ကလေးများတွင်ချောင်းဆိုးပြီးရွှီရွှီ အသံမြည်ခြင်း (ပန်းနာရင်ကျပ်များလား)

ချောင်းဆိုးပြီးအသက်ရှုလျှင်ရွှီရွှီအသြံမည်ခြင်းဟာ နေမကောင်းတဲ့ကလေးတွေမှာတွေ့ရများတဲ့လက္ခဏာပါ။ အဲဒီလိုမျိုးကြုံတွေ့ရတိုင်းသင့်ရဲ့ကလေးမှာဆိုးဝါးပြင်းထန်တဲ့အခြေအနေတစ်ခုခုဖြစ်နေပြီလို့မပြောနိုင်ပါဘူး။ဒါပေမယ့်အဲဒီရွှီရွှီမြည်သံဟာသင်ရောသင့်ကလေးအတွက်ပါစိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

အချို့အခြေအနေတွေမှာချောင်းဆိုးပြီးရွှီရွှီအသံမြည်တာကို သင့်အိမ်မှာပဲသက်သာအောင်ဆောင်ရွက်ပေးနိုင်ပါတယ်။ သို့သော်လည်းတခါတရံမှာသင့်ကလေးဟာ အရေးပေါ်ကုသမှုခံယူရနိုင်ပါတယ်။ ဒါကြောင့်ဘယ်လိုလက္ခဏာတွေကတော့အရေးကြီးတယ်ဆိုတာကို သိဖို့လိုအပ်ပါတယ်။

ကလေးတွေ ချောင်းဆိုးပြီးရွှီရွှီမြည်နိုင်တဲ့အခြေအနေ တွေမှာသာမန်အအေးမိခြင်းနှင့်အခြားသောဗိုင်းရပ်စ်ရောဂါများ ၊

ဥပမာ ရာသီတုပ်ကွေး

လေပြွန်နှင့်အသံအိုးရောင်ရမ်းခြင်း (±Croup )

အဆုတ်အတွင်းရှိလေပြွန်ငယ်များရောင်ခြင်း ( Bronchiolitis )

ကလေးများတွင်ဖြစ်သောပန်းနာရင်ကျပ်ရောဂါ

အဆုတ်အအေးမိ၍ဖျားခြင်း (Pneumonia)
တို့ဖြစ်ပါတယ်။

ချောင်းဆိုးပြီးရွှီရွှီမြည်ခြင်း အများစုဟာအအေးမိခြင်းနှင့် အခြားဗိုင်းရပ်စ်ပိုးတွေကြောင့်ဖြစ်ပါတယ်။ အသက်တစ်နှစ်အောက်ငယ်ရွယ်တဲ့ကလေးတွေမှာရင်ကျပ်ပန်းနာရောဂါလို့အမည်တပ်ဖို့ခက်ခဲပါတယ်။

ဘယ်လိုအချိန်မှာကုသမှုခံယူရမလဲ

ပြင်းထန်တဲ့အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေမှာ ကလေးတွေဟာအသက်ရှုခက်ခဲပြီးအန္တရာယ်တွေ့နိင်ပါတယ်။ ဒါကြောင့်ကလေးတွေမှာ ချောင်းဆိုးပြီးရွှီရွှီမြည်ခြင်း အပြင် အောက်ပါ လက္ခဏာများတွေ့ရင် နီးစပ်ရာဆေးရုံဆေးခန်းမှာ အမြန်ဆုံးကုသမှုခံယူသင့်ပါတယ်။

အသက်ရှုနှုန်းမြန်ခြင်း၊ အသက်ရှုမမှန်ခြင်း
အသက်ရှုစဉ်ပုံမှန်မဟုတ်သောဆူညံသံများကြားရခြင်း
နှုတ်ခမ်း၊ ခြေလက် စသည်တို့ပြာနှမ်းခြင်း
အစာ၊နို့၊ ရေ တို့ကိုစားသောက်မှုနည်းခြင်း
ကိုယ်ပူရှိန်များခြင်း
နှစ်ပတ်ထက်ပို၍ချောင်းဆိုးခြင်း

အဆိုပါလက္ခဏာများမရှိသော အနည်းငယ်ချောင်းဆိုးချင်းနှင့်ရွှီရွှီမြည်ခြင်းကို သက်သာအောင် အိမ်မှာဆောင်ရွက်နိုင်ပါတယ်။

ကလေးကို သက်တောင့်သက်သာဖြစ်မယ့်အနေအထားမှာထားပါ။
အရည်များများတိုက်ပါ။
ဆေးလိပ်ငွေ့၊ ခြင်ဆေးငွေ့ နှင့် အခြားလေထုညစ်ညမ်းမှုကိုဖြစ်စေသောအရာများနှင့် ကလေးကို ဝေးဝေးထားပါ။

တစ်ခုသတိပြုရမှာကတော့ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အအေးမိခြင်း၊ရာသီတုတ်ကွေး စသည့်အခြေအနေတွေမှာ ပိုးသတ်ဆေး (Antibiotics)တွေဟာသိပ်ပြီးအသုံးမဝင်လှပါဘူး။ နောက်ပြီး ဆေးဆိုင်တွေမှာဝယ်လို့ရတဲ့ချောင်းဆိုးပျောက်ဆေးအများစုကို မွေးကင်းစနှင့် အလွန်ငယ်ရွယ်တဲ့ကလေးတွေမှာ ဆရာဝန်ညွှန်ကြားချက်မပါပဲမတိုက်သင့်ပါဘူး။

ကလေးများအားလုံးချောင်းဆိုးကင်းပြီးပျော်ရွှင်သောဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။
Dr.ANK