ဆောင်းတွင်းမှာကလေးတွေနေကောင်းအောင် ဘယ်လိုနေမလဲ

ဆောင်းတွင်းဝင်လာပြီဆိုရင် မိမိတို့ကလေးတွေအတွက်ပိုပြီးဂရုစိုက်ရတာ မိဘတွေရဲ့အလုပ်တစ်ခုပါ။ လူကြီးတွေတောင်ဖျားကြနာကြတာပိုဖြစ်တဲ့ဆောင်းတွင်းမှာ ကလေးတွေကနေမကောင်းဖြစ်နိုင်ခြေပိုများပြားပါတယ်။ လူကြီးတွေတောင် တစ်ချို့နေ့တွေမှာအအေးဒါဏ်မခံနိုင်တဲ့ဆောင်းတွင်းမှာ ကလေးတွေကိုပိုပြီးဂရုစိုက်သင့်ပါတယ်။

အရင်ဆုံးအနေနဲ့တော့ နွေးနွေးထွေးထွေးဝတ်ဆင်ပေးရပါမယ်။ အချို့ကလေးတွေကချမ်းရင်ပြောတတ်ပေမယ့် မပြောတတ်တဲ့ကလေးတွေလည်းရှိနေနိုင်ပါတယ်။ လူကြီးတွေကလည်းအလိုက်တသိနဲ့ နွေးထွေးအောင်ဝတ်စားပေးရပါမယ်။ လက်ရှည်အင်္ကျီ၊ ဘောင်းဘီရှည်၊ သားမွှေးအနွေးထည်၊ သိုးမွှေးခေါင်းစွပ်စတာတွေနဲ့ နွေးနွေးထွေးထွေးထားပေးရပါမယ်။ လည်ပင်းအပတ်လေးတွေ၊ နားရွက်ကာတဲ့အဖုံးလေးတွေပါတဲ့ အဝတ်တွေကိုလည်းဝတ်ဆင်ပေးရပါမယ်။ ရာသီဥတုဒါဏ်ကိုလည်း လူကြီးတွေထက်ပိုမိုခံစားရနိုင်တာကြောင့် သေချာဝတ်စားပေးတာစိတ်ချရပါမယ်။

ဒါ့အပြင်ဆောင်းတွင်းမှာမှ ပိုပြီးဖြစ်တတ်ရဲ့ရောဂါတွေအတွက်လည်း ကလေးတွေကိုပြင်ဆင်ပေးထားရပါမယ်။ တုပ်ကွေး၊ နှာစေး၊ အအေးမိ၊ ချောင်းဆိုးစတာတွေကိုကြိုတင်ကာကွယ်နိုင်ဖို့အတွက် လုံခြုံနွေးထွေးစွာဝတ်ဆင်ခြင်းက ကာကွယ်နည်းတစ်မျိုးဖြစ်ပါတယ်။ အချို့ကလေးတွေမှာ။ ရင်ကြပ်ရောဂါရှိတတ်ပြီး အေးရင်ပိုပြီးကြပ်တတ်တာကြောင့် အအေးအောင်ကာကွယ်ထားရပါမယ်။ အသက်ရှူလမ်းကြောင်းကတစ်ဆင့်ကူးစက်တဲ့ရောဂါတွေဟာ လူထူထပ်ရင်ပိုဖြစ်တတ်တာကြောင့် ကလေးများကို နွေးထွေးအောင်ထားတာအပြင် လူထူတဲ့နေရာတွေကို ရှောင်ကြဉ်ထားဖို့လိုပါတယ်။

စားသောက်တာကိုလည်း အထူးဂရုပြုဖို့လိုပါတယ်။ ဆောင်းတွင်းမှာ အစာမကြေတာ၊ ရင်ပြည့်တာ၊ မအီမသာဖြစ်တာ၊ ဗိုက်မကောင်းလို့ဂျီကျတာတွေကြုံရတတ်ပါတယ်။ အဆိုပါကိစ္စတွေမဖြစ်အောင် သေချာကျွေးရပါလိမ့်မယ်။ ပူပူနွေးနွေးချက်ပြုတ်ကျွေးဖို့လိုတဲ့အပြင် နူးနပ်စေပြီး အစာကြေလွယ်စေဖို့ အဓိကထားပြီးချက်ပြုတ်ရပါမယ်။ အဲဒီလိုကျွေးရမယ့်အပြင်အရေးကြီးသေးတဲ့အချက်ကတော့ အာဟာရလည်းပြည့်ဝအောင်သတိထားဖို့ဖြစ်ပါတယ်။ အစာအကြေမှာစိုးလို့ရှောင်ရင်းနဲ့လိုအပ်တဲ့အာဟာရတွေချို့တဲ့သွားရင်လည်း ကျန်းမာရေးထိခိုက်နိုင်ပါတယ်။

ကိုယ်ခံအားကောင်းစေဖို့အတွက် အသီးအရွက်များများစားပေးရပါမယ်။ ဒါမှလိုအပ်တဲ့ ဗီတာမင်တွေ၊ သက်စောင်ဓာတ်တွေပြည့်ဝပြီး ရောဂါတွေဝင်ရောက်တာကို ကာကွယ်နိုင်ပါလိမ့်မယ်။ ရေများများသောက်ပြီးကောင်းမွနိစွာအိပ်စက်ပေးခြင်းဟာလည်း ခုခံအားကိုတိုးပွားစေပါတယ်။ နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ဖြစ်ပါတယ်။ လူကြီးတွေလို ချွေးထွက်အောင်ပြေးလွှားနေတာ၊ လမ်းလျှောက်တာတွေအများကြီးလုပ်ဖို့မလိုပဲ မိမိကလေးအရွယ်နဲ့သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကိုပြုလုပ်ပေးခြင်းနဲ့လည်း ကန်ျးမာစေနိုင်ပါတယ်။

ကလေးဆိုတာအရမ်းနုနယ်သလို ပိုမိုပြီးချူချာတတ်တဲ့အရွယ်ဖြစ်ပါတယ်။ သို့သော်မိမိရဲ့စောင့်ရှောက်ပုံပေါ်မူတည်ပြီး မိမိရကဲ့လေးကျနမာ်းလား၊ မကျန်းမာဘူးလာကို ဆုံးဖြတ်ပေးနိုင်တဲ့အတွက် ကျန်းမာအောက်ပြုစုပျိုးထောင်ကြရမှာဖြစ်ပါတယ်။

Dr. ZZ