“နွားနို့ အမျိုးမျိုး အကြောင်း”

ကျွန်မတို့ supermarket တွေမှာ ဈေးဝယ်တဲ့အခါ နွားနို့တွေထားတဲ့ စင်ပေါ်မှာ တံဆိပ်အမျိုးမျိုး၊ အမျိုးအစားအမျိုးမျိုးသော နွားနို့တွေကို တွေ့ကြရမှာပါ။ နွားနို့ဟာ ကယ်လ်ဆီယမ် (calcium) ကြွယ်ဝတဲ့အတွက် အရိုးနဲ့ သွားကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ဒါကြောင့် နွားနို့ရဲ့ အခြားကောင်းကျိုးတွေနဲ့ ဈေးကွက်မှာ ရောင်းချနေတဲ့ နွားနို့တွေအကြောင်း ပြောပြချင်ပါတယ်။

‘နွားနို့မှာ ဘာတွေပါလဲ’

1) နွားနို့မှာ ရေဓါတ် 90% ခန့် ပါဝင်ပါတယ်။

2) Lactose လို့ခေါ်တဲ့ သကြားဓါတ်တစ်မျိုး ပါပါတယ်။

3) Triglyceride လို့ ခေါ်တဲ့ အဆီဓါတ်တွေ ပါပါတယ်။

4) Caesin လို့ ခေါ်တဲ့ အသားဓါတ်တွေ ကြွယ်ဝစွာ ပါဝင်ပြီး ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ် (amino acid) တွေ ပါဝင်ပါတယ်။

5) Vitamin B (အထူးသဖြင့် B2)၊ vitamin A, D, E, K (အထူးသဖြင့် A နဲ့ D) တို့ ပါဝင်ပါတယ်။

6) Calcium အပါအဝင် အခြား minerals ပေါင်းများစွာ ပါဝင်ပါတယ်။

‘နွားနို့၏ ကောင်းကျိုးများ’

နွားနို့ဟာ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးတဲ့အရွယ်မှာ အရိုးထုထည်များလာဖို့ အားပေးပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အရိုးထုထည်တွေ ဆုံးရှုံးမှုကိုလဲ လျော့ကျစေပါတယ်။
ဆေးပညာရပ်ဆိုင်ရာ လေ့လာမှုတွေအရ နွားနို့ဟာ အူမကြီးကင်ဆာကို ကာကွယ်ပါတယ်။

‘ဈေးကွက်ထဲက နွားနို့တွေ’

နွားနို့မှာ ပါဝင်တဲ့အဆီဟာ ပြည့်ဝအဆီ (saturated fat) တွေ များပါတယ်။ ပြည့်ဝအဆီဟာ ကျန်းမာရေးကို ထိခိုက်စေတာကြောင့် နွားနို့ရဲ့ အာဟာရတွေကို အကောင်းဆုံးရစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပညာရှင်တွေဟာ နွားနို့ကို အဆီလျှော့/ဖယ်ပြီး ထုတ်လုပ်လာကြပါတယ်။

• အဆီမထုတ်ထားတဲ့ မလိုင်ပြည့် နွားနို့ (Whole milk) မှာ အဆီ 3.8% ပါပါတယ်။

• အဆီလျှော့ထားတဲ့ နွားနို့ (Reduced-fat milk) မှာတော့ အဆီကို 1.4% ထိ လျှော့ချထားပါတယ်။

• အဆီဖယ်ထားတဲ့ နွားနို့ (Skimmed milk/fat free milk) မှာတော့ <0.1% ပဲ ပါပါတော့တယ်။

နွားနို့ကို အဆီလျှော့/ဖယ်လိုက်တဲ့အတွက် သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်း ရောဂါတွေ အတွက် ပူစရာမလိုတော့ဘဲ သောက်သုံးနိုင်သွားပါတယ်။ ဒါပေမယ့် vitamin A, D, E, K တို့ဟာ အဆီရှိမှ ပျော်ဝင်နိုင်တဲ့ ဗီတာမင်တွေ ဖြစ်ပါတယ်။ အဆီထုတ်ထားတဲ့ နွားနို့တွေမှာ ဒီ ဗီတာမင်တွေဟာ ပမာဏ အတော်နည်းသွားပါတယ်။ ဒါကို ဖြေရှင်းဖို့ ပညာရှင်တွေဟာ အဆီထုတ်ထားတဲ့ နွားနို့တွေကို ဗီတာမင်တွေ ပြန်ဖြည့်စွက် (fortified) ပြီး ထုတ်လုပ်ကြပြန်ပါတယ်။ ဒါကြောင့် vitamin A fortified milk, vitamin D fortified milk ဆိုတာတွေ ဈေးကွက်ထဲကို ရောက်လာပါတယ်။

ထပ်ပြီး… နွားနို့ကို သောက်လို့ကောင်းအောင် အရသာတွေဖြည့်စွက်ထားတဲ့ strawberry flavored milk, chocolate flavored milk ဆိုတာတွေလဲ တွေ့နိုင်ပါသေးတယ်။ ကျွန်မ လေ့လာကြည့်မိ သလောက်တော့ အဲ့လို အရသာဖြည့်စွက်ထားတဲ့ နွားနို့တွေက မလိုင်ပြည့်နွားနို့တွေ ဖြစ်ပြီး ကလေးတွေအတွက် အဓိကထုတ်လုပ်ထားပါတယ်။

ဒီနေရာမှာ တစ်ခု ပြောချင်တာက အဆီထုတ်ထားတဲ့ နွားနို့ဟာ ကျန်းမာရေးအတွက် ပိုပြီးသင့်လျော်တယ်ဆိုပေမယ့် 2 နှစ်အောက်ကလေးငယ်တွေကိုတော့ မတိုက်သင့်ပါဘူး။ ကလေးငယ်တွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အဆီဓါတ်ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေတာကြောင့် 2 နှစ်အောက်ကလေးတွေမှာတော့ ဖြည့်စွက်စာကျွေးတဲ့အချိန်မှာ မလိုင်ပြည့်နွားနို့ကိုသာ တိုက်ကျွေးသင့်ပါတယ်။

‘နွားနို့ကို ဘယ်လိုထုတ်လုပ်ထားလဲ’

ရောဂါဖြစ်စေတဲ့ ပိုးမွှားတွေ ကင်းစင်အောင် Pasteurization ဒါမှမဟုတ် UHT (Ultra High Temperature) treatment လို့ ခေါ်တဲ့ နည်းလမ်းတွေနဲ့ နွားနို့တွေကို ထုတ်လုပ်ထားပါတယ်။

အဲ့ဒီလို ထုတ်လုပ်ထားတဲ့ နွားနို့တွေဟာ အဖုံး (seal) မဖွင့်ဘူးဆိုရင် ရေခဲသေတ္တာရဲ့ အပြင် အခန်းအပူချိန်မှာ အကြာကြီးထားလို့ရပါတယ်။ အဖုံးဖွင့်ပြီးပြီဆိုရင်တော့ အဖုံးကို သေချာပြန်ပိတ်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းဆည်းရပါမယ်။ 7 ရက်အတွင်း ကုန်အောင် သောက်ရပါမယ်။ ကိုယ်သောက်မလို့ ခွက်ထဲ ထည့်ထားတဲ့နွားနို့ကို ပိုနေလို့ဆိုပြီး ဘူးထဲပြန်ထည့်တာမျိုး၊ နွားနို့ဘူးအဝကို ပါးစပ်နဲ့ တေ့သောက်တာမျိုး မလုပ်ရပါဘူး။ ဘက်တီးရီးယားတွေဝင်ပြီး နွားနို့ကို ပျက်စီးစေနိုင်လို့ပါ။

‘နွားနို့ကို အိမ်မှာ ဘယ်လို အဆီထုတ်မလဲ’

ဒါဆို ဆရာမရယ်…ကျွန်တော် ကျွန်မတို့က supermarket မသွားနိုင်ဘူး/အဲ့ဒီ့နွားနို့တွေ ဝယ်မသောက်နိုင်ဘူး/supermarket တွေက လက်လှမ်းမီတဲ့နေရာမှာ မရှိဘူးဆိုတော့ အဆီထုတ်ထားတဲ့ နွားနို့ သောက်လို့မရနိုင်တော့ဘူးလား ဆိုတဲ့သူတွေအတွက် အိမ်မှာပဲ လုပ်လို့ရမယ့်နည်းလေးကိုပါ တစ်ခါတည်းပြောပြပေးပါမယ်။ လွယ်လဲလွယ်ပါတယ်။

နွားနို့အစိမ်းကို ကျိုပါ။ မလိုင်တွေ တက်လာတဲ့အခါ ဇွန်းနဲ့ အသာလေးဖယ်ထုတ်လိုက်ပါ။ အဲ့လို ကျိုလိုက် ဖယ်လိုက် 2 ခါ 3 ခါလောက် လုပ်လိုက်ရင် အဆီတွေ တော်တော်လျော့သွားပါလိမ့်မယ်။

Dr Honey Su Naing

M.B.,B.S (Mandalay)

M.Sc Nutrition & Dietetics (UK)