မကျွတ်ဆတ်နေသင့်သော အလှတရား

အလှတရားဆိုတာ အမျိုးသမီးများသာမက အမျိုးသားများပါ နှစ်သက်မြတ်နိုးကြတာပါ။ အဲဒီအလှတရားအတွက် အမျိုးသားများကလည်း အမျိုးသားအလျောက်၊ အမျိုးသမီးများကလည်း အမျိုးသမီးများအလျောက် ခေတ်နှင့်အညီ လှုပ်ရှားနေကြသည်မဟုတ်ပါလား။

ထိုအပေါ်ယံအလှများကြား သတိမထားမိတတ်သော အရာတစ်ခုက မိမိလက်သည်းခြေသည်းလေးများပင်။ လက်သည်းခြေသည်းလေးများက အလှတရားတစ်ခုအဖြစ် အသုံးခံသလို ကျန်းမာရေး ရူထောင့်တစ်နေရာကလည်း ကူညီပေးနေသည်ကို သတိမထားမိကြပေ။ ထိုလက်သည်းလေးများ စိုပြည်မနေဘဲ ကျွတ်ဆတ်နေသောအခါမှ စိတ်ပူတတ်ကြပေသည်။

ဘာကြောင့် ကျွတ်ဆတ်ကြရတာလဲ။

-လက်သည်းခြေသည်းများဟာ အသားဓာတ်တစ်မျိုးဖြစ်တဲ့ keratin တွေ စုပုံရာမှ ဖြစ်လာကြပါတယ်။ အများအားဖြင့် လက်သည်းထိန်းသိမ်းမှု မမှန်လို့ဖြစ်ပြီး စိတ်ပူဖို့မလိုပေမယ့် တစ်ခါတစ်ရံ ကြီးမားတဲ့ ကျန်းမာရေးပြဿနာတွေနှင့်လည်း ဆက်စပ်နေတတ်ပါတယ်။

ကျွတ်ဆတ်နေတာကို ဘယ်လို သိမလဲ။

-လက်သည်းလေးတွေရဲ့ အဆုံးတွေမှာ ကွဲကြောင်းတွေဖြစ်မယ်။

အဖတ်အဖတ်လိုမျိုး ကွာမယ်။

အလွယ်တကူ ကျိုးလွယ်၊ ပဲ့လွယ်မယ်။

ဒေါင်လိုက် အစဉ်းကြောင်းတွေ ပေါ်လာမယ်။

လက်သည်း ခြေသည်းအရှည် နှေးမယ်။

ဘာလို အချက်တွေက လက်သည်းခြေသည်း ကျွတ်ဆတ်တာကို ပိုဖြစ်စေဖို့ အားပေးသလဲ။

-အသက်ကြီးလာခြင်း

-ရေနှင့် ဓာတုပစ္စည်းများ မကြာခဏ ကြာရှည်စွာ ထိတွေ့ခြင်း

-လက်သည်းနီ ချွတ်ဆေးများ ကြာရှည်အသုံးလွန်ခြင်း အပြင်

-မှိုရောဂါများ

-လက်သည်းပါ ထိခိုက်နိုင်သော အရေပြားရောဂါများ (Lichen planus)

-သိုင်းရွိုက်ဟော်မုန်း နည်းလွန်း များလွန်းခြင်း

-Psoriasis

-အဆစ်ရောင်ခြင်း များကြောင့် လက်သည်းများကျွတ်ဆတ်ခြင်း ဖြစ်ပါတယ်။

လက်သည်းကျွတ်ဆတ်တာကို ဖြစ်စေဖို့ အားပေးတဲ့ အခြားအချက်တွေကတော့

–သံဓာတ်ချို့တဲ့တာ

–နေလောင်တာ

–အေးပြီး ခြောက်သွေ့တဲ့ ရာသီဥတုနဲ့ ကြာရှည်ထိတွေ့တာ

–လက်သည်းခြေသည်းတွေ ဒဏ်ရာခဏခဏ ရတာ

–လက်ခဏခဏ ဆေးလွန်းတာ

–လေတိုက်ခံတာ များလွန်းတာ

–လက်သည်းဆိုးဆေးအပါအဝင် ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှုများတာ တို့ဖြစ်ပါတယ်။

မဖြစ်အောင် ဘယ်လိုဆောင်ရွက်ကြမလဲ။

ရောဂါအခံ ရှိပါက ထိုရောဂါကို ကုသဖို့က နံပါတ် ၁ ပဲဖြစ်ပါတယ်။ အခြား ဆောင်ရွက်နိုင်တာတွေကတော့

*ရေ၊ ဓာတုပစ္စည်းများနှင့် ထိတွေ့ခြင်းကို လျော့ချပါ။ ကိုင်တွယ်ရမည်ဆိုလျှင် အကာအကွယ် တစ်ခုခုသုံးပါ။

*ရေဓာတ် လုံလောက်စွာ သောက်သုံးပါ။

*ရေဓာတ်ဖြည့်သော ခရင်၊ လိုရှင်း၊ moisturizer များသုံးပေးပါ။

*ပြင်းသော လက်သည်းချွတ်ဆေးများကို ရှောင်ကြဉ်ပါ။

*ပန်းဂေါ်ဖီစိမ်း (broccoli) မှ ရသော အဆီများ၊ ဗီတာမင် အီး တို့ကို လိမ်းပေးပါ။

*ဗီတာမင် ဘီ ၇ ဖြစ်သော ဘိုင်အိုတင် ပါတဲ့ အစားအစာတွေ စာသုံးပါ။ (ဥ၊ ကန်စွန်းဥ၊ ကြက်သွန်၊ ခရမ်းချဉ်သီး စသည်)

*လက်သည်းတုများ အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။

ဒေါက်တာချို(ဆေး ၁)