မိန်းမသားများ သတိထားစရာ

ဆေးခန်းထိုင်ရသည်ဆိုသောအလုပ်က တစ်ခါတစ်ခါမှာ ရင်ကိုလွန်စွာပင်ပန်းနွမ်းလျစေသည်။ ဆရာဝန်ဆိုသည့်ဘ၀မှာလူနာတို့၏သေချင်းတရားကို ထိုင်ဝမ်းနည်းနေ၍လည်းမဖြစ်နိုင်။ ကိုယ့်ရှေ့ မျက်မှောက်မှာပင် သိသင့်တာတွေမသိ၍ အဖြစ်သင့်တာတွေဖြစ်တာ မကြာခဏတွေ့လာရသည့်အခါ တွေများလာတော့ နှလုံးသားက ထုံကျဉ်အေးစက်တတ်နေပေပြီ။ သို့တိုင်ခံစားတတ်သော စိတ်နှလုံး ကိုအလျဉ်ရိုက်ခတ်လာသော အဖြစ်တို့က ရင်ကိုလူးလွန့်ခံစားစေပြန်သည်။ အထူးသဖြင့် အခုတလော တွေ့နေရာသော အမေကြီးဒေါ်အေးမြလိုအဖြစ်မျိုး။ ညနေတစ်ညနေ၏ ပဲ့တင်သံက စိတ်မကောင်းခြင်း များ၏ ရောင်ပြန်ဟပ်နေပါလိမ့်မည်။

အမေကြီးကို စတင်ခေါ်လာသူများက အမေ့သမီးများ။

မိန်းမတစ်သိုက် ပျာပျာသလဲ တွဲခေါ်လာခြင်းခံရသည့် အမေကြီးမှာ သိပ်တော့ ရုပ်မပျက်လှ။ ခပ်ပိန်ပိန်ပေမယ့် အသားနုနု၊ ဖြူဖြူချောချော။ ကိုယ်နေဟန်ကလည်း ခပ်ထည်ထည်ပင်။ မျက်နှာက လည်း သိပ်မပျက်လှ။

ဗိုက်နာလို့ဟု ခုတင်ပေါ်လှဲလိုက်တော့လည်း ပုံမှန်။

နာသည်ဆိုသည့်နေရာကို အသာဖိဖိလေးစမ်းလိုက်မှ မျက်နှာက တစ်ချက်ရှုံ့သွားသည်။ အဖျားလည်းငွေ့ငွေ့လေး။ ကျန်တာတွေလည်း ပုံမှန်ဆိုတော့ ဖြစ်နိုင်ခြေတွေထဲက သာမန်အူရောင်တာ မျိုး စဉ်းစားကာ ပထမတစ်ရက်စာပဲပေးလိုက်သည်။ အမေ့မှာ ဘာများဖြစ်ဖူးသေးလဲဆိုတာတော့ မေးလိုက်သေးသည်။ သမီးများကယောင်လည်လည်၊ သူ့ကိုယ်ကြည့် ကိုယ့်သူကြည့်ဖြင့် တုံဏှိဘာ ဝေ။ ဘယ်လောက်ကြာပြီလဲ ဆိုတော့ မနေ့ကမှတဲ့။ ရောဂါရာဇ၀င် စစ်မေးခြင်းက နယ်ကလာတာ၊ အမေကြီးနှင့် အတူနေသမီးကြီးက ပါမလာဆိုတာနှင့် ကိစ္စပြတ်တော့သည်။

နောက်တစ်နေ့လာတော့ နာတာတော့ သက်သာသည်။ အစာလုံးဝမ၀င်ဟု ဆိုပြန်သည်။ ဘယ့်နှယ့်ဖြစ်ရပြန်တာလဲ။ ကိုယ်ပေးလိုက်သည့် ဆေးတွေပဲ ပြင်း၍ပါးစပ်ပျက်သည်လား။ ကိစ္စမရှိ အစာစားသည့်ဆေးတွေ၊ အားဆေးတွေ ပေးလိုက်ပြန်သည်။ သူနာတာက အူအတက်လည်းမဟုတ်၊ နာတာလည်းသက်သာသည်ဆိုတော့ အားဆေးလည်းထိုးပေးသည်။ အတန်ကြာပျောက်သွားပြန် သည်။

