ကွဲနေပြီလား။

” အကွဲဆို ဘယ်အကွဲမှကို မကောင်းဘူး။ ”
‘အွန်။ သြော် အန်တီအေးပါလား။ ဘာတွေဖြစ်နေတာတုန်း။ ‘
” အိမ်က ငါ့အကြိုက် ပန်းအိုးလေး ကွဲသွားတယ်လေ။ ဒါ့အပြင် ခြေထောက်တွေလည်း ကွဲပြီး နာနေလို့ စိတ်တိုနေတာ”
‘သြော် အန်တီရယ်။ ပစ္စည်းသင်္ခါရ၊ လူသင်္ခါရပါ။ စိတ်မဆိုးပါနဲ့။ စိတ်ပျိုမှ ကိုယ်နုလေ။ ခြေထောက်တွေ ကွဲနေတာလား။ ပြပါဦး။ ‘
ကိုယ်တွေလည်း ပြောပြောဆိုဆို အန်တီအေးကို ထိုင်ခိုင်းပြီး သူ့ခြေထောက်တွေကို ဆွဲကြည့်လိုက်တော့ ဖနောင့်တွေ၊ ခြေစောင်းတွေမှာ အက်ကွဲနေပြီး ဘေးအရေပြားတွေပါ ခြောက်သွေ့နေတာကို တွေ့လိုက်ရတာပေါ့။ ဒါပြင် အသားမာလေးတွေပါ မင်းမူနေရဲ့။ အန်တီအေး စိတ်တိုချင်လည်း တိုချင်စရာ ပဲလေ။ ဒီလိုခြေထောက်တွေကွဲရင် အမြင်မလှရုံမက နာကလည်းနာတော့ ခပ်ဝဝ အန်တီအေး တစ်ယောက် လမ်းလျှောက်တိုင်း ခံစားနေရမှာ အမှန်ပဲပေါ့။ တော်သေးတာက ဒီလိုဖြစ်ရင် ပိုးဝင်တာပါ ဖြစ်တတ်ပေမယ့် အန်တီအေးမှာတော့ မတွေ့ရဘူးလေ။
‘ဟုတ်ပ။ အန်တီရေ။ တော်တော်နာမှာပေါ့။ အန်တီက ဝလည်းဝ၊ ဆီးချိုကလည်း ရှိပြန်၊ ရာသီဥတုကလည်း ခြောက်သွေ့တဲ့ ဆောင်းရာသီ ဆိုတော့ အသားတွေခြောက်ပြီးဖြစ်ပြီပေါ့။ ဒါ့အပြင် ရေဓာတ်ခန်းခြောက်ရင်၊ အသားအရေအစိုဓာတ် မထိန်းသိမ်းရင်၊ ရေနွေးနဲ့ရေ ခဏခဏချိုးရင်၊ ရေနွေးနဲ့ ခြေထောက်စိမ်တာ အလုပ်များရင် ပိုဖြစ်တတ်တာပေါ့။ ‘
“ခြေထောက်က အဲ့လောက်ဂရုစိုက်ဖို့ လိုလို့လား။ ”
‘ လိုမလိုဆိုတာ အခု အန်တီခြေထောက်တွေက သက်သေပြနေပြီ မဟုတ်လား။ ဆီးချိုရောဂါသမားတွေ အာရုံကြောငယ်လေးတွေ ထိခိုက်ပြီး အရေပြားပိုခြောက်တတ်တဲ့အပြင် ပိုးဝင်လွယ်တာကြောင့် အခြားသူတွေ မလုပ်တောင် အန်တီကတော့ တစ်နေ့တစ်ခါလောက်တော့ စစ်ဆေးသင့်တာပေါ့။
“အေးပါအေ။ ဒါဆို ခုဘာလုပ်ရမလဲ”
‘အခု ခြေထောက်ကွဲတာ သက်သာဖို့ ခြေထောက်အရေပြားတွေ အစိုဓာတ်ရအောင် ပြန်လုပ်ရမယ်။ ထပ်မဖြစ်အောင်လည်း ထိန်းသိမ်းရမယ်။ လွယ်လွယ်ပြောရရင် အဆီပါသော အလှကုန်၊ moisturizer တွေ လိမ်းပေးရမယ်။ urea, salicylic acid ပါတာတွေပေါ့။ တစ်နေ့ ၂ကြိမ်၊ ၃ကြိမ်လောက် လိမ်းပေးရမယ်။ မနက်အိပ်ရထလိမ်းပေးရင် အရေပြားရဲ့ ကျုံဆန့်ဆွဲအားကို ပိုကောင်းစေတယ်။ petroleum jellyစတာတွေအပြင်, အလွယ်တကူရနိုင်တဲ့ အိမ်သုံး ပျားရည်၊ အုန်းဆီ၊ သံလွင်ဆီတွေလည်း လိမ်းရင်ရပါတယ်။
ဒါတွေမကသေးဘူး။ ရေများများသောက်ရမယ်၊ အာဟာရပြည့်ဝအောင်စားမယ်။ ဆီးချိုကို ပုံမှန်ရောက်အောင် ထိန်းထားမယ်။ အဝလွန်နေရင် ဝိတ်လျော့မယ်။ ခြေထောက်ကို ဆပ်ပြာကြမ်းတွေ သုံးတာ ရှောင်သင့်ပါတယ်။’
“ဟုတ်ပါပြီ။ လောလောဆယ် အိမ်မှာ ရှိတဲ့ အုန်းဆီ လိမ်းထားလိုက်မယ်။ ပြန်ဦးမယ်အေ။ ”
‘ဟုတ်။ အန်တီ’
အန်တီအေး ပြန်သွားမှ လူတော်တော်များများဟာ တစ်နေကုန် လှုပ်ရှားသွားလာ ခြေထောက်တွေကို အသုံးများပေမယ့် ဂရုစိုက်ဖို့ မေ့နေတတ်ကြပါတယ်။ ဒါကြောင့် ခြေထောက်ကလည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်လို့ ညီအစ်မတို့ကို ပြောလိုက်ချင်ပါရဲ့။

ရီချို (ဆေး ၁)