ဆံပင်ဆိုးဆေး၏အန္တရာယ်များ

လူတော်တော်များများက ငယ်ရွယ်နုပျိုပြီး အိုမင်းမှုကိုတားဆီးဖို့ အတွက် နည်းလမ်းအမျိုးမျိုးသုံးပြီး ကြိုးစားကြပါတယ်နုပျိုအောင် ကြိုးစားကြတဲ့ထဲမှာမှ မျက်နှာကိုနုပျိုအောင် ပြုပြင်ဖို့က နံပတ်တစ်ဆို ဆံပင်က နံပတ်နှစ်ပါပဲ ဒါကြောင့်မို့ ဆံပင်က လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာလို့ ပြောရင်လဲ မမှားပါဘူးနော်ဆံပင်ဒီဇိုင်း ကာလာက လူတစ်ယောက်ရဲ့ အသွင်အပြင်ကို အများကြီးပြောင်းလဲ သွားစေနိုင်ပါတယ်

အထူးသဖြင့် ဆံပင်အရောင်ပြောင်းလဲမှုပါပဲ ရုပ်ရှင်နယ်ပယ်က အနုပညာရှင်တွေဆို မကြာခဏ အရောင်အမျိုးမျိုး ပြောင်းလေ့ရှိပါတယ် အနုပညာရှင်တွေရဲ့ ပြောင်းလဲမှုကို အားကျတဲ့ ပရိတ်သတ်တွေကလဲ သူတို့ရဲ့ ဆံပင် စတိုင်ကို လိုက်ပြောင်းလေ့ရှိပါတယ်တစ်ခါတစ်လေ ဆံပင်အရောင်ဆိုးတာ ကိစ္စမရှိပေမယ့် အကြိမ်အရေအတွက်များလာတဲ့အခါ ဆိုးဆေးတွေက ဦးရေပြားနဲ့ ခန္ဓာကိုယ်ကို ဒုက္ခပေးလာနိုင်တဲ့ အတွက် ဒီတစ်ခေါက်တော့ ဆံပင်ဆိုးဆေးတွေနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်

ဆံပင်ဆေးဆိုးတဲ့အခါ ကြုံတွေ့ရလေ့ရှိတဲ့ပြသနာတွေကတော့-

* ဦးရေပြားလောင်သွားခြင်း

* ဦးရေပြားတွင် အနာဖြစ်ခြင်း, ယားခြင်း, ဗောက်ထခြင်း

* ဆံပင်များကျွတ်ခြင်း

* ဆံပင်ကျွတ်တဲ့ နေရာ ဆံပင်ပြန်မပေါက်ခြင်း

* ဆံပင်ဖြူ များထွက်လာခြင်း

* ဓါတ်မတည့်မှုကြောင့် အသက်ရှူရ ခက်ခဲခြင်း, အသက်ရှူကြတ်ပြီး ရုတ်တရက် သေဆုံးနိုင်ခြင်း တို့နဲ့ ကြုံတွေ့ရတတ်ပါတယ်

ဆေးဆိုးတဲ့ အကြိမ်အရေအတွက် အရမ်းများလာလျှင်လဲ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ကျဆင်းပြီး ပြင်ပရောဂါတွေပါ လွယ်လွယ်နဲ့ဝင်ရောက်လာနိုင်ပါတယ်

ဈေးသက်သာပြီး ဈေးပေါတဲ့ ဆိုးဆေးတွေမှာ ကင်ဆာဖြစ်စေပြီး လူကိုအန္တရာယ်ဖြစ်စေတဲ့ Ammonia, Coal tar, Resorcinol, Eugenol, Formaldehyde, paraphenylenediamine, DMDM hydantoin အစရှိတဲ့ chemical အမြောက်အများ ပါဝင်တဲ့အတွက် ဈေးသက်သာတိုင်း မသုံးသင့်ပါဘူး

ဆံပင်ဆေးဆိုးတဲ့သူတိုင်း သတိပြုရမယ့် အချက်တွေကတော့-

* ဆံပင်ဆိုးဆေးကို သတ်မှတ်ချိန်ထက်ပိုပြီး မထားသင့်ပါဘူး

* ဆေးဆိုးပြီး ဦးရေပြားကို သေချာပြောင်အောင် ဆေးပေးရပါမယ်

* ဆိုးဆေးဆိုးရာတွင် လိုက်နာရမယ့်အချက်တွေကိုလဲ သေချာလိုက်နာရပါမယ်

* အမျိုးအစားမတူ, ထုပ်တဲ့ ကုမ္ပဏီမတူတဲ့ ဆိုးဆေးတွေကို တစ်ခုနှင့် တစ်ခု ရောနှောခြင်း မပြုရပါဘူး

* ဦးရေပြားပေါ်ရှိ အနာဖြစ်တဲ့ နေရာကို ဆိုးဆေးမဆိုးသင့်ပါ

* ဆိုးဆေး တည့်မတည့်ကို ဦးရေပြားပေါ် မဆိုးခင် နားရွက်နောက်တွင် အရင်စမ်းသပ်ပြီးမှ ဆိုးလျှင် ပိုပြီး အန္တရာယ်ကင်းစေပါတယ်

အနက်ရောင်နဲ့ ချွတ်ဆေးသုံးပြီး ဆိုးရတဲ့ အရောင်တွေက ဦးရေပြားနဲ့ ဆံပင်ကို အန္တရာယ်ပေးနိုင်တဲ့အတွက် ခဏခဏ မဆိုးသင့်ပါဘူး
အနက်ရောင်ဆိုးမယ့်အစား မီးခိုးရင့်ရောင်တို့ အညိုရောင်တို့ အစားထိုးသုံးသင့်ပါတယ်

ဆံပင်အရောင် ခဏခဏ ပြောင်းတတ်တဲ့သူတွေကတော့ သဘာဝပစ္စည်းများဖြင့်သာ ထုတ်လုပ်ထားတဲ့ ဆံပင်ဆိုးဆေးတွေပဲ အသုံးပြုဖို့ အကြံပေးချင်ပါတယ်

အားလုံး ကျန်းမာပျော်ရွှင်ပြီး ကြည်လင်လှပတဲ့ အသားအရေလေး ပိုင်ဆိုင်နိုင်ကြပါစေ

ရွှန်းလဲ့ (ဆေး ၂)