နှစ်ရက်လောက်ကြာတော့ ဗိုက်ပြန်နာပြန်ပြီတဲ့။

နာသည်ဆိုသည့်နေရာက ခပ်ဖောင်းဖောင်း၊ ခပ်တင်းတင်းလေးဖြစ်နေသည်။ အမေကြီး မျက်နှာချောင်ကျလာသည်။ အစာလည်းမစားနိုင်၊ မအိပ်နိုင် ဆိုပြန်သည်။ နယ်ကသူနှင့်အတူနေသမီး ကြီး ရောက်လာသည်ဆိုတော့ ခရေစေ့တွင်းကျ စစ်ထုတ်မေးမြန်းတော့မှ လွန်ခဲ့သည့်ခြောက်လခန့်က သားအိမ်အတွင်းမှ သွေးနည်းနည်းဆင်းပြီး ပြည်လိုအရာများထွက်သေးကြောင်း၊ ဆရာဝန်မရှိသော အရပ်ဖြစ်သည်ကတစ်ကြောင်း သွေးကျန်အပုပ်အစပ်များ ဆင်းတာပဲဟု ထင်သည်ကတစ်ကြောင်း၊ အတူနေသမီးအပျိုကြီးကလည်း မအားလပ်၍တစ်ကြောင်း ဆေးမြီးတိုများစားကာ ရပ်သွားကြောင်း၊ နောက်နော့ အနံ့နံကာ နာလည်းနာလာ၍ ရန်ကုန်မှသမီးများဆီ ဆေးကုခံရန်ရောက်လာကြောင်း အဖြစ်စုံသိရလေသည်။

အမေကြီးမှာ အသက်(၆၀)ခန့်သာရှိသေးသော်လည်း တောနေလူတန်းစားထုံးစံအတိုင်း အတော်အိုစာနေပေပြီ။ ရောဂါဖြစ်စဉ် ထောက်ချင့်သော် သားအိမ်ခေါင်းကင်ဆာဖြစ်ဖို့များပေပြီ။ သွေး ဆုံးတာဘယ်အရွယ်ကတည်းကလည်းဆိုတော့ အသက် (၅၀)ကျော်ခန့်ကဟုဆိုသည်။

သွေးဆင်းတာ တစ်နှစ်ဆက်တိုက် လုံးဝရပ်ပြီးလျှင် သွေးဆုံးသည်ဟု ခေါ်ကြောင်း၊ သွေးဆုံး ပြီးဘယ်အချိန်မှာပဲဖြစ်ဖြစ် မိန်းမကိုယ်မှ သွေးပြန်ဆင်းလျှင် အရေးကြီးကြောင်း၊ သူတို့တစ်တွေကို အသိပညာပေးဖို့ အတော်ကြီးနောက်ကျနေပေပြီ။ သည်လိုတောသူတောင်သားတွေအတွက် ကျန်းမာ ရေးဗဟုသုတတွေ ဘယ်လိုဖြန့်ဖြူးနိုင်မှာပါလိမ့်။ တောရယ်၊ မြို့ရယ်မဟုတ် ဗဟုသုတဆိုတာ လူတိုင်း အတွက် အရေးကြီးတာပဲ။ တချို့အယူအဆဟောင်းတွေက လူထုအသီးသီးထဲမှာ ဘာကြောင့်များ တွယ်ငြိနေကြပါလိမ့်။ အရေးကြီးတဲ့ အသိပညာတွေဟာ လူတိုင်းအတွက် ဘာကြောင့်ထိုးဖောက် ရောက်ရှိဖို့ ခက်ခဲနေတာလဲ။ မဆုံးနိုင်သော အတွေးတွေကိုဖြတ်ရင်း စစ်ဆေးစရာများကို ဆက်လက် စစ်ဆေး၊ မီးယပ်သားဖွားဆရာဝန်ထံလွှဲဖြင့် တတ်နိုင်တာတွေ လုပ်ပေးရသည်။

