ကျီးပေါင်းရောဂါ သိမှတ်ပါ (၁)

လူကြီးများ မကြာခဏ ကျီးပေါင်းတက်သည်ဟု ပြောသံကြားဖူးပါသလား။ ကျီးပေါင်းတက်တယ်ဆိုတာက ဘာလဲ။

ကျီးပေါင်းတက်တယ်ဆိုတာက ပြောရရင်တော့ လည်ပင်းရှိ ကျောရိုးဆစ်လေးများ ရောင်ရမ်း၍ နာကျင်ခြင်း တစ်မျိုးပါပဲ။ အကြောင်းရင်းကို ပြောရင်တော့ အသက်ကြီးလာတဲ့ အခါမှာ ဖြစ်တတ်တဲ့ ပျက်စီးခြင်းကြောင့်ပါပဲ။ အသက်ကြီးလာတဲ့အခါ လည်ပင်း ကျောရိုးဆစ်ကြားက အရိုးနုလေးတွေ ပျက်စီးစပြုမယ်၊ ရေဓာတ်ဆုံးရူံးမယ်၊ မာလာမယ်၊ ဒါ့အပြင် ကျောရိုးဆစ်လေးတွေကလည်း အသုံးကြာတော့ ပျက်စီးလာမယ်၊ အရိုးအတက်လေးတွေ ထွက်လာမယ်၊ အာရုံကြောမကိုတောင် သွားထိပါးမယ်။ ဇာတ်ပေါင်းလိုက်တော့ ကျီးပေါင်းတက်တယ်ဆိုတဲ့ လည်ပင်းကြွက်သားတွေ နာကျင်တောင့်တင်း ကိုက်ခဲခြင်းပေါ့။


ဘာတွေက ကျီးပေါင်းရောဂါဖြစ်စေတာလဲ။

အသက်ကြီး၍ ပျက်စီးခြင်းကတော့ ၁ပဲပေါ့။ အခြားဖြစ်နိုင်သေးတာကတော့ အရင်က လည်ပင်းကို ထိခိုက်ဒဏ်ရာတစ်ခုခုရဖူးလို့လည်း ဖြစ်တတ်ပါတယ်။ အားကစားသမားတွေ လည်ပင်းအရမ်းသုံးရတာမျိုးမှာလည်း ပိုဖြစ်တတ်သလို လည်ပင်းကို မထားတတ်လို့ ပုံစံခြင်းတွေကလည်း ကျီးပေါင်းရောဂါဖြစ်တာကို အားပေးပါတယ်။

ဘယ်လိုဝေဒနာတွေ ခံစားရမှာလဲ။

-လည်ပင်းတောင့်ပြီး နာကျင်မယ်။

-လည်ပင်းကစ ခေါင်းပါကိုက်လာမယ်။

-လက်မောင်းနှင့် ပခုံးတွေပါ နာလာမယ်။

-ခေါင်း ခါ၊ ခေါင်းညိမ့် ကောင်းကောင်းမလုပ်နိုင်တော့ဘူး။

-လည်ပင်းကို လှုပ်ရှားတိုင်း အသံတွေထွက်တတ်တာမျိုးတွေဖြစ်ပါလိမ့်မယ်။

–ပိုပြင်းထန်လာပြီး လည်ပင်းကျောရိုးထဲမှာရှိတဲ့ အာရုံကြောမကို ဖိမိရင်တော့

-လက်ချောင်းခြေချောင်း၊ လက်မောင်း၊ ခြေထောက်တွေ ထုံကျင်လာမယ်။

-လက်လျှောက်ရခက်ခဲတာမျိုးတွေဖြစ်လာမယ်။

-ကြွက်တက်မယ်။

-ဆီးဝမ်းမထိန်းနိုင်တာတွေပါ ဖြစ်လာတတ်ပါတယ်။

ဒါကြောင့် ကျီးပေါင်းတက်တာ ပြဿနာ မဟုတ်ပေမယ့် နောက်ဆက်တွဲတွေဖြစ်လာရင်တော့ သေချာကုသဖို့ လိုမယ်နော်။

ကျီးပေါင်းလို့ ဘယ်လိုသိရှိမလဲ၊ ဘယ်လိုကုသကြမလဲ ဆိုတာကိုတော့ အပိုင်း (၂) မှာ ဆက်လက်ဆွေးနွေးပါမယ်။

ဒေါက်တာချို(ဆေး ၁)