Butt acne ဆိုတာ ဘာလဲ…

Butt acne ဆိုတာ လူတို့ရဲ့တင်ပါးမှာ ပေါက်တဲ့ဝက်ခြံနဲ့ဆင်တူသော အဖုအပိန့်၊အနာလေးတွေဖြစ်ပါတယ်။Acneလို့သုံးနှုန်းထားပေမယ့် ဝက်ခြံစစ်စစ်တော့မဟုတ်ပါဘူး။

ဘယ်အရာတွေက Butt acne ကိုဖြစ်စေသလဲ…

၁။အဖြစ်အများဆုံးကတော့ မွေးညင်းပေါက်ကလေးများရောင်ယမ်းခြင်း(Folliculitis)ကြောင့် ဖြစ်ပါတယ်။ကျွန်တော်တို့ခန္ဓာကိုယ်တစ်ခုလုံးနီးပါးကို အမွေးအမျှင်တွေနဲ့ဖုံးအုပ်ထားတာဖြစ်ပါတယ်။ဒီအမွေးအမျှင်တစ်ခုချင်းစီဟာ မွေးညင်းပေါက်လေးတွေထဲကထွက်လာတာဖြစ်ပါတယ်။မွေးညင်းပေါက်လေးတွေဟာ အကြောင်းတစ်စုံတစ်ရာကြောင့် ရောင်ယမ်းနီရဲလာတဲ့အခါ ဝက်ခြံလိုမျိုးအဖု၊အနာလေးတွေဖြစ်ပေါ်လာပါတယ်။၎င်းတို့ဟာ တစ်ခါတစ်ရံမှာယားတာ၊နာတာတွေဖြစ်တတ်ပါတယ်။မွေးညှင်းပေါက်လေးတွေဟာ တစ်ကိုယ်လုံးမှာရှိတဲ့အတွက်ရောင်ယမ်းခြင်းဟာလဲ ခန္ဓာကိုယ်အနှံ့ဖြစ်နိုင်ပါတယ်။

တင်ပါးမှာဖြစ်ရတဲ့အကြောင်းရင်းကတော့ အဝတ်အစားနဲ့ပွတ်တိုက်မိခြင်းကြောင့် မွေးညင်းပေါက်လေးတွေရောင်ယမ်းတာဖြစ်ဖို့များတယ်လို့ဆိုပါတယ်။ဒါကြောင့် ကျပ်လွန်းတဲ့ အတွင်းခံ၊ဘောင်းဘီ၊စကပ်နဲ့ ပုဆိုး၊ထမီတို့ကို ဝတ်ဆင်ခြင်းဟာ Butt acne တွေဖြစ်ဖို့အလားအလာပိုများပါသတဲ့။ နောက်တစ်ချက်ကတော့ ချွေးကြောင့်ဖြစ်ပါတယ်။သင်ဟာ ချွေးထွက်များတဲ့လူမဟုတ်ရင်တောင် သင့်အဝတ်အစားတွေထဲမှာ Nylonတို့၊Polyesterတို့ပါတဲ့ အထည်တွေပါနေရင် ၎င်းတို့ဟာလေဝင်လေထွက်မကောင်းတာကြောင့် ချွေးအောင်းစိုစွတ်ပြီး Butt acne ကိုဖြစ်ပေါ်စေနိုင်ပါတယ်။

ဘက်တီးရီးယားပိုးမွှားများဟာလဲ မွေးညင်းပေါက်ကလေးတွေကို ရောင်ယမ်းစေပြီး Butt acne တွေပိုဖြစ်စေပါတယ်။

၂။ဒုတိယအနေနဲ့ကတော့ Boils(Skin abscess)လို့ခေါ်တဲ့ ပြည်တည်နာလေးတွေဖြစ်ပါတယ်။မွေးညင်းပေါက်တွေဟာ ဘက်တီးရီးယားပိုးဝင်ရောက်ကူးစက်ခံရပြီး ရောင်ယမ်းကာပြည်တည်နာတွေ ဖြစ်လာတတ်ပါတယ်။အချို့ မှိုရောဂါပိုးတွေဟာလဲ ပြည်တည်နာဖြစ်နိုင်ပါတယ်။

