မဟုတ်တရုတ်နေရာမှာ ပေါက်တဲ့အနာ

ခေါင်းစဉ်မြင်လိုက်တာနဲ့ ဒါဟာသွေးစုနာမှန်း တန်းသိမယ်ထင်ပါတယ်။
ဆရာဝန်ပြရခက်တဲ့…. တင်ပါးလိုနေရာမှာမှ နီနီရဲရဲအနာဖုကြီးဖြစ်…..ကိုင်ကြည့်ရင် ထိုအဖုနဲ့တစ်ဝိုက်က ပူ…..နာကလည်း နာ…..ထိုင်မရ ထမရနဲ့…..အတော်လေးကို ဒုက္ခပေးတဲ့ ပြသနာရယ်ပါ။

သွေးစုနာဖြစ်ရခြင်းကတော့ တင်ပါးတစ်ဝိုက်မှာရှိတဲ့အမွှေးအိတ်လေးတွေကို ဘက်တီးရီးယားပိုးတစ်မျိုးဝင်တာကြောင့်ပါ။တင်ပါးအပါအဝင် အမွှေးအမျှင်ပေါက်တဲ့မည်သည့်နေရာမဆို ဖြစ်နိုင်ပါတယ်။တင်ပါးပေါက်တဲ့အခါ သွေးစုနာ၊ မျက်တောင်မွှေးလေးတွေကြားမှာပေါက်တော့ မျက်စိစွံ၊ ကျောပြင်မှာပေါက်တဲ့အခါ အနာပဆုပ်….စသဖြင့် အနာပေါက်တဲ့နေရာအပေါ်မူတည်ပြီး အခေါ်အဝေါ်လေးတွေကွဲပြားတာပေါ့။

သွေးစုနာဟာ နာလည်းနာ….နေရထိုင်ရ သွားရလာရတာလည်း အဆင်မပြေတဲ့ ပြသနာတစ်ခုဖြစ်တာကြောင့်….သင့်အနေနဲ့ သွေးစုနာပေါက်လာခဲ့သည်ရှိသော် အမြန်ဆုံး သက်သာပျောက်ကင်းစေရန်ငှာ အောက်ပါအချက်လေးတွေ လိုက်နာလုပ်ဆောင်နိုင်ပါတယ် :

၁) အနာတစ်ဝိုက်ကို ရေနွေးဝတ်ကပ်ပေးပါ။တစ်ခါကပ်လျှင် ၁၀မိနစ် -၁၅မိနစ်ကြာ ကပ်နိုင်ပြီး တစ်နေ့လျှင် ၃ကြိမ်-၄ကြိမ်ခန့် ကပ်နိုင်ပါတယ်။
ဒီနည်းလမ်းက နာကျင်ခြင်း သိသာစွာသက်သာစေပါတယ်။

၂)ပါရာစီတမော (သို့) Ibuptofenကဲ့သို့ အကိုက်အခဲပျောက်ဆေး သောက်န်ုင်ပါတယ်။

၃)အနာနှင့်တစ်ဝိုက်ကို သန့်သန့်ရှင်းရှင်းထားပါ။အနာကို ကုတ်ခြင်း၊ပွတ်ခြင်း၊ညှစ်ခြင်းများ မပြုလုပ်သင့်ပါ။

၎)ရေပုံမှန်ချိုးပါ။တစ်ကိုယ်ရည်သန့်ရှင်းရေး အလေးပေးပါ။

၅)အနာ သူ့အလိုအလျောက်ပေါက်သွားတဲ့အခါ ပိုးသတ်ထားသော ပတ်တီး(သို့)ဂွမ်းဖြင့် အုပ်ကာ စနစ်တကျ သန့်စင်ပါ။ ပြည်များမှတစ်ဆင့် ဘက်တီးရီးများ အခြားနေရာများသို့မပြန့်ပွားစေရန်ဖြစ်သည်။

၆)အထက်ပါနည်းလမ်းများဖြင့်မသက်သာပါက အချိန်မီ ဆေးခန်းပြရန်လိုအပ်ပါသည်။ဆရာဝန်အနေဖြင့် အနာအခြေအနေပေါ်မူတည်ပြီး ပိုးသတ်ဆေးပေးခြင်း (သို့) အနာကိုခွဲ၍ ပြည်ဖယ်ထုတ်ခြင်းဖြင့် ကုသပါလိမ့်မည်။

ပိုင်နီမေ