ကိုယ်ဝန် တတိယသုံးလပတ်တွင်သွေးဆင်းခဲ့လျှင်
မေမေအလောင်းအလျာတို့ရေ။ ကိုယ်ဝန်ဆောင်မိပြီဆိုရင် မိခင်လောင်းတိုင်းဟာ ကိုးလလွယ်ဆယ်လဖွားဆိုတဲ့အတိုင်း ကိုယ့်ရဲ့သားသားမီးမီးလေးတွေကို ဗိုက်ထဲမှာအကြာကြီးလုံလုံခြုံခြုံသိမ်းထားရင်း အရိပ်တကြည့်ကြည့်နဲ့ နေကြရတာပေါ့။ အကယ်၍များ ကိုယ်ကဂရုတစိုက်ထိန်းသိမ်းနေရင်းနဲ့ ကိုယ်ဝန်တတိယသုံးလပတ်မှာ သွေးဆင်းခဲ့ရင် မေမေအလောင်းအလျာတိုင်းကြောက်ကြမှာပေါ့နော်။ ဒီလိုမျိုးဖြစ်လာခဲ့ရင် တကယ်ကြောက်ဖို့ကောင်းသလား၊ ဘာဆက်လုပ်သင့်သလဲဆိုတာကို ပြောပြပါရစေ။

ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ကိုယ်ဝန်ဆောင်သည် ဆယ်ယောက်မှာတစ်ယောက်ဟာ ကိုယ်ဝန် တတိယသုံးလပတ်အတွင်း သွေးဆင်းတတ်ပါတယ်တဲ့။ ဒီလိုသွေးဆင်းတိုင်း ကြောက်စရာကောင်းတယ်လို့ မဆိုနိုင်ပေမယ့် ကိုယ့်ရဲ့မိသားစုဆရာဝန် သို့မဟုတ် သားဖွားအထူးကုနဲ့တော့ အမြန်တိုင်ပင်သင့်ပါတယ်။ ဘယ်အကြောင်းတွေကြောင့်သွေးဆင်းတတ်သလဲ ကြည့်ကြရအောင်နော်။

သွေးတစ်စက်စက်ကျတာလား။ သွေးရည်ဆင်းတာလား။
သွေးတစ်စက်စက်ကျတယ်ဆိုတာကတော့ ကိုယ်ဝန်ဆောင်မေမေရဲ့ အောက်ခံဘောင်းဘီမှာ သွေးစက်သွေးကွက်အနည်းငယ်စွန်းထင်းရုံ သွေးဆင်းတာကိုပြောတာပါ။ သွေးရည်ဆင်းတယ်ဆိုတာက အောက်ခံဘောင်းဘီစိုရွှဲအောင် သွေးဆင်းတာပေါ့။

သွေးဆင်းရတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။
ကိုယ်ဝန်ဆောင်နေပေမယ့် ကိုယ်တိုင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့လက်တွဲဖော်ဖြစ်ဖြစ် သွေးသားဆန္ဒကိုမလွန်ဆန်နိုင်တဲ့အခါမှာ အတူတူနေမိရင်လည်း သွေးဆင်းတတ်ပါတယ်။ ဒါမှမဟုတ် ကျန်းမာရေးစောင့်ရှောက်မှုခံယူတဲ့အခါ သားအိမ်အဝကို ဆရာဝန်ကစစ်ဆေးပြီးရင်လဲ သွေးအနည်းငယ်ဆင်းနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တဲ့အခါ အမျိုးသမီးအင်္ဂါဟာ သာမာန်အချိန်ထက်ပိုပြီးပိုးဝင်လွယ်ပါတယ်။ သားအိမ်အဝနဲ့ အမျိုးသမီးအင်္ဂါမှာ ပိုးဝင်တာဟာလည်း သွေးဆင်းရတဲ့အကြောင်းရင်းတစ်ရပ်ပါ။ အကယ်၍များ ကိုယ်ဝန်ဆောင်မေမေ့သားအိမ်မှာ အလုံးအကျိတ်ရှိနေခဲ့ရင်လည်း ဒီအလုံးအကျိတ်ပေါ်က သွေးကြောလေးတွေပေါက်တဲ့အတွက် သွေးဆင်းနိုင်ကြောင်းပြောပါရစေ။