၃။Keratosis pilaris လို့ခေါ်တဲ့ Butt acne နဲ့ဆင်တူတဲ့ အရေပြားရောဂါတစ်ခုလဲရှိပါတယ်။၎င်းဟာ ကလေးအရွယ်နဲ့ဆယ်ကျော်သက်တွေမှာ အဖြစ်များပြီး နောက်ပိုင်းတဖြေးဖြေးနဲ့ ပျောက်သွားလေ့ရှိပါတယ်။

ဘယ်လိုကုသမလဲ…

Butt acne လေးတွေကို ဆရာဝန်မပြသခင် မိမိတို့ကိုယ်တိုင် ကုသနိုင်တဲ့နည်လမ်းလေးတွေရှိပါတယ်…

၁။Benzoyl peroxide ဟာဝက်ခြံကိုကုသတာဖြစ်ပေမယ့် ဝက်ခြံစစ်စစ်မဟုတ်တဲ့ Butt acne ကိုလဲသက်သာစေနိုင်ပါတယ်။၎င်းပါဝင်တဲ့ ကိုယ်တိုက်ဆပ်ပြာ၊ဆပ်ပြာရည်များဖြင့် ဖြစ်ပွားသည့်နေရာကို ရေချိုးတဲ့အခါတိုင်း ဖြည်းညင်းစွာပွတ်တိုက်ဆေးကြောပေးနိုင်ပါတယ်။

၂။Exfoliating creams-Glycolic acid,Lactic acidosis နဲ့ salicylic acid တို့ပါဝင်တဲ့ ဂျီး(ချေး)ချွတ် ကရင်မ်တွေဟာ မွေးညင်းပေါက်လေးတွေပိတ်ဆို့ခြင်းမှကာကွယ်ပေးတာကြောင့် Butt acne ကိုသက်သာစေပါတယ်။

၃။ပိုးသတ်ဆေးပါသောလိမ်းဆေး၊စားဆေးများကိုတော့ ပြည်တည်နာပါဖြစ်လာတဲ့အခါ ဆရာဝန်နှင့်တိုင်ပင်ပြသပြီးမှ သုံးစွဲသင့်ပါတယ်။

Butt acne တွေဖြစ်တာနည်းအောင် ဘယ်လိုလုပ်ကြမလဲ…

လုံးဝကြီးမဖြစ်အောင်လုပ်လို့မရပေမယ့် အောက်ဖော်ပြပါအချက်တွေကတော့ ဖြစ်ပွားမှုကိုအတော်အတန်လျှော့ချပေးနိုင်မှာပါ…

၁။ချွေးထွက်များပြီးတာနဲ့ရေချိုးပါ။ ပြင်းထန်သောလေ့ကျင့်ခန်းလုပ်ပြီး၊အပူထဲချွေးထွက်များပြီးတာနဲ့ ရေချိုးပေးခြင်းဟာ ချွေးကြောင့်ဖြစ်တဲ့ Butt acne ဖြစ်ပွားခြင်းကို လျော့ချပေးပါတယ်။

၂။ချည်ထည်အတွင်းခံ၊အောက်ခံ အဝတ်အစားများကိုဝတ်ဆင်ခြင်းဖြင့် လေဝင်လေထွက်ကောင်း၍ စိုစွတ်မှုနည်းတာကြောင့် Butt acneတွေကို အဖြစ်နည်းစေပါတယ်။

၃။Butt acne များကိုဖောက်ခြင်း၊ပြင်းထန်ကြမ်းတမ်းစွာတိုက်ချွတ်ခြင်းတို့ကိုတော့ရှောင်ကြဉ်သင့်ပါတယ်။

၎။ကျပ်လွန်းတင်းလွန်းသော အဝတ်အစားများကိုရှောင်ကြဉ်ခြင်းဖြင့် မွေးညင်းပေါက်ကလေးများကို အန္တရာယ်မဖြစ်စေပဲ Butt acne တွေဖြစ်တာကို လျှော့ကျစေနိုင်ပါတယ်။

အားလုံးပဲ ချောမွတ်ဝင်းပပြီး အဖုအပိန့်ကင်းတဲ့ အသားအရေပိုင်ရှင်များ ဖြစ်နိုင်ကြပါစေ။

dr.ye’lwinmm