ဆီးချို ထိန်းပါ၊ ထိန်းပါ လို့ပြောတိုင်း စားချင်တာစားပြီး ဆေးသောက်လိုက်ရောပေါ့လို့ ပြောကြပါတယ်။ တကယ်တမ်း ဆိးချိုမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းမထားပဲ နေချင်သလိုနေရင် သွေးကြောဆိုင်ရာ ရောဂါတွေ၊ အာရုံကြောရောဂါတွေ၊ မျက်စိဝေဒနာတွေ ဖြစ်လာမှာပါ။ ဒါဆို ဖြစ်ပြီးမှ သိတာ ဆိုရင်ရော?

ဒါလေးတွေ လုပ်ကြည့်ရပါတယ်

၁။ သွေးကြောဆိုင်ရာရောဂါ
သွေးကြောဆိုင်ရာရောဂါကတေ့ ကြောက်စရာအကောင်းဆုံးပါ။ ဘာကြောင့်လဲဆိုတော့ ဆိးချိုသမားမှာ နှလုံးသွေးကြောပိတ်နှုန်းဟာ သာမန်လူထက် ၄ဆပိုပါတယ်။ ဒါ့အပြင် ခြေထောက်သွေးကြောကျဉ်းရောဂါတွေနဲ့ ခြေထောက်ဆုံးရှုံးရသူတွေ၊ အသက်ဆုံးရသူတွေလည်း မနည်းပါဘူး။ ဒါကြောင့် ဆိးချိုသမား သွေးတွင်း အဆီတက်နေရင် ဆရာဝန်နဲ့ ပြသပြီး သွေးအဆီကျဆေး သောက်သင့်ပါတယ်။

၂။ ခြေထောက်အနာ
ခြေထောက်အနာ ဆိုတော့ မသကာ ခြေထောက်ဖြတ်ရရုံပေါ့လို့ လွယ်လွယ်ပြောတတ်ကြပါတယ်။ တကယ်တမ်းက ခြေထောက်အနာ ကနေ သွေးဆိပ်တက်ပြီး အသက်ဆုံးနိုင်ပါတယ်။ ဒါကြောင့် မှန်ကြည့်သလိုကို ခြေထောက်ကို ကြည့်ပါ။ ဂရုစိုက်ပါ။ အနာသေးသေးလေးကအစ ဆေးခန်းသွားပါ။ မပေါ့ဆပါနဲ့။

၃။ ကျောက်ကပ် ထိပြီလား?
ကျောက်ကပ်နဲ့ ဆိးချိုဟာ အိမ်နိးချင်းတွေပါ။ဆိးချိုသမားဆိုတာ တစ်နေ့ ကျောက်ကပ်ထိရမှာ မလွဲမသွေပါပဲ။ ဒါပေမယ့် ကျောက်ကပ် ထိခိုက်မှု အနည်းနိုင်ဆုံးနည်းအောင် ဘယ်လိုလုပ်မလဲ။ ဒါကြောင့် ဖြစ်တာနဲ့ သိပြီး ကုသမှု ခံယူနိုင်အောင် ၆လတစ်ကြိမ် ဆီးတွင်းအသားဓာတ် စစ်သင့်ပါတယ်။

၎။ မျက်စိမှုန်ပြီ
ဆီးချိုသမားက အတွင်းတိမ်ဖြစ်ရင်တောင် ကျေးဇူးတင်ရမှာပါ။ အတွင်းတိမ်ဆိုတာ ခွဲထုတ်လို့ ရနိုင်သေးတယ်လေ။
ရေတိမ်ဆိုရင်တော့ နည်းနည်း ခက်ခဲလာပါတယ်။ မျက်စဉ်းတွေခပ် ရေပေါင်တွေချနဲ့ မနည်းလုပ်နိုင်မှ အမြင်အာရုံ မဆုံးရှုံးတာပါ။
မြင်လွှာထိလို့ကတော့ ဘုရားတပေတော့ပါပဲ။

၅။ မြင်လွှာလေးကို ဂရုစိုက်လေ
ဆိးချိုကြောင့် မြင်လွှာထိတာကို ဆရာဝန်တွေပါ မျက်လုံးပြုးကြပါတယ်။ အမြင်အာရုံ ဆုံးရှုံးသွားနိုင်တယ်လေ။ ဒီ မြင်လွှာထိခိုက်မှုဖြစ်စဉ်ဟာ အရမ်း ကြောက်ဖို့ ကောင်းတာကိုး။
ပထမအဆင့်မှာ မြင်လွှာမှာ အစက်အပြောက်လေးတွေ ပေါ်လာတတ်တယ်။ ဒါဆို စောင့်ကြည့်လို့ ရနိုင်သေးတယ်။ မြင်လွှာဗဟိုနားကပ်နေရင်တော့ မျက်စိဆရာဝန်နဲ့ လွှဲပေးပါလိမ့်မယ်။
ဒုတိယအဆင့်လောက် ရောက်လာရင် မြင်လွှာတွင်းမှာ သွေးယိုတာလေးတွေ၊ သွေးမရလို့ ကွက်သွားတာလေးတေ ဖြစ်နေပါပြီ မျက်စိဆရာဝန်ဆီ သေချာပေါက် သွားရပါမယ်။
တတိယအဆင့်က ပိုပို ဆိုးလာပါတယ်။ မြင်လွှာထဲမှာ မလိုလားအပ်တဲ့ သွေးကြောအပိုတွေ ဖြစ်လာတာမို့ လိုအပ်ရင် လေဆာကုထုံး ခံယူရပါတယ်။
နောက်ဆုံးအဆင့်ကတော့ ကုမရတော့တာပါ။ အမြင်အာရုံ ဆုံးသွားပါပြီ။ ဒါကြောင့် အနည်းဆုံး ၆လတစ်ကြိမ် မျက်စိဆရာဝန်နဲ့ဆွေးနွေးသင့်ပါတယ်။ ဆွေးနွေးတဲ့အခါမှာလည်း ဆိးချိုကြောင့် မြင်လွှာထိခိုက်မှုရှိမရှိ စစ်ချင်တာကို ပြောပြရပါမယ်။

ကဲ…
ဆီးချိုလေး ပုံမှန်ထိန်းလို့ ပြောနေတာ သဘောပေါက်ရောပေါ့။ သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ။

ဒေါက်တာယမင်း(ဆေး ၁)