အိုဂျီဆီမှ ပြန်လည်ရောက်ရှိလာသော အခါအဖြေကား မျှော်လင့်ထားသည့်အတိုင်း သားအိမ် ခေါင်းကင်ဆာ၊ ပို စိတ်မကောင်းဖြစ်ရသည်က သည်ကင်ဆာအနာတို့က အနီးအနားမှာ ပြန်ရည်ကျိတ် တို့၊ ဆီးအိမ်တို့သာမက အသည်းမှာရော အဆုတ်မှာရော ပျံ့နှံ့နေပြီ။ သားအိမ်ခေါင်းကင်ဆာ အဆင့် သုံး(ဘီ)၊ သက်ဆိုင်ရာအိုဂျီ၊ ကင်ဆာအထူးကုတို့ဖြင့် လွှဲအပ်ကုသစေသော်လည်း သမီးများကား တောသူတောင်သားတို့ထုံးစံအတိုင်း အမေကြီးကိုလည်း ပေးမသိချင်၊ ဆက်ကုလျှင် မုချပျောက်မည် ဆိုလျှင်တော့ ကုမည်တဲ့။ ဘယ့်နှယ့် မုချပျောက်မည်အာမခံနိုင်မည်နည်း။

နောက်ဆုံးတော့ အမေကြီးနာတာသက်သာအောင်၊ သိပ်မခံစားရအောင်သာ လုပ်ပေးလိုက်ပါ တော့။ သူ့ဇာတိလေးမှာပင် ခေါင်းချစေတော့မည်တဲ့။ လူနာရှင်တို့၏ သဘောကိုမလွန်ဆန်သာ။ စိတ် လေးလေးဖြင့်ပင် လုပ်စရာရှိတာလုပ်ပေးလိုက်ရသည်။

နာတာ၊ သေတာ၊ ဝေဒနာခံစားရတာတွေက ရိုးနေပြီ။ အသိပညာလေးမရှိ၍ စောစီးစွာ ကုသမှု မရဘဲမဖြစ်သင့်တာ ဖြစ်သွားရခြင်းတွေကလည်း ကိုယ်တားဆီး၍ရသည်မဟုတ်။ သို့ပေမယ့် အမေကြီး အတွက် စိတ်မကောင်းခြင်း ခံစားမှုလေးများက “မိန်းမတိုင်း သိထားသင့်တာလေးတွေသာ သိနေကြမည်ဆိုလျှင်” ဟူသည့်အတွေးဖြင့် မချင့်မရဲကြီးစွာ ဖြစ်ရပေသည်။

ထိုခံစာချးက်လေးကို ညနေများရဲ့ ပဲ့တင်သံအဖြစ် ဖော်ထုတ်ရာတွင် ဆန္ဒကြီးစွာ ပေးဝေမိချင် တာလေးများက ရင်ကိုထိုးဖောက်ပွင့်ထွက်မတတ်ရှီလေသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများကဲ့သို့ လူထုအတွင်းအ သက် (၃၅) နှစ်ကျော်သော မိန်းမများကို နှစ်စဉ်သုံးနှစ်တစ်ခါ (သို့မဟုတ်) လိုအပ်သလို သားအိမ် ခေါင်းကင်ဆာအတွက် သားအိမ်ခေါင်းဆဲလ်လေးများထုတ်ယူစစ်ဆေးခြင်း (Paspsmear) မလုပ်နိုင် သေးသော်လည်း အခြေခံသတိပြုသင့်သည်လေးများကိုတော့ဖြင့် လူတိုင်းထံ ရောက်ရှိစေချင်မိပါ သည်။

မိန်းမကိုယ်မှ သွေးဆင်းခြင်းမျိုးစုံရှိသည့်အနက် လိင်ဆက်ဆံပြီးချိန်သွေးဆင်းခြင်း၊ သွေးဆုံး ပြီးမှ သွေးပြန်ဆင်းခြင်း၊ အချိန်မမှန် သွေးဆင်းခြင်းများက ချက်ချင်းအရေးယူစစ်ဆေးရန် အရေးကြီး ပါသည်။ အထူးသဖြင့် အသက်ငယ်ရွယ်ချိန်မှာ လိင်စတင်ဆက်ဆံရသူများ၊ လိင်ဆက်ဆံဖက်များသူ များက သတိထားသင့်ပါသည်။

