လိင်တံထိပ် အရေပြားကို ဘယ်လို ဂရုစိုက်မလဲ

အမျိုးသားလိင်အင်္ဂါ ခေါင်းပိုင်း အပြင်က ဖုံးထားပေးတာကို foreskin လို့ခေါ်ပါတယ် ။ အပေါ်ကအရေပြားဟာ သာမာန် အရေပြားလိုပဲ ဖြစ်ပြီး အတွင်းဘက်ကတော့ အရေပြားအနုစားလေးဖြစ်ပါတယ် ။ ငယ်စဉ်ကလေးဘဝမှာ လိင်တံအဖျားပိုင်းမှာကပ်နေပြီး ငါးနှစ်အရွယ်ခန့်မှာ အနည်းငယ်ပွင့်လာပြီး များသောအားဖြင့် အရွယ်ရောက်ချိန်မှာ လုံးလုံးဆွဲဖွင့်လာနိုင်ပါတယ် ။

လိင်တံထိပ် အရေပြား ဆွဲလှန်လို့မရခြင်း (ငုံခြင်း ) ကို တစ်နှစ် နှစ်နှစ်သား အရွယ်မှာ ၅၀ ရာခိုင်နှုန်းလောက် တွေ့ရပြီး အရွယ်ရောက်သူတွေရဲ့ အရေအတွက် အနည်းငယ်မှာသာ ငုံခြင်းကိုတွေ့ရပါတယ် ။

ဒီလိင်တံထိပ်အရေပြား( အရေပြားကို မဖြတ်ထားသူတွေမှာ ) အောက်မှာ အစိုဓာတ်တစ်ခုရှိနေပြီး အရေပြားဆဲလ်အသေတွေ ၊ လိင်တံထိပ်ချောမွေ့စေရန် ထုတ်ပေးတဲ့အရည်တွေရယ် စုပြီး အညစ်အကြေးများ ဖြစ်ပေါ်လာစေပါတယ် ။ ထိုအညစ်အကြေးများမှ ဘက်တီးရီးယား ပိုးကောင်များပေါက်ပွားလာစေပြီး ပိုးဝင်ကာ ယောင်ယမ်းမှုများ မှိုစွဲကပ်မှုများ ဖြစ်စေနိုင်ပါတယ် ။

ထို့အတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ပေးရန်လိုအပ်ပါတယ် ။ ဒါကြောင့် ရေချိုးတဲ့အခါမျိုးမှာ လိင်တံထိပ်အရေပြားကို အနည်းငယ် အောက်ဆွဲချပြီး အသာအယာ သန့်ရှင်းရေးလုပ်ပေးရပါမယ် ။ ဆပ်ပြာများ တခြားဓာတုသန့်စင်အရည်များကို မသုံးစွဲသင့်ပါ ။ ပုံမှန်သန့်ရှင်းရေးလုပ်ပေးခြင်းဖြင့်သာ ပိုးဝင်နိုင်မှု ၊ ယောင်ယမ်းမှုများကို ကာကွယ်နိုင်မှာပါ ။

သန့်ရှင်းရေးလုပ်ရာတွင်လဲ လိင်တံထိပ်အရေပြားကို အားသုံးပြီး ဆွဲချရန်မလိုအပ်ပါ ။ အားသုံးပြီး ဆွဲချခြင်းဖြင့် ဒဏ်ရာ အနာတရ ဖြစ်စေနိုင်ပြီး သွေးထွက်ခြင်း ၊ အမာရွတ်ဖြစ်ခြင်းတို့ဖြစ်စေနိုင်ပါတယ် ။ အမာရွတ် ဖြစ်သွားခြင်းက ဆွဲလှန်ရန်ခက်ခဲစေလာနိုင်ပြီး အတွင်းတွင်အညစ်အကြေးများ ပိုမိုခိုအောင်းလာစေနိုင်ပါတယ် ။

ထို့အပြင် လိင်တံထိပ်အရေပြားဆိုင်ရာ ရောဂါများအနေဖြင့်

၁ ။ Phimosis

လိင်တံထိပ် အရေပြားအဝကျဉ်းခြင်း ဆွဲလှန်လို့မရအောင် ကြပ်နေခြင်းတို့ကို Phimosis (ပန်းငုံခြင်း) လို့ခေါ်ပါတယ် ။ ရောဂါလက္ခဏာရပ်များ အနေဖြင့် ဆီးသွားစဉ် နာကျဉ်ခြင် ၊ ဆီးကျန်သည်ဟု ခံရခြင်း ၊ မကြာခဏဆီးလမ်းကြောင်း ပိုးဝင်ခြင်း ၊ လိင်ဆက်ဆံရာတွင် အလွန်အမင်းနာကျင်ခြင်း ၊ ဒဏ်ရာအနာတရဖြစ်ကာ သွေးထွက်ခြင်းတို့ဖြစ်စေနိုင်ပါတယ် ။ ဆိုးဝါးတဲ့အခြေအနေများမှာ လိင်တံထိပ်အရေပြားဖြတ်တောက်ခြင်း ( circumcision ) ကို လုပ်ဆောင်ရပါတယ် ။

၂။ Balanoposthitis

လိင်တံထိပ်အရေပြား နီရဲပြီး ယောင်ရမ်းနေခြင်းကို ခေါ်ပါတယ် ။ အသက်အရွယ်မရွေး ဖြစ်စေနိုင်ပြီး လိင်တံထိပ်အရေပြားမဖြတ်ထားသူတွေမှာ ပိုတွေ့ရပါတယ် ။ ရောဂါလက္ခဏာများ အနေဖြင့် ဆွဲလှန်ရန် ခက်ခဲခြင်း ၊ ယားခြင်း ၊ ယောင်ရမ်းပြီး နီရဲနေခြင်း ၊ အဖြူအဖတ်လေးများ တွေ့ခြင်းတို့ဖြစ်ပါတယ် ။ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်းကြောင့် ဖြစ်လေ့ရှိပြီး မကြာခဏဖြစ်ပွားပါက (circumcision) လုပ်သင့်ပါတယ် ။

၃ ။ လိင်တံကင်ဆာ

လိင်တံကင်ဆာရောဂါဟာ ဖြစ်ပွားမှုနည်းပါးပေမယ့် ဂရုစိုက်သင့်တဲ့ ရောဂါတစ်ခုပဲ ဖြစ်ပါတယ် ။ ငယ်စဉ်အခါမှာ circumcision လို့ခေါ်တဲ့ လိင်အင်္ဂါထိပ်အရေပြားကို ဖြတ်တောက်ထားရင် အဖြစ်ပိုနည်းလေ့ရှိပါတယ် ။ တစ်ကိုယ်ရည်သန့်ရှင်းရေး အားနည်းခြင်း ၊ မကြာခဏပိုးဝင်ခြင်း ၊ ဒဏရာအနာတရဖြစ်ခြင်း ၊ ကြွက်နို့ဗိုင်းရပ်စ်များဝင်ခြင်းတို့မှ လိင်တံရောဂါ ကင်ဆာ ဖြစ်ပွားဖို့ အလားအလာများပါတယ် ။

Dr. ရှိန်းသူဟန်