“ ကွန်ဒုံးနှင့်မှားယွင်းသောအယူအဆများ “

(1) ကွန်ဒုံးသုံးပြီးလိင်ဆက်ဆံခြင်းဟာ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းလောက် ခံစားမှုမကောင်းဘူး။
လူအများစုဟာ ကွန်ဒုံးသုံးစွဲဖို့ ဝန်လေးကြခြင်းရဲ့အဓိကအကြောင်းရင်းက ” ကွန်ဒုံးသုံးပြီးလိင်ဆက်ဆံခြင်းဟာ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းလောက် ခံစားမှုမကောင်းဘူး ” ဆိုတဲ့ အယူအဆမှားကြောင့်ပါပဲ။

တကယ်တော့…..ကွန်ဒုံးသုံးပြီး လိင်ဆက်ဆံခြင်းဟာ ခံစားမှုလျော့ကျမသွားစေတဲ့အပြင် အမျိုးသားများလိင်ဆန္ဒအထွဋ်အထိပ်ရောက်ပြီးမြောက်ဖို့ အချိန်ပိုကြာစေတဲ့အတွက် သင်ရော သင့်အဖော်ကိုရော စိတ်ကျေနပ်မှုပိုမိုရရှိစေမှာဖြစ်ပါတယ်။

ဒါ့အပြင် ကွန်ဒုံးတွေမှာ အရွယ်အစား၊ပုံစံ၊အရောင်၊အနံ့ မျိုးစုံရွေးချယ်လို့ရတာကြောင့် သင်နဲ့သင့်အဖော် နှစ်ဦးစလုံးအဆင်ပြေပြီး စိတ်ကျေနပ်မှုရရှိစေမယ့်ကွန်ဒုံးအမျိုးအစားကို ရွေးချယ်သုံးစွဲနိုင်ပါတယ်။

(2)ကွန်ဒုံးကိုနှစ်ထပ်သုံးရင် ပိုစိတ်ချရတယ်။
“ကွန်ဒုံးတစ်ခုတည်းသုံးရင် ပေါက်ပြဲမှာစိုးရိမ်ရတယ် ကွန်ဒုံးနှစ်ခုထပ်သုံးတာ စိတ်ချရမယ်” လို့တွေးထားတယ်ဆိုရင်တော့ လုံးဝမှားပါတယ်။ ကွန်ဒုံးနှစ်ခုထပ်သုံးခြင်းဟာ တစ်ခုတည်းသုံးခြင်းထက် ပိုစိတ်မချရတဲ့အပြင် လိင်ဆက်ဆံနေစဉ်ကွန်ဒုံးပေါက်ပြဲမှု ဖြစ်နိုင်ချေ ပိုများပါတယ်။

(3)ကွန်ဒုံးဟာ ပေါက်ပြဲလွယ်လို့ စိတ်မချရဘူး။
ဒါလည်း မှားပါတယ်။ ကွန်ဒုံးဟာ သေချာစွပ်မယ်ဆိုရင် မပေါက်ပြဲနိုင်ပါဘူး။ ကွန်ဒုံးထိပ်မှာ လေခိုနေရင်ပေါက်ပြဲနိုင်တာမို့ လေခိုခြင်းမရှိရအောင် စွပ်တဲ့အခါမှာ ကွန်ဒုံးထိပ်ကို လက်နဲ့သေချာညှစ်ထားပြီး….ကွန်ဒုံးမှာပါဝင်တဲ့ ချောဆီကိုအသုံးပြုပြီးစွပ်ခြင်းက ကွန်ဒုံးပေါက်ပြဲမှုကိုရှောင်ကြဉ်နိုင်ပါတယ်။
တစ်ခုသတိထားရမှာက….
-> ကွန်ဒုံးအိတ်ကိုဖောက်တဲ့အခါ ဖောက်ဖို့အရာပေးထားတဲ့အတိုင်း လက်နဲ့သာဖြဲပြီးဖောက်ပါ။ ကတ်ကြေးနဲ့ညှပ်မဖောက်ပါနဲ့။ကတ်ကြေးနဲ့ညှပ်ခြင်းဟာ အထဲက ကွန်ဒုံးကိုပါ ရောညှပ်မိပြီးပေါက်ပြဲနိုင်လို့ပါ။
-> သင့်လက်သည်းတွေရှည်ပြီးချွန်ထက်နေရင်
-> သင့်လက်မှာ လက်စွပ်စတဲ့ လက်ဝတ်ရတနာဝတ်ဆင်ထားရင် ကွန်ဒုံးနဲ့ညိပြီး ပေါက်ပြဲမသွားစေဖို့သတိပြုရပါမယ်။ နောက်တစ်ခုက
-> လိင်မဆက်ဆံမီ လိင်စိတ်နှိုးဆွတဲ့အနေနဲ့ သင့်အဖော်က သင့်လိင်အင်္ဂါကို ပါးစပ်နဲ့လိင်စိတ်နှိုးဆွပေးစဉ်မှာ သွားနဲ့ခြစ်မိပြီး ကွန်ဒုံးမပေါက်ပြဲစေဖို့လဲ သတိပြုသင့်ပါတယ်။

