“အသက် ၄၀ ကျော် အမျိုးသမီးနှင့် သားဆက်ခြားခြင်း” – ဒေါက်တာ ဖြိုးသီဟ

လူတွေပြောလေ့ရှိတဲ့ စကားတစ်ခွန်း ရှိပါတယ်။ အသက် ၄၀ ကျော်မှ ဘ၀ စတာတဲ့။ မှန်သင့်သလောက်တော့ မှန်ပါတယ်။ အသက် ၄၀ ကျမှ ဘဝတစ်ခုကို ကောင်းကောင်းဖြတ်သန်းဖူးတဲ့ အတွေ့အကြုံ ရှိလာတာကိုး။ လူလတ်ပိုင်းဆိုတဲ့ အရွယ်ရောက်လာပြီ။ စီးပွားရေးမှာဆိုလည်း လုပ်ငန်းတစ်ခု စလို့ကောင်းတဲ့အရွယ်။ မိသားစုအနေနဲ့လည်း တော်တော်လေး အခြေတကျဖြစ်နေမယ့် အချိန်။ ငယ်ရွယ်စဉ်ကတော့ ဘဝအတွက်က ကြိုးစားနေရတာတွေ၊ အလုပ်တွေလုပ်၊ ပညာတွေသင်နေရတာတွေကြောင့် မအားကြဘူး။ ပြောရရင် တည်ဆောက်ဆဲကာလတွေ။ ၄၀ ကျော်ကတော့ တည်ငြိမ်ဆဲကာလာ။ ဒါကြောင့်လည်း ၄၀ ကျော်မှ ဘဝစတယ်လို့ ဆိုကြတာ။

ဒါပေမယ့် မျိုးဆက်ပွားကျန်းမာရေးရှုထောင့်အရ ကြည့်မယ်ဆိုရင်တော့ အမျိုးသမီးတစ်ယောက်အတွက် အသက် ၄၀ ဆိုတာ ဘဝစတဲ့ကာလ မဟုတ်တော့ပါဘူး။ ကလေး ဘယ်နှယောက်ယူမယ်၊ ဘယ်တော့ယူမယ် ဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ဆိုပေမယ့် ကျန်းမာရေးရှုထောင့်အရတော့ ပြောသင့်တာ ပြောပေးရမှာပါပဲ။ အသက်အရွယ်အားဖြင့် အမျိုးသမီးတစ်ယောက်ဟာ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြားမှာပဲ ကလေးယူသင့်ပါတယ်။ အဲဒီထက် ငယ်ရင်လည်း မကောင်းသလို၊ ကြီးရင်လည်း မကောင်းပါဘူး။ အသက်ကြီးမှ အိမ်ထောင်ပြု၊ အသက်ကြီးမှ ကလေးယူတဲ့အခါ သူများထက်စာရင် ပိုပြီးတော့မှ အန္တရာယ်ပိုများပါတယ်။ နောက်ပြီး ကလေးတွေမှာ Down Syndrome လို့ခေါ်တဲ့ ဖွံ့ဖြိုးမှုနောက်ကျတဲ့ ရောဂါ ဖြစ်နိုင်ချေဟာလည်း မိခင်အသက်ကြီးလာတာနဲ့အမျှ များလာတာမျိုးပါ။ ဒီအတွက်ကြောင့် ဒီလိုကျန်းမာတဲ့ အသက်အရွယ်အပိုင်းအခြားမှာပဲ ကလေးယူထားသင့်ပါတယ်။

ခုနောက်ပိုင်းမှာ သားဆက်ခြားခြင်း (Birth Spacing) ဆိုတာထက် မိသားစုစီမံကိန်းဆွဲခြင်း (Family Planning) ဆိုတဲ့ စကားလုံးကို ဦးစားပေး သုံးလာကြတာလည်း ဒါကြောင့်ပါ။ ဒီလိုပဲ တားထားမယ်၊ အဆင်ပြေတဲ့အခါ ယူမယ်ဆိုရင် ခုနကလို အရွယ်လွန်သွားတာတွေ ရှိနိုင်တာမို့ ငါတို့ ကလေးဘယ်နှယောက်ယူမယ်၊ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ပဲ ခြားမယ်ဆိုပြီး အစီအစဉ်ဆွဲထားတာက ပိုကောင်းပါတယ်။

ဒီတော့ အသက် ၄၀ ကျော် အမျိုးသမီးအနေနဲ့ ကိုယ့်မှာ လုံလောက်တဲ့ ကလေးအရေအတွက် ရထားပြီးပြီဆိုရင် သေသေချာချာလေး ကိုယ်ဝန်တားထားဖို့ လိုပါတယ်။ ဒီနေရာမှာ အမျိုးသမီးတွေရဲ့ လွဲမှားတဲ့အသိတချို့ကို ပြောလိုပါတယ်။

၁။ သွေးမဆုံးသေးဘူး၊ သားဆုံးပြီ ဆိုတဲ့ကိစ္စ
တကယ်တော့ အမျိုးသမီးတစ်ယောက်ဟာ အပျိုစဖြစ်တဲ့အချိန်ကနေ တစ်လကိုတစ်ခါ မျိုးဥကြွေပါတယ်။ အဲဒီမျိုးဥက ယောကျာ်းဆီက သုက်ပိုးနဲ့ပေါင်းသွားရင် ကိုယ်ဝန်ရမယ်။ မပေါင်းရင် သေသွားမယ်။ အဲဒီသေသွားတဲ့ မျိုးဥလေး အပြင်ကို သွေးအဖြစ်နဲ့ဆင်းလာတာကို ဓမ္မတာလာတယ်လို့ ခေါ်ကြတာဖြစ်ပါတယ်။ ဒါကြောင့်မို့ အမျိုးသမီးတစ်ယောက်ဟာ သွေးပေါ်နေသေးတယ်ဆိုရင် မျိုးဥကြွေနေသေးတယ်ဆိုတဲ့ သဘောပါ။ မျိုးဥကြွေနေသေးတယ်ဆို ယောကျာ်းနဲ့ အတူနေလိုက်ရင် ကိုယ်ဝန်ရသွားနိုင်တယ် ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ အသက်ကြီးလာရင် ကိုယ်ဝန်ရနိုင်ချေ နည်းသွားတယ်ဆိုပေမယ့် လုံးဝမရနိုင်တော့ဘူး ဆိုတာတော့ မဟုတ်ပါဘူး။ ဒါကြောင့်မို့ သွေးဆုံးသွားပြီ၊ လုံး၀ ရာသီမပေါ်တော့ဘူး ဆိုတော့မှသာ ကိုယ်ဝန်လည်း မရနိုင်တော့ဘူး ဆိုပြီး စိတ်ချရမှာဖြစ်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက်တော့ သွေးဆုံးတဲ့ အသက်အရွယ် မတူနိုင်ကြပေမယ့် များသောအားဖြင့် အသက် ၄၅ နဲ့ ၅၅ နှစ်ကြားထဲလောက်မှာ ဖြစ်နိုင်ပါတယ်။ ဘယ်အရွယ်ပဲဖြစ်ဖြစ် တစ်နှစ်တိတိ သွေးလုံးဝမပေါ်တော့ဘူး ဆိုတဲ့အချိန်မှာတော့ သွေးဆုံးသွားပြီလို့ သတ်မှတ်နိုင်ပါပြီ။ အဲ့လိုတစ်နှစ်မပြည့်သေးဘဲ ၄လလောက် ပျောက်လိုက်၊ ပြန်ပေါ်လိုက် ဖြစ်နေရင်လည်း သွေးဆုံးခါနီးအရွယ် ရောက်ပြီပဲ ပြောလို့ရပါသေးတယ်။ သွေးဆုံးပြီလို့ ပြောဖို့ကတော့ တစ်နှစ်တိတိ ပျောက်သွားမှ ရပါမယ်။

၂။ ဘယ်လို သားဆက်ခြားနည်း သုံးရမလဲ
အဲ့လိုဆို အသက် ၄၀ ကျော် အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ်ဝန်တားဖို့ လိုလာပြီပေါ့။ ဒါဖြင့် ဘယ်လိုနည်းတွေရှိလဲ၊ အကောင်းအဆိုး ဘယ်လိုရှိသလဲ။
နေ့စဉ်သောက်ဆေးကတ် ဆိုရင် တစ်နေ့တစ်လုံး သောက်ရမယ်။ သားရေးသမီးရေး၊ အိမ်ကိစ္စ၊ အလုပ်ကိစ္စတွေ ရှုပ်နေချိန်မှာ ဒါကို သတိထားနေဖို့ရာ မလွယ်ဘူး။ နောက်ပြီး ဒီဆေးက သွေးတိုး၊ ဆီးချိုတို့ နှစ်ရှည်လများ ဖြစ်နေသူတွေဆို အဆင်မပြေဘူး။ ဒီရောဂါတွေဆိုတာကလည်း ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အင်မတန် အတွေ့ရများတာ။ ဒါကြောင့် နေ့စဉ်သောက်ဆေးကို ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်တော်တယ်ဆိုမှ သောက်ပါ၊ အလွယ်တကူ ဆိုင်က ဝယ်ပြီး မသောက်ပါနဲ့လို့ ပြောနေရတာ ဖြစ်ပါတယ်။

နောက်တစ်ခုက ၃လခံထိုးဆေးနဲ့ လက်မောင်းထဲထည့်တဲ့ ပစ္စည်း။ ဒီ ၂ ခုက ယေဘုယျအားဖြင့် ပရိုဂျက်စထရုန်းဟော်မုန်း တစ်မျိုးတည်းပါတာချင်း တူတယ်။ ဒီနည်းတွေကတော့ ရာသီသွေးမပေါ်ဘူး။ ဒါကြောင့်မို့ ဒါတွေသုံးထားတဲ့ အမျိုးသမီးဟာ ဟော်မုန်းကြောင့် သွေးမပေါ်တော့တာလား၊ သွေးဆုံးသွားလို့ သွေးမပေါ်တာလား မသိနိုင်ဘူး။ အဲဒါနဲ့ ထိုးလာ ထိုးလာရင်း သွေးဆုံးလောက်ပါပြီ ထင်ပြီး ရပ်လိုက်မှ ကိုယ်ဝန်ပြန်ရသွားတဲ့သူတွေလည်း မြင်ဖူးပါတယ်။ ဒါဆို ဘယ်အရွယ်အထိ ထိုးရမလဲ ဆိုတော့လည်း တိတိကျကျ ပြောမရဘူး။ သွေးဆုံးတဲ့အရွယ်ဆိုတာက ခန့်မှန်းလို့မှ မရတာ။ အသက် ၄၀ ကျော် ၅၀ နားမှာ ကိုယ်ဝန်ရဖို့က ခက်ပါတယ်ဆိုပေမယ့်လို့ ရသွားပြန်ရင်လည်း ပြဿနာက ကြီးပြန်ပါတယ်။ ဒါကြောင့်မို့ သတိထားဖို့တော့ လိုတာပေါ့။

တကယ်တမ်း အဲ့ဒီအရွယ် အမျိုးသမီးတစ်ယောက်နဲ့ အသင့်တော်ဆုံးနည်းလမ်းကတော့ သားအိမ်တွင်းထည့် ပစ္စည်းပါ။ ဒီပစ္စည်းက ဟော်မုန်းမပါတာမို့ ခေါင်းမူးတာ၊ ဇက်ကြောတက်တာ၊ ကိုယ်အလေးချိန် အပြောင်းအလဲဖြစ်တာ စတဲ့ ဟော်မုန်းရဲ့ ဘေးထွက်ဆိုးကျိုးတွေ မခံစားရဘူး။ သွေးတိုး၊ ဆီးချို၊ သွေးကြောပိတ်တာ စတဲ့ ရောဂါတွေနဲ့လည်း အဆင်ပြေတယ်။ တည့်တယ်။ အရေးကြီးဆုံးကတော့ ဒီပစ္စည်းထည့်ထားရင် တစ်လတစ်ခါ သွေးပေါ်တာပဲ။ ဒါကြောင့်မို့ ထည့်ထားပြီး တစ်နှစ်တိတိ သွေးမပေါ်တော့ဘူး ဆိုတဲ့အခါ သွေးဆုံးပြီဆိုပြီး ပစ္စည်းပြန်ထုတ်လိုက်ရင် လွယ်လွယ်လေးပဲ။ ဒီနည်းမှာလည်း ဘေးထွက်ဆိုးကျိုးတွေ၊ ဆောင်ရန် ရှောင်ရန်တွေတော့ ရှိတာပေါ့။ ဒါတွေကို ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး အသုံးပြုနိုင်ပါတယ်။ အမျိုးသမီးတွေအများစု ထင်နေကြသလို၊ ဒီနည်းက ကြောက်စရာကောင်းတယ်၊ သားအိမ်ကင်ဆာ ဖြစ်မယ်၊ ခန္ဓာကိုယ်ထဲ လျှောက်သွားနေမယ် ဆိုတာတွေကတော့ လုံးဝမဟုတ်ပါဘူး။ ကျွမ်းကျင်သူနဲ့သာ ထည့်မယ်ဆိုရင် နောက်ဆက်တွဲပြဿနာ အင်မတန်နည်းပါတယ်။ ဒီတော့ ယုံယုံကြည်ကြည်နဲ့ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။

အမျိုးသမီးတစ်ယောက်အနေနဲ့ သားဆက်ခြားနည်းတစ်ခုကို ရွေးချယ်တဲ့အခါ အဓိက လိုအပ်တာက ကိုယ်တိုင်စဉ်းစားပြီး ရွေးချယ်ဆုံးဖြတ်ဖို့ပါပဲ။ ဘယ်သူသုံးတာ အဆင်ပြေလို့ ကိုယ်လည်း လိုက်သုံးမယ်၊ ဆရာဝန် ဆရာမက တိုက်တွန်းလို့သုံးမယ် ဆိုတာထက် ကိုယ့်အသက်အရွယ်၊ ကိုယ့်ကျန်းမာရေး၊ ကိုယ့်မိသားစု၊ ကိုယ့်စီးပွားရေးအခြေအနေ စတာတွေအပေါ် အခြေခံပြီး ကိုယ်နဲ့သင့်တော်တာကို ရွေးချယ်ပါ။ ကျွန်တော်တို့ ဆရာဝန် ဆရာမတွေရဲ့ တာဝန်ကတော့ အဲဒီလို ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်နိုင်အောင် သိထားသင့်တဲ့ အကြောင်းအရာလေးတွေ ပြောပြပြီး အကောင်းဆုံးကူညီပေးဖို့ပါပဲ။