကြားပဲ ဝယ်ဖို့ကအလွန်ခက်ခဲတဲ့ဆေးတွေဖြစ်တာကြောင့် ဆရာဝန်ညွှန်ကြားမှသာ သောက်သုံးနိုင်မှာဖြစ်ပါတယ်။

ဒီဆေးလေးတွေကတော့ ဆင်တုပ်ကွေးဖြစ်ပြီးကျန်ရစ်တဲ့ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေနိုင်တဲ့ဆေးဝါးများပဲဖြစ်ပါတယ်။

နာကျင်ကောက်ကွေး ဆင်တုပ်ကွေးမှကင်းဝေးနိုင်ကြပါစေ။

dr.ye’lwin mm