(4)သင့်အဖော်က တားဆေးသောက်နေရင် ကွန်ဒုံးသုံးဖို့မလိုဘူး။
တားဆေးက ကိုယ်ဝန်ရခြင်းကကာကွယ်ပေးတာ မှန်ပေမယ့် …HIV/AIDSအပါအဝင် အခြားသောလိင်မှတစ်ဆင့်ကူးဆက်တတ်တဲ့ရောဂါတွေကို ကာကွယ်မပေးနိုင်ပါဘူး။ ကွန်ဒုံးကတော့ ကိုယ်ဝန်ရခြင်းအပါအဝင်… HIV/AIDS နဲ့ အခြားသော လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတွေကို ကာကွယ်ပေးပါတယ်။

(5)ပါးစပ်နဲ့လိင်ဆက်ဆံရင် ကွန်ဒုံးသုံးဖို့မလိုဘူး။
ပါးစပ်နဲ့လိင်ဆက်ဆံခြင်းဟာ ပုံမှန်လိင်ဆက်ဆံခြင်းတွေလိုပဲ HIV/AIDS အပါအဝင်အခြားသော လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတွေအကုန်ကူးစက်နိုင်ပါတယ်။ရောဂါပိုးတွေဟာ လိင်အင်္ဂါမှထွက်တဲ့ ရှေ့ပြေးအရည်တွေကတစ်ဆင့် မိမိအဖော်ရဲ့ပါးစပ်ထဲကိုဝင်ရောက်ကူးစက်နိုင်ပါတယ်(ပါးစပ်ထဲမှာ အနာ၊အပေါက်အပြဲရှိရင် ပိုမိုကူးလွယ်ပါတယ်။) ဒါကြောင့် ပါးစပ်နဲ့လိင်ဆကိဆံမယ်ဆိုရင်လည်း ကွန်ဒုံးသုံးဖို့လိုအပ်ပါတယ်။

(6) ကွန်ဒုံးဟာ အရွယ်အစား(size)တစ်မျိုးပဲရှိတယ်။
သေချာကြည့်ပါဦး။ ကွန်ဒုံးဟာ အရွယ်အစားအမျိုးမျိုးရှိပါတယ်။ ကွန်ဒုံးဘူးနောက်မှာ အရွယ်အစားကို မီလီလီတာ (milliliter)နဲ့ဖော်ပြထားတာမို့ မိမိနဲ့အဆင်ပြေမယ့် အရွယ်အစားရွေးဝယ်လို့ရပါတယ်။ ကွန်ဒုံးဟာမိမိနဲ့အရမ်းကျပ်နေတာ (သို့)အရမ်းချောင်နေတာမျိုးဆိုရင် အလွယ်တကူပေါက်ပြဲနိုင်တာမို့ မိမိနဲ့သင့်တော်မယ့် အရွယ်အစားကို သေချာရွေးဝယ်ဖို့လိုပါတယ်။

(7)ကွန်ဒုံးမှာ Expired Date (ကုန်ဆုံးရက်) မရှိဘူး
ရှိတာပေါ့ ။ ကွန်ဒုံးဟာလည်း အခြားကုန်ပစ္စည်းတွေလိုပဲ Expired Date (ကုန်ဆုံးရက်) ရှိလို့ ကွန်ဒုံးဝယ်တဲ့အချိန်မှာရင် ၊အသုံးမပြုမီအချိန်မှာရော ကွန်ဒုံးမှာပါ Expired Date ရက်စွဲကို သေချာစစ်ဆေးရပါမယ်။ ရက်လွန်နေတဲ့ ကွန်ဒုံးကိုအသုံးပြုမိရင် ကိုယ်ဝန်ကာကွယ်နိုင်မှု လျော့ကျသွားပြီဖြစ်လို့ ကိုယ်ဝန်ရနိုင်ချေများနိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့ အယူအဆတွေကြောင့် ကွန်ဒုံးသုံးဖို့်တွန့်ဆုတ်နေခဲ့မယ်ဆိုရင်တော့ ခုအချိန်ကစပြီး ထိုအတွေးတွေဖျောက်ပစ်လိုက်ပါတော့။

ကွန်ဒုံးဟာ ကိုယ်ဝန်ရခြင်းကိုသာမကာ လိင်ဆက်ဆံရာမှကူးစက်တတ်တဲ့ရောဂါတွေကိုပါကာကွယ်ပေးနိုင်တာကြောင့်ရွေးချယ်သင့်တဲ့ သားဆက်ခြားနည်းတစ်ခုပဲဖြစ်ပါတယ်၊

မေ (ဆေး ၂)