ဒီအချက်တွေကတော့ သွေးတစ်စက်စက်ကျခြင်းမှ သွေးရည်အနည်းငယ်ဆင်းခြင်းအထိဖြစ်နိုင်တဲ့အကြောင်းအရာလေးတွေပါ။ အမျိုးသားနဲ့အတူနေမိလို့ပဲဖြစ်ဖြစ်၊ ဆရာဝန်ကစစ်ဆေးလို့ပဲဖြစ်ဖြစ် သွေးစက်ကျတာဟာ အန္တရာယ်ရှိနိုင်ခြေ နည်းပါတယ်။ ပိုးဝင်တယ်၊ အလုံးအကျိတ်ရှိတယ်ဆိုရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ အမြန်တိုင်ပင်သင့်ပါတယ်။ ဒီ့ထက်အရေးကြီးတဲ့အကြောင်းတွေကို ဆက်ပြီးဖော်ပြပါရစေ။

အချို့ကိုယ်ဝန်ဆောင်တွေမှာ အာထရာဆောင်းရိုက်တဲ့အခါ ဆရာမက အချင်းအောက်ရောက်နေတယ်လို့ပြောတတ်ပါတယ်။ ဆေးပညာအခေါ်အဝေါ်အနေနဲ့ Placenta Previa လို့ခေါ်ပါတယ်။ ဒီအခါမှာ အချင်းဟာ သားအိမ်နံရံနဲ့ဆက်စပ်ထားတဲ့နေရာကနေ ကွာလာတဲ့အခါ နာကျင်ခြင်းမရှိဘဲ သွေးအလွန်အကျွံဆင်းတတ်ပါတယ်။ အမေရော ကလေးအတွက်ပါ အသက်အန္တရာယ်ရှိနိုင်ပါတယ်။

အကယ်၍များ ကိုယ်ဝန်ဆောင်မေမေ့ဆီမှာ သွေးတိုးရောဂါရှိနေခဲ့ရင်၊ ဗိုက်ကိုထိခိုက်မိခြင်း၊ ချော်လဲခြင်းတို့ရှိခဲ့ရင်တော့ မွေးချိန်မတိုင်မီ အချင်းကွာကျခြင်း (Abruptio Placentae) ဖြစ်တတ်ပါတယ်။ အချင်းရဲ့အဓိကသွေးကြောတွေ ပေါက်သွားပြီး ရုတ်တရက်ဗိုက်အောင့်လာကာ သွေးသွန်ပြီး အမေနှင့်ကလေးကို ထိခိုက်စေနိုင်ပါတယ်။ ရုပ်ရှင်တွေထဲမှာ မင်းသမီးကကိုယ်ဝန်ရှိနေတဲ့အချိန် ချော်လဲတဲ့အခါ သွေးတွေဆင်းပြီးဆေးရုံရောက်၊ နောက်တော့ကလေးပျက်ကျသွားတယ်ဆိုတဲ့ ဇာတ်လမ်းဟာ Abruptio Placentae ပါပဲ။

ဘယ်အချိန်မှာကုသမှုခံယူသင့်သလဲ။
သွေးဆင်းပြီဆိုရင်တော့ အစက်အကွက်လောက်ဖြစ်ဖြစ်၊ များများဆင်းရင်ဖြစ်ဖြစ် သားဖွားမီးယပ်ဆရာဝန်နဲ့တိုင်ပင်ပြီး သင့်တော်ရာကုသမှုကိုအမြန်ဆုံးခံယူသင့်ပါတယ်။

အကယ်၍ ကိုယ်ဝန်က လစေ့နေပါပြီ၊ သွေးလည်းဆင်းတယ် ရေတွေလည်းအများကြီးဆင်းတယ်ဆိုရင်နော့ ရေမွှာပေါက်ပါပြီ မေမေအလောင်းအလျာတို့ရေ။ ဝမ်းသာစရာပါ။ မကြာခင်မှာ သားသားလေး သို့မဟုတ် မီးမီးလေးရဲ့မျက်နှာကို မြင်ရတော့မှာဖြစ်တဲ့အတွက် မိမိဗိုက်အပ်ထားတဲ့ဆေးရုံကိုသာ အမြန်ဆုံးသွားကြပါလို့တိုက်တွန်းပါရစေ။

မေတ္တာဖြင့်
စိုင်းမြတ်သူ