အတက်ရောဂါအကြောင်း သိကောင်းစရာ

အတက်ရောဂါဆိုရင် လူတိုင်းက ကြောက်ကြပါတယ်။ အတက်ရောဂါဖောက်တဲ့သူတွေကိုလည်း ရှောင်တတ်ကြပါတယ်။ တကယ်တမ်း အတက်ရောဂါဆိုတာ ဘာကြောင့် ဖြစ်ရတာပါလဲ။

အတက်ရောဂါဆိုတာ ဦးနှောက်အတွင်းမှာ မိမိခိုင်းစေမှုကြောင့် မဟုတ်တဲ့ မူမမှန်လှိုင်းတွေ ပေါ်လာပြီး ၄င်းတို့ရဲ့ ခိုင်းစေမှုကြောင့် မိမိအလိုအရမဟုတ်ပဲ ခန္ဓာကိုယ် တစ်ခုလုံး တောင့်သွားခြင်း၊ လှုပ်ခါသွားခြင်းတို့ကို တက်တယ်ခေါ်တာပါ။ တကယ်တမ်း အတက်ရောဂါသမားဘက်က စဉ်းစားလိုက်ရင်တော့ အရမ်း စိတ်ဆင်းရဲစရာ ကိစ္စရပ်တစ်ခုပါ။ ကိုယ့်ခန္ဓာကိုယ်က ကိုယ်မသိလိုက်တဲ့ အချိန်မှာပဲ တောင့်သွားပြီး လှုပ်မရဖြစ်မယ်။ ဆီးတွေဝမ်းတွေ မထိန်းနိုင်ဖြစ်မယ်။ လျှာတွေကိုက်မိမယ်။ အရမ်းကို ဆိုးရွားလှပါတယ်။

*ပေးရက်ကြတယ် ဒီနာမည်
ဘာဖြစ်လို့ အတက်ရောဂါကို ဝက်ရူးပြန်တယ်လို့ ပေးလိုက်လဲ ခုထိ စဉ်းစားလို့ မရပါဘူး။ ဝက်နဲ့လည်း တစ်နေရာမှ မဆိုင်သလိုပါပဲ။ အဆိုးဆုံးကတော့ ကြားလိုက်ရတဲ့သူမှာ စိတ်ဆင်းရဲသွားတာပါပဲ။ အတက်ရောဂါသမားတွေခမျာ နဂိုတည်းက ရောဂါကြောင့် စိတ်ညစ်တတ်တဲ့အပြင် အတက်ထိန်းဆေးတွေကြောင့် စိတ်ဓာတ်ကျချင်ချင် ဖြစ်နေကြသူတွေပါ။ ကူးစက်ရောဂါလည်း မဟုတ်လို့ ဖိနှိပ်ခြင်း ရှုံ့ချခြင်း မလုပ်ပဲ ကူညီကောင်းပါတယ်။

အတက်ရောဂါရဲ့ ထူးခြားချက်များ
တစ်ခါတစ်ရံမှာ ထူးခြားတဲ့ တက်တဲ့ပုံစံတွေကို တွေ့ရတတ်ပါတယ်။ များသောအားဖြင့် ကလေးတွေမှာ ဖြစ်တတ်တဲ့ absence seizure ခေါ်တဲ့ အတက်ရောဂါဟာ အပြင်မှာ မြင်ဖူးကြသလို တက်သွားတာမျိုး မဟုတ်ပါဘူး။ သူက ဦးနှောက်တွင်း မူမမှန်လှိုင်းပေါ်တိုင်း ကလေးက ၃-၄ စက္ကန့်လောက် ငြိမ်သွားတာပါ။ အဲဒီတော့ ကျောင်းမှာဆိုရင် စာသင်နေရင်း ငေးငေးသွားလို့ ရိုက်ခံရတယ်။ အိမ်မှာဆို ပန်းကန်လွတ်ကျလို့ ပန်းကန်ကွဲတယ်။ လူကြီးတွေ စကားပြောရင်း နားထောင်နေရင်း ငြိမ်သွားလို့ ဂရုမစိုက်ဘူးဆိုပြီး ရိုက်ခံရတတ်ပါတယ်။ ကြာတော့ ကလေးတွေဟာ အတက်ရောဂါအပြင် စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေပါ ခံစားရလာတတ်တယ်။ ဒါကြောင့် ကလေးတွေမှာခဏခဏ ပန်းကန်လွတ်ကျ၊ ပြောနေရင်း ငိုင်သွား၊ တော်တော်နဲ့ ခေါ်မရတာမျိုး ဖြစ်ပြီးမှ သတိ ပြန်ပြန်လည်လာတာမျိုး ခဏခဏကြုံလာရင် ထုံရန်ကောလို့ ရိုက်နှက်တာမျိုး မလုပ်ပဲ အာရုံကြောဆရာဝန်နဲ့ ပြသင့်ပါတယ်။

အတက်ရောဂါ ရှိသူတွေရှိရင် ဆေးလည်း သေချာတိုက်သင့်ပါတယ်။ အတက်ရောဂါဆေးတွေဟာ အလွဲအမှား မခံပါဘူး။ ဘေးထွက်ဆိုးကျိုးတွေလည်း အလွန်များပါတယ်။

ဒါကြောင့် အတက်ရောဂါရှိသူကို စာနာပါ။ ကူညီပါ။ စောင့်ရှောက်ပါ။
ဒေါက်တာယမင်း(ဆေး ၁)