ဤနေရာတွင် လူထုအတွင်း အယူအဆမှားဖြစ်သော သွေးဆင်းတာ အပူအပုပ်စင်တယ်၊ ကောင်းတယ်ဆိုတာလေးကို ပြင်သင့်ပါသည်။ သွေးဆုံးပြီးနောက် သွေးဆင်းလျှင် သတိထားသင့်တာ လေးကိုသိစေချင်ပါသည်။

ဤနေရာတွင် သွေးဆုံးသည်ဟု သတ်မှတ်ဖို့ရာ တိကျသေချာသော အချက်ရှိဖို့အရေးကြီး ပါသည်။ မိန်းမတစ်ယောက်အသက်အရွယ်ရလာပြီး မဟိုမုန်းများ ဖောက်ပြန်လာလျှင် သွေးကစား သည်ဟုခေါ်ကြသော တစ်လ၊ နှစ်လထိမ်လိုက်၊ ပြန်ဆင်းလိုက် အချို့ ခြောက်လခန့်မဆင်းဘဲ ပြီးမှ ပြန်ဆင်းလိုက်စသဖြင့် ဖြစ်တတ်ကြပါသည်။ ရာသီသွေးဖောက်လွဲဖောက်ပြန်ဖြစ်စေသော အကြောင်း ရင်းများစွာရှိသည့်အနက် သွေးဆုံးပြီး ပြန်ဆင်းခြင်းဟု သတ်မှတ်ဖို့ရာ “သွေးဆုံးပြီ” ဟုမည်သည့် အခါမှာသတ်မှတ်ရမည်ဆိုတာ အရေးကြီးပါသည်။

ယေဘုယျအားဖြင့် ရာသီးသွေးဆင်းတာ တစ်နှစ်ဆက်တိုက် ရပ်ပြီးချိန်ကို သွေးဆုံးပြီဟု ဆိုနိုင် ပါသည်။ ထို့နောက်ပိုင်း မည်မျှကြာသည်ဖြစ်စေ သွေးပြန်ဆင်းပြီဆိုလျှင် လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ဖို့ လိုအပ်ပါသည်။ အပုပ်အစပ်၊ အညစ်အကြေးတွေ ဆင်းတာကောင်းတယ်ဟုသဘောထားသူ များမကြာခဏတွေ့နေရခြင်းကြောင့် အချိန်မီ အရေးယူကုသမခံရဘဲ အခါနှောင်းခြင်းများကို ရင်နာစရာ တွေ့နေရပါသည်။

တကယ်တော့ မည်သည့်ကင်ဆာမဆို စောစီးစွာတွေ့ရှိနိုင်ဖို့ အရေးကြီးပါသည်။ ကင်ဆာ ဆိုတာ ဘယ်လိုပဲဖြစ်ဖြစ် သေမှာပါပဲကွာ၊ ကြိုးမိန့်ကျတာပါပဲ ဆိုသောအယူအဆများ မထားသင့်တော့ ပါ။ ခေတ်မီကာကွယ်တားဆီးနိုင်ခြင်းများ၊ ကုထုံးများ၊ နောက်ဆက်တွဲ ဆေးမှန်မှန်အကုသခံခြင်းများ ဖြင့် အချိန်မီပျောက်ကင်းသက်သာစေနိုင်ပါပြီ။ အယူအဆဟောင်းများကိုသာ စွန့်ခွာချန်ထားခဲ့ပါ။ ကြိုတင်စစ်ဆေးနိုင်သော နည်းလမ်းများ လက်တစ်ကမ်းမှာပင် ရှိပါသည်။

လူအများအတွက် သိစေချင်သော ဆန္ဒများကြီးမားစွာဖြင့် ညနေများရဲ့ပဲ့တင်သံကိုတော့ ဖွင့်ဟ သွန်ချလိုက်ရပြန်ပါပြီ။ တစ်ဦးတစ်ယောက်၊ တစ်စုံတစ်ရာသို့ ရောက်ရှိသွားပြီဆိုလျှင် စိတ်မကောင်း ခြင်းများစွာထဲမှ တစ်စိတ်တစ်ပိုင်းမျှဖြစ်စေ ကမ္ဘာမြေပေါ်မှ ပျောက်ကွယ်ကင်းပစေနိုင်ပါပြီ။