ရာသီအကူးအပြောင်းမှာ ဖြစ်တတ်တဲ့ ဖျားနာကိုက်ခဲခြင်းနဲ့ ကျန်းမာရေးပြဿနာများ 🔖

‘ဥတုရာသီ တောကိုမှီ’ လို့ဆိုကြသလိုပဲ..ရာသီဥတုတွေ မှန်ကန်မျှတနေဖို့ သစ်ပင်သစ်တောတွေကို မှီခိုအားထားရတယ်။ ဒီလိုပဲ .. လူ့ခန္ဓာကိုယ်ကြီး ကျန်းမာပျော်ရွှင်နေဖို့ကျတော့ ‘ကံ၊ စိတ်၊ ဥတု၊ အာဟာရ’ဆိုတာတွေကို မှီခိုနေရတာပေါ့။ ရာသီဥတုပူလို့ ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေရှိသလို အေးလို့ ဖြစ်တာတွေလည်းရှိတယ်။

လက်ရှိရာသီဥတုလိုမျိုး နွေခေါင်ခေါင်ကနေ မိုးတွင်းကို ရုတ်တရက် အကူးအပြောင်းမှာ အပူချိန်သိသိသာသာ မကျပေမဲ့ စိုထိုင်းဆပိုမြင့်တက်လာတဲ့အတွက် ပိုနေမကောင်းဖြစ်တတ်ကြတယ်။

📌ဒီလိုရာသီအကူးအပြောင်းမှာ ဘာတွေဖြစ်တတ်လဲ ??

🔼ဖျားနာခြင်း

ရာသီတုပ်ကွေးအမျိုးအစားတစ်ခုဖြစ်တဲ့ Rhinovirus ကိုကာကွယ်ဖို့ လိုအပ်တဲ့ ကိုယ်ခံအားစနစ်ဟာ ရာသီဥတုအေးတဲ့အခါမှာ ပိုကျနေတတ်တဲ့ အတွက် ဖျားနာကိုက်ခဲဖို့ ပိုလွယ်ကူပါတယ်။ မိုးရေစိုလိုက် နေပူလိုက် ဖြစ်တဲ့ အခြေအနေမျိုးမှာ ပိုဖျားလွယ်ပါတယ်။ ဒီလိုအခြေအနေတွေရှောင်ဖို့လိုပါတယ်။

🔼ခေါင်းကိုက်ခြင်း

ဖျားလာရင် အဖျားကြောင့်ခေါင်းကိုက်တတ်သလို မဖျားဘဲ ခေါင်းကိုက်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

– ပတ်ဝန်းကျင်ရဲ့ Barometric Pressure ဆိုတဲ့ လေဖိအားအပြောင်းအလဲကြောင့် ခေါင်းတစ်ခြမ်းကိုက်တဲ့ Migraine ဝေဒနာ ထကြွလာတတ်တယ်။

– Cluster Headache ဆိုတဲ့ မျက်ရည် နှာရည်တွေကျပြီး သေလုမျောပါးထိုးကိုက်တတ်တဲ့ နာတာရှည်ခေါင်းကိုက်ရောဂါတစ်မျိုးကလည်း အပူချိန်အပြောင်းအလဲဖြစ်တဲ့အခါမှာ ပြန်ဖြစ်တတ်တယ်။

– Heat headache ဆိုတဲ့ အပူရှိန်ကြောင့် ခေါင်းကိုက်တဲ့ ပြဿနာကလည်း မိုးဖွဲဖွဲလေးမဖြစ်စလောက်ရွာပြီး အပူချိန်ကျမသွားပဲ လေထုစိုထိုင်းဆပဲ မြင့်တက်သွားတဲ့ အခြေအနေမျိုးမှာ ပိုကိုက်လေ့ရှိပါတယ်။

🔼ကိုယ်လက်နာကျင်ကိုက်ခဲခြင်း

လေဖိအား..လေထုစိုထိုင်းဆနဲ့ ပတ်ဝန်းကျင် အပူချိန်အပြောင်းအလဲတွေကြောင့် ခန္ဓာကိုယ်အဆစ်အမြစ်တွေလည်း ကိုက်ခဲလာတတ်တယ်။ အထူးသဖြင့် လေထုဖိအားကျပြီး အပူချိန်ကျဆင်းလာတဲ့ အခါမှာပိုကိုက်တတ်ပါတယ်။ မိုးအေးလေ..ကိုက်လေ..ဆောင်းဝင်တော့ ပိုကိုက်လေ ဆိုတာမျိုးပေါ့။

ရာသီအကူးအပြောင်းတွေကို ကျန်းမာပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့အတွက် ကိုယ်ခံအားကောင်းဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့လိုပါတယ်။

🎯 ကိုယ်ခံအားစနစ်ပိုအားကောင်းလာစေဖို့

– အိပ်ရေးဝအောင်အိပ်ဖို့

– ရေဓာတ်ပြည့်ဝအောင် ဖြည့်တင်းဖို့

– အသီးအနှံများများစားဖို့

– အာဟာရပြည့်ဝအောင် စားဖို့

– စိတ်ဖိစီးမှုလျှော့ချဖို့

လိုအပ်ပါတယ်။

တော်ရုံအဖျားအနာ အကိုက်အခဲအတွက်တော့ Paracetamol လို အိမ်သုံးဆေးဝါးတစ်ခုခုသောက်.. ပြည့်ပြည့်ဝဝအနားယူလိုက်ရင် သက်သာစေနိုင်ပါတယ်။
အဆစ်အမြစ်နာကျင်ကိုက်ခဲတာတွေအတွက် ရေနွေးအိတ်လေးကပ်ပြီး နှိပ်နယ်ပေးတာမျိုးကလည်း သက်သာစေပါတယ်။ သိပ်ဖျားရင် သိပ်ကိုက်ခဲရင်တော့ ဆရာဝန်ဆီသွားရပါမယ်။

ရာသီအကူးအပြောင်းမှာ ဆရာဝန်နဲ့ဝေးကြပါစေ..

Dr ဖြိုးဝေလင်း
(10